သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေး


 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေးစဉ်
Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေးစဉ်

ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။ ဆွေးနွေးပွဲမှာ O.P. Jindal Global တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen က ဦးဆောင်ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကိုအောင်အောင်က မေးမြန်းရာမှာတော့ သူက အခုလို စပြောပါတယ်။

Dr. Nehginpao Kipgen ။ ။ တချက်က မြန်မာစစ်အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ Agreement လုပ်တဲ့အတိုင်း ရိုဟင်ဂျာတို့ကို မြန်မာပြည်ပြန်ခေါ်သွားမလား။ ဒုတိယအချက်က အဲဒါမဖြစ်တော့ဘူးဆိုရင် ဘင်္ဂလားဒေ့ရှ်က Bhasan char ကျွန်းကို ပို့မလား လူသိန်းနဲ့ချီပြီး သူတို့ ရွှေ့မယ်လို့ ပြောတာလေ ။ တတိယအချက်ကတော့ ရိုဟင်ဂျာတို့ကိုတခြားနိုင်ငံ resettlement third country ပေါ့နော် အဲဒီ ၃ ခုကတော့ အလားအလာရှိနိုင်တယ် ဒါပေမယ့် ဘယ်ဟာဖြစ်မလဲဆိုတာ အာမခံပြောလို့မရဘူး။

ကိုအောင်အောင်။ ။ မြန်မာအစိုးရကနေပြီးတော့ တချို့ သူတို့ စိစစ်ပြီးသား ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်လို့ သူတို့ ပြောထားပါတယ်။ ဒါပေမယ့် လက်တွေ့အကောင်အထည်ပေါ်လာတာကို မတွေ့ရသေးပါဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။

Dr. Nehginpao Kipgen ။ ။အဓိက ၂ ခုရှိတယ်။ အဓိက Identity နဲ့ Citizenship ကိစ္စပေ့ါနော်။ ဥပမာ- ရိုဟင်ဂျာတွေက ပြန်သွားမယ်ဆိုရင် သူတို့တောင်းဆိုချက်အတိုင်း ရိုဟင်ဂျာကို အသိအမှတ်ပြုပေး ၊ အဲဒီအပြင် သူတို့ရဲ့ နိုင်ငံသားဖြစ်နိုင်တဲ့ဟာကို အာမခံပေးစေချင်တယ် မြန်မာအစိုးရကနေ။ ဒါပေမယ့် အခုအထိက သူတို့စဉ်းစားပေးမယ်ဆိုတာပဲရှိတယ်။ အာမခံချက်မရှိဘူး။ နောက်တခုက Security ကိစ္စပေါ့ ။ သူတို့ပြန်သွားရင် အရင်ကလို ပြဿနာပြန်ကြုံမလား ဆိုတဲ့ စိုးရိမ်စရာတွေလည်း ရှိသေးတယ်။

ကိုအောင်အောင်။ ။ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုပေးဖို့ဆိုတဲ့ ကိစ္စရော ဘယ်လောက်အလားအလာ ရှိနိုင်ပါသလဲ။

Dr. Nehginpao Kipgen ။ ။ရိုဟင်ဂျာနာမည်နဲ့ အသိအမှတ်မပြုရင်တောင်မှ ကျနော်ထင်တယ် ၊ အားလုံးမဟုတ်ရင်တောင် သူတို့ဘိုးဘွားကတည်းက မွေးတဲ့ ကျနော်တို့ရဲ့ မြန်မာဥပဒေအရ လက်ခံနိုင်တဲ့လူတွေ ရှိတယ်။ အဲဒါကြောင့် သူတို့ကို စနစ်တကျနဲ့ လုပ်ပေးမှ သူတို့ရဲ့ နိုင်ငံသားဖြစ်နိုင်တဲ့ အခွင့်အရေးရနိုင်တဲ့ လူတွေကို ပေးသင့်တယ်လို့ ကျနော်မြင်တယ် အားလုံးမဟုတ်ရင်တောင်မှနော်။

ကိုအောင်အောင်။ ။ Bhasan char ကျွန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရကနေပြီးတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပို့မှာပေါ့လေ။ သူတို့အနေနဲ့ကလည်း အဲဒီကို မသွားချင်ဘူး လို့ပြောတာရှိပါတယ်။ အဲဒီအလားအလာရော ဘာဆက်ဖြစ်နိုင်သလဲ။

Dr. Nehginpao Kipgen ။ ။လောလောဆည်အနေနဲ့ အတင်းအကျပ် သူတို့ကို သွားခိုင်းမယ် မထင်ဘူး။ သူတို့ကလည်း ပြောတယ် voluntary choice ဖြစ်ရမယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် လူသန်းကျော် တနေရာမှာနေတယ်ဆိုတာကတော့ အကြာကြီးနေလို့မရဘူး။ အဲဒါကြောင့် သူတို့အနေနဲ့ အဖြေတခုတော့ရှာရမယ်။ အခုလောလောဆည် မသွားချင်ရင်တောင်မှသွားမယ့်လူတွေကို ထောက်ပံ့ကြေးတွေ၊ သူတို့ လိုအပ်သမျှ ပေးပေးမယ်ဆိုရင် ကျနော်ထင်တယ် တချို့လူတွေက သွားချင်တဲ့ ဆန္ဒ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် အခုလောလောဆည်တော့ ဘာမှ အာမခံချက်ပေးလို့မရဘူး။ အဲဒီဟာထက် ကျနော်ခုနကပြောသလို ဘင်္ဂလားဒေ့ရှ်ကနေ တခြားနိုင်ငံတွေကို resettlement ကိစ္စပေ့ါနော် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ကျနော်ထင်တယ် နိုင်ငံတကာကို အကူအညီတောင်းလာမယ့် အခြေအနေမျိုးလည်း ရောက်လာမယ်လို့ ကျနော်မြင်တယ်။

ကိုအောင်အောင်။ ။ဒီလထဲမှာပဲ မြန်မာအစိုးရစစ်တပ်ကနေပြီးတော့ စုံစမ်းစစ်ဆေးရေး စစ်ခုံရုံးတခုဖွဲ့လိုက်တယ်။ ဆိုတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ဆိုတော့ ။ အဲလို ဖွဲ့လိုက်တယ်ဆိုတော့ သူတို့ဆီကနေ ဘယ်လိုထုတ်ပြန်ချက်တွေ ဘာတွေကို စုံစမ်းစစ်ဆေးမယ် ။ဘယ်လိုစုံစမ်းစစ်ဆေးချက်တွေ ထွက်လာမယ်လို့မျှော်လင့်ပါသလဲ။

Dr. Nehginpao Kipgen ။ ။ကျနော့်အနေနဲ့ကတော့ အဲဒါတွေက သိပ်မယုံဘူးလို့ ပြောရမယ် ဘာကြောင့်လဲဆိုတော့ ဒါက ပထမဦးဆုံးမဟုတ်တော့ဘူး အကြိမ်ကြိမ်လုပ်ပြီးသား ဒါပေမယ့် သူတို့မှာ သိပ်ဘာမှ အကောင်အထည်မပေါ်တာ။ အဓိက နိုင်ငံတကာက သိချင်တာက ရိုဟင်ဂျာတွေ ကို သူတို့နေရာပြန်သွားဖို့ ပြန်လာဖို့ အဲဒါအဓိက ၊ သူတို့စားဝတ်နေရေး၊ လုံခြုံရေး ၊ Identity အဲဒါတွေ သူတို့ကြားချင်တာ။ အခုအထိ အဲဒါတွေကို ကျနော်သိသလောက်ဆိုရင် ကော်မတီအမျိုးမျိုးဖွဲ့လိုက်တယ် ။ ကျနော့်အမြင်ဆိုတော့ ကျနော်မှားလည်းမှားနိုင်တယ် ။ ဒါပေမယ့် အဲဒီကော်မတီတွေက ကျနော်သိသလောက်မြင်သလောက်ဆိုရင် ဘာမှ သိပ်ထူးမယ်လို့ ကျနော်မထင်ဘူး။

အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen ကို ကိုအောင်အောင်က မေးမြန်းခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ဝါရှင်တန်မှာ ဆွေးနွေး
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG