သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bhashan Char ကျွန်း ပြောင်းမယ့်အရေး ရိုဟင်ဂျာဒုက္ခသည်တွေ ရတက်မအေး


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် Kutupalong ဒုက္ခသည်စခန်း ဈေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ပြန်လာစဉ် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် Kutupalong ဒုက္ခသည်စခန်း ဈေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ပြန်လာစဉ် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhashan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစဉ်အပေါ် ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ကြိုဆိုလိုက်ပေမဲ့၊ ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ဘယ်ဒုက္ခသည်ကမှ သူတို့အတွက် အသက်အန္တရာယ်ရှိတဲ့ ကျွန်းပေါ် မပြောင်းရွှေ့ကြလိုဘူးလို့ တုန့်ပြန် ပြောဆိုလိုက်ကြပါတယ်။ လိုအပ်တဲ့ အစားအသောက်နေထိုင်မှုတွေ စီစဉ်ထားပေးမယ်လို့ဆိုပေမဲ့ အသက်ဘေးရန်ကြောက်လို့ မြန်မာပြည်က ထွက်ပြေးလာကြတဲ့သူတို့အတွက် ဘေးထပ်ဖြစ်နိုင်မယ့် နေရာကို မသွားလိုကြသလို လူသားတဦးချင်းစီရဲ့ လူ့တန်ဖိုးကို လေးစားစေလိုပါတယ်လို့ ဆိုပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်က ထွက်ပြေးလာကြတဲ့ ခန့်မှန်းချေ ရိုဟင်ဂျာဒုက္ခသည် ၆ သိန်းလောက် ရှိနေပြီး၊ ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် ပြောဆိုနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်တွင်းက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ဦးရေ ထူထပ်လွန်းတဲ့အတွက် ဘင်္ဂလား ပင်လယ်အော်ထဲက Bhashan Char ကျွန်းကို ပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက တက်တက်ကြွကြွ စီစဉ်နေတဲ့အပေါ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး လက်ထောက် ကော်မရှင်နာမင်းကြီး Volker Turk က ကြိုဆိုလိုက်တာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေကိုယ်တိုင် ပြောင်းရွှေ့ဖို့ လိုလိုလားလား ဆန္ဒရှိဖို့ လိုအပ်သလို၊ နေထိုင် စားသောက်နိုင်တဲ့ အခြေအနေတွေ ရှိဖို့လိုအပ်ကြောင်းနဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်ကြောင်းလည်း ၅ ရက်ကြာ ခရီးစဉ် အဆုံးသတ်အဖြစ် မနေ့တုန်းကပဲ Dhaka မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အခုလို ကျွန်းပေါ်ရွှေ့ပေးမယ့် အစီအစဉ်ကို ကြိုဆိုကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး လက်ထောက် ကော်မရှင်နာမင်းကြီးရဲ့ ပြောဆိုချက်အပေါ်မှာတော့ ကုတုပလောင်နဲ့ ဘာလုခါလီ ဒုက္ခသည်စခန်းနေ ဒုက္ခသည်တချို့က ကန့်ကွက်ပြောဆိုလိုက်ပါတယ်။ ဒီကျွန်းဟာ သက်နုကျွန်းတခုဖြစ်သလို ရေလွှမ်းမိုးနိုင်တဲ့ အသက်အန္တရာယ်ရှိတယ်ဆိုတာ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် ကုလတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်စခန်းက တာဝန်ခံတွေ အကုန်သိနေကြပါတယ်လို့လည်း ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုမျိုးသန့်ကပြောပါတယ်။

"အဲ့ကျွန်းဘက်ကို ဘယ်သူမှ သွားမယ့် ဆန္ဒမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ဒီဒုက္ခသည်တွေရဲ့ ဘဝအာမခံချက် ဘာမှမရှိပါဘူး။ အဲ့ကျွန်းက မိုးရာသီမှာကို ရေလွှမ်းမယ်ဆိုရင် အဲ့ကျျွန်းက ရေလွှမ်းနိုင်တဲ့ ကျွန်းဖြစ်တဲ့အတွက်ကြောင့်မို့ ဘယ်ဒုက္ခသည်မှ အဲ့ဘက်ကို သွားဖို့ဆန္ဒ မရှိပါဘူး။ ဒီကုလသမဂ္ဂက ဒီဒုက္ခသည်တွေကို ပြောင်းရွှေ့မယ်ဆိုတာကို ကြိုဆိုတာက ဒီကုလသမဂ္ဂက ကျနော်တို့ ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာပြီးတော့ ပြောတာ မဖြစ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် အဲ့ကျွန်းက ဘယ်လိုမျိုးကျွန်းလည်းဆိုတာ အကုန်လုံး အားလုံး သိပါတယ်။ ဒီကုလသမဂ္ဂလည်း သိတယ်၊ နိုင်ငံတကာ NGO လည်းသိတယ်၊ ပြီးတော့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း သိပါတယ်၊ အဲ့ကျွန်းက ဘယ်လိုမျိုးကျွန်းဆိုတာ။"

မကြာသေးခင်ကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း မုတ်သုန်ရာသီမှာ ပြင်းထန်တဲ့ မုန်တိုင်းဒဏ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ နေရာကို ဒုက္ခသည်တွေ ပြောင်းရွှေ့မယ့် အစီအစဉ်အပေါ် စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားပါတယ်။ သူတို့ဟာ မြန်မာပြည်ကနေ အသက်ဘေး စိုးရိမ်လို့ ပြေးလာခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဖြစ်ပြီး လူသားချင်း စာနာသူတွေအနေနဲ့ လူသားတဦးချင်းစီရဲ့ လူ့အသက်တန်ဖိုးကို လေးစားပေးကြဖို့ကိုလည်း ရိုဟင်ဂျာဒုက္ခသည်ကိုမျိုးသန့်က မေတ္တာရပ်ခံပါတယ်။

"အဲ့ဒီ ကျွန်းကတော့ အန္တရာယ်ကြီးတယ် ဆိုတာ အကုန်လုံးသိတယ်။ သိပြီးတော့မှ ဒီဒုက္ခသည်တွေ အဲ့ဘက်ကို ပို့မယ်ဆိုတာကို ဒီကုလသမဂ္ဂက ကြိုဆိုတယ်လို့ဆိုရင် ဒါက ကျနော်တို့ လုံးဝလက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ ကျနော်တို့လည်း လူသားပါ ကျနော်တို့မှာလည်း လူသားဆိုတာ လူ့တန်ဖိုးဆိုတာ ရှိပါတယ်။ ကျနော်တို့အတွက် အစားအသောက်ဆိုတာ အဆင်သင့်ပေးမယ်ဆိုရင် ဒါက ကျနော်တို့က စားသောက်ဖို့တော့ လာတာမဟုတ်ပါဘူး။ ကျနော်တို့ ဒီဘက်ကို စားသောက်ဖို့ လာတာမဟုတ်ပါဘူး။ ကျနော်တို့ ဒီဘက်ကို အသက်အန္တရာယ်ကြောင့် ရောက်လာတာ။ ကျနော်တို့ ဒီဘက်ကို အသက်အန္တရာယ်ကြောင့်လာတာဆိုတာ သူတို့ သိတယ်။ ဒီလိုသူတို့ သိပြီးတော့တောင်မှ အဲ့ဒီမှာ အသက် အန္တရာယ်ရှိတဲ့နေရာကို ပြန်လည် ပို့မယ်ဆိုတာကတော့ ဒါကိုတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ ပြီးတော့ ဒီကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကို ကျနော်တို့ မေတ္တာရပ်ခံ ပြောချင်တာက ကျနော်တို့ အဲ့ဘက်ကို လုံး၀ သွားချင်တဲ့ ဆန္ဒမရှိပါဘူး ကျနော်တို့မှာ။"

ကျွန်းပေါ်ကို ပြောင်းရွှေ့ကြဖို့ ဒုက္ခသည်တွေကို နေ့စဉ်လိုလို ဒုက္ခသည် စခန်းတာဝန်ရှိသူတွေက တိုက်တွန်းမှုတွေ ရှိနေပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဘက်က ဘယ်သူ တဦးတယောက်မှ သွားလိုတဲ့ ဆန္ဒမရှိကြောင်း စခန်းတာဝန်ရှိသူတွေကို ဒုက္ခသည်ကိုယ်စားလှယ်တွေကနေ တဆင့် သဘောထား ပြောထားပြီး ဖြစ်ကြောင်းလည်း ကုတုပလောင် ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်ကပြောပါတယ်။

"ကျနော်တို့ Bhashan Char ကျွန်းကို သွားဖို့ ဆိုတာ ဒုက္ခသည်တွေမှာ လုံး၀ ဆန္ဒမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီ ကျွန်းနားမှာ ရေကြီးတဲ့ အန္တရာယ်လည်း ရှိသေးတယ်။ နောက်ပိုင်းမှာ ဆူနာမီတွေ ဘာတွေ တိုက်ခတ်လာမယ်ဆိုလို့ ရှိရင် အဲ့ဒီနေရာက အလွန်စိုးရိမ်စရာ အန္တရာယ်ထဲမှာ ရှိနိုင်တယ်။ အဲ့တာကြောင့်မို့ အဲ့ဒီကို သွားဖို့ဆိုတာ ဆန္ဒလုံး၀ မရှိပါဘူး ခင်ဗျာ။ သူတို့ ဧပြီလမှာ သူတို့ ရွှေ့ပြောင်းမယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာရှိတဲ့ ကမ့်စခန်းတာဝန်ခံပေါ့ အဲ့ဒီ ကမ့်တာဝန်ခံက ဒုက္ခသည် ခေါင်းဆောင်များကို ပြန်ခေါ်ပြီးတော့ အဲ့ဒီရုံးမှာ သူတို့က ကြည့်ရှုတာတို့ဘာတို့ ရှိသေးတယ်။ ဒါပေမဲ့ အဲ့ဒီကျွန်းမှာ Bhashan Char ကျွန်းမှာ လုံး၀ အဲ့ဒီ့မှာသွားနေဆိုလို့ရှိရင် ဘာမှ ပြဿနာဆိုတာလည်း မရှိဘူး။ အဲ့ဒီမှာ ခင်ဗျားတို့ သွားနိုင်တယ် ပြောတယ်။ ဒါမဲ့ အဲ့ဒီမှာ လုံလုံခြုံခြုံ နေနိုင်တယ်ဆိုပြီးတော့ သူတို့က ဆေးကုတာတွေဘာတွေ ရှိသေးတယ်။ ဒါပေမဲ့ ကျနော်တို့ ဒုက္ခသည်တွေဘက်က အဲ့ဒီဟာကို တုန့်ပြန်လိုက်တာက ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီ Bhashan Char ကျွန်းကို သွားဖို့ ဆိုလို့ရှိရင် ကျနော်တို့ ဒုက္ခသည်တွေက စိုးရိမ်တယ် သွားဖို့ ဆန္ဒမရှိပါဘူးလို့ သူတို့ကို အဲ့လိုမျိုး ပြောသွားတာရှိတယ်။"

Cox’s Bazar ဒေသခံ အာဏာပိုင်တယောက်ကတော့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိတဲ့ ဒုက္ခသည်တွေကို စာရင်းကောက်ဖို့ စီစဉ်နေတယ်လို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားကြောင်း AFP သတင်းက ဖော်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူတဦးကတော့ ဆောက်လုပ်ရေးလုပ်ငန်း အများစု ပြီးဆုံးပြီဖြစ်တဲ့အတွက် ရှေ့လထဲမှာ ဒုက္ခသည်တွေကို စတင်ပြောင်းရွှေ့ဖို့ စီစဉ်ထားကြောင်း ပြောဆိုထားတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Bhashan Char ကျွန်းဟာ လွန်ခဲ့တဲ့ နှစ်(၂၀) ကမှ MEGHNA မြစ်ဝမှာ နုန်းအနယ်ကျပြီးပေါ်လာတဲ့ ကျွန်းဖြစ်ပါတယ်။ အခုထိလည်း ရေတက်ချိန်ဆိုရင် ကျွန်းရဲ့ နေရာတချို့ဟာ ရေအောက်မြှုပ်နေတာပါ။ အဲဒီကျွန်းတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အဆောက်အအုံပေါင်း ၁၅၀၀နီးပါး ဆောက်လုပ်ထားပြီး အဲဒီမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားဖို့ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၈ နှစ် အစပိုင်းကစပြီး လမ်းတွေဖေါက်တာ အဆောက်အအုံတွေ တည်ဆောက်တာနဲ့ ရေကာတံတိုင်းတွေ ဆောက်လုပ်မှုတွေအတွက် ဒေါ်လာသန်းပေါင်း ၃၀၀နီးပါး သုံးစွဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG