သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rohingya ဒုက္ခသည်တွေ Bhashan Char ကျွန်းကို မပြောင်းလို


ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar နားက Nauapara ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန်ပေးဝေမှုကို စောင့်နေကြစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)
ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox's Bazar နားက Nauapara ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန်ပေးဝေမှုကို စောင့်နေကြစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသက ဖြစ်ပွားတဲ့ လူမျိုးရေး ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က ကျွန်းတကျွန်းကို ပို့ပေးဖို့ အစီအစဉ်တွေကို သဘောမတူကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောတယ်လို့ ဂျာမနီက Deutsche Welle သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

Bhashan Char ကျွန်းဟာ လွန်ခဲ့တဲ့ နှစ်(၂၀)ကမှ MEGHNA မြစ်ဝမှာ နုန်းအနယ်ကျပြီးပေါ်လာတဲ့ ကျွန်းဖြစ်ပါတယ်။ အခုထိလည်း ရေတက်ချိန်ဆိုရင် ကျွန်းရဲ့ နေရာတချို့ဟာ ရေအောက်မြုပ်နေတာပါ။ အဲဒီကျွန်းတွေပေါ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အဆောက်အအုံပေါင်း ၁၅၀၀နီးပါး ဆောက်လုပ်ထားပြီး အဲဒီမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချထားဖို့ဖြစ်ပါတယ်။

သူတို့ဟာ ၂၀၁၈နှစ်အစပိုင်းကစပြီး လမ်းတွေဖေါက်တာ အဆောက်အအုံတွေတည်ဆောက်တာနဲ့ ရေကာတံတိုင်းတွေ ဆောက်လုပ်မှုတွေအတွက် ဒေါ်လာသန်းပေါင်း ၃၀၀နီးပါး သုံးစွဲခဲ့ပါတယ်။ တကယ်တမ်းဆိုရင် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသက ဆိုင်ကလုံးဒဏ်ခံရလေ့ရှိပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်း သေဆုံးသူ သိန်းနဲ့ ချီရှိခဲ့ပါတယ်။

အခုတော့ ဒီကျွန်းလေးပေါ်မှာ အစိုးရက ၈မိုင်အရှည်ရှိတဲ့ ရေကာ တံတိုင်းတွေတည်ဆောက်ထားပြီး ဒီတံတိုင်းက မုန်တိုင်းတိုက်လို့ တက်လာမယ့် ဒီရေကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ ဒီကျွန်းပေါ်ကို မပြောင်းချင်ဘဲ အတင်းအဓမ္မ ပြောင်းခိုင်းရင် ဆန္ဒပြမယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် တချို့ကတော့ မြန်မာနိုင်ငံက သူတို့အတွက် လုံခြုံရေး အာမခံချက်မပေးဘူးဆိုရင်တော့ ဒီကျွန်းပေါ်မှာပဲ သွားနေချင်ပါတယ်လို့ ပြောနေတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ဘယ်သူတွေ ဘာပဲ ပြောနေနေ ဒီကျွန်းပေါ်ဒုက္ခသည်တွေ ရွှေ့ပြောင်းနေရာချထားရေးအတွက် ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။"ဒါပေမယ့်လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရန်ဟီးလီကိုယ်တိုင် ဒီကျွန်းကိုသွားကြည့်ခဲ့ပြီး ဒီကျွန်းဟာ လူနေဖို့သင့်တော်လို့ မယူဆဘူးလို့ဆိုပါတယ်။ အလားတူပဲ အဲဒီကျွန်းကို ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်သတင်းထောက်ကလည်း ပြောခဲ့တာပါ။ ဖောက်ထားတဲ့ လမ်းတချို့တောင် ရေတက်လာရင် ရေအောက် ရောက်သွားတယ်လို့ သူကဆိုပါတယ်။"

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG