ကမ္ဘာပေါ်က သန်းပေါင်းများစွာသော ပြည်သူတွေဟာ နိုင်ငံမဲ့ဖြစ်နေကြပြီး အဲဒီထဲမှာ ပါလက်စတိုင်း လူမျိုးတွေပြီးရင် ရိုဟင်ဂျာ လူနည်းစုက ဒုတိယ အများဆုံးဖြစ်ပြီး အခြေအနေတွေဟာ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂ လူနည်းစုဆိုင်ရာ အထူးစုံစမ်းရေးမှူးက ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသား ခံယူခွင့်နဲ့ ပတ်သက်ပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဥပဒေအရ လိုက်နာဆောင်ရွက်ခွင့် ရှိတယ်လို့ မြန်မာကိုယ်စားလှယ်က တုန့်ပြန်ဆွေးနွေးခဲ့ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
ကမ္ဘာပေါ်မှာ တချို့သောလူနည်းစု မျိုးနွယ်တွေဟာ နိုင်ငံတခုခုရဲ့ နိုင်ငံသားဖြစ်ခွင့် မရတာကြောင့် နိုင်ငံမဲ့ဖြစ်နေရပြီး ဒီလို နိုင်ငံမဲ့တွေရဲ့ အရေးကို ကမ္ဘာ့နိုင်ငံ အစိုးရတွေကရော၊ လူမှုအဖွဲ့အစည်းတွေကပါ အလေးထား ကူညီဆောင်ရွက်ဖို့ လိုနေပြီလို့ မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ အကြိမ် ၄၀မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံရဲ့ လူနည်းစုဆိုင်ရာ သီးသန့်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူနည်းစုဆိုင်ရာ အထူးစုံစမ်းရေးမှူး Mr. Fernand de Varennes က ပြောသွားပါတယ်။
“ ကျနော့်ရဲ့ ပထမ အစီရင်ခံစာကို ဖြည့်စွက်ပြီး ဒီကနေ့ တင်ပြမယ့် အကြောင်းကတော့ လူနည်းစုတွေ အရေးမှာ နိုင်ငံမဲ့ဖြစ်လာကြမယ့် လူတွေရဲ့ ပြသနာဖြစ်ပါတယ်။ ၂၀၁၉ မှာ နိုင်ငံတကာ လူ့အဖွဲ့အစည်း အနေနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြေရှင်းပေးဖို့ ကြိုးပမ်းမှု ပျက်ကွက်မယ်ဆိုရင် လူသန်းပေါင်းများစွာ နိုင်ငံမဲ့ ဖြစ်လာမယ့် အလားအလာ ရှိနေပါတယ်။ ”
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့ ဖြစ်လာနိုင်မယ့် လူနည်းစုတွေအနက် ရိုဟင်ဂျာတွေဟာ ဒုတိယ အများဆုံးဖြစ်တယ်လို့လည်း အထူးစုံစမ်းရေးမှူး Mr. Varennes က ပြောပါတယ်။
“ ကမ္ဘာ့ရဲ့ နေရာတိုင်းမှာ လူနည်းစုတွေဟာ နိုင်ငံသားခံယူခွင့် မရရှိကြတဲ့ အခြေအနေကြောင့် ပစ်မှတ်ထား ခံနေကြရပါတယ်။ နိုင်ငံမဲ့တွေထဲမှာ ပါလက်စတိုင်းသားတွေဟာ အများဆုံးဖြစ်ပြီး အာရှမှာ အများဆုံးနိုင်ငံမဲ့ ကတော့ ရိုဟင်ဂျာတွေပဲ ဖြစ်ပါတယ်။ ”
အိန္ဒိယနိုင်ငံ အာသံပြည်မှာ ဘင်္ဂါလီ သန်းပေါင်းများစွာဟာလည်း နိုင်ငံမဲ့ ဖြစ်ကြရမယ့် အခြေအနေရှိနေပါတယ်။ အကယ်၍ အဲဒီလူတွေသာ နိုင်ငံမဲ့ဖြစ်သွားခဲ့ရင် ရိုဟင်ဂျာဦးရေထက် ပိုများလာဖွယ် ရှိနေပါတယ်။ ဥရောပမှာဆိုရင်လည်း ဘောလတစ်ပြည်နယ်မှာရှိတဲ့ ရုရှားလူနည်းစုက နိုင်ငမဲ့ ဖြစ်ပြီး အမေရိကတိုက် နိုင်ငံတွေမှာတော့ ဒိုမေနီကန်ပြည်ထောင်စုမှာ ဟေတီမျိုးနွယ်စုတွေက နိုင်ငံမဲ့ ဖြစ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားခံယူခွင့်နဲ့ ပတ်သက်လို့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဥပဒေအရ လိုက်နာဆောင်ရွက်ခွင့် ရှိပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါ်ဒယ်ဘရာညီက တုန့်ပြန်ဆွေးနွေးသွားပါတယ်။
“နိုင်ငံသား ခံယူခွင့်နဲ့ပတ်သက်လို့ နိုင်ငံတိုင်း အနေနဲ့ သက်ဆိုင်ရာ ဥပဒေတွေ ရှိကြပါတယ်။ နိုင်ငံသားခံယူခွင့်နဲ့ နိုင်ငံသား ခံယူခွင့် ဘယ်လို စိစစ်မလဲဆိုတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ ဥပဒေကို လေးစား လိုက်နာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၂ ခု နိုင်ငံသားခံယူခွင့် ဥပဒေကို ပြဌာန်း ကျင့်သုံးနေတဲ့အတိုင်း ဒီဥပဒေကို ပြင်ဆင်ခွင့်ဟာလည်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်အရ မြန်မာနိုင်ငံရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံရဲ့ ပြည်သူလူထု ဆန္ဒအပေါ်မှာလည်း မူတည်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုး နေထိုင်ရာဖြစ်သလို ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း နိုင်ငံသားတိုင်းကို တိုင်းရင်းသား လူမျိုး၊ ကိုးကွယ်ရာ ဘာသာမခွဲခြားဘဲ အများနည်းတူ အခွင့်အရေး ပေးထားပါတယ်။ ”
ရိုဟင်ဂျာ လူနည်းစုကို မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်မပြုတာက ဘင်္ဂလားနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေတယ်လို့ ဘင်္ဂလားဒေ့ရှ် သံကိုယ်စားလှယ် Mr. Faiyaz Murshid Kazi က ဂျနီဗာမှာ ခုလို ပြောသွားပါတယ်။
“ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေ အပေါ် အကွက်ကျကျ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရဲ့ အကျိုးဆက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရင်ဆိုင်ခဲ့ရပါတယ်။ လူမျိုးရေး ဘာသာရေးနဲ့ ဘာသာစကားအပေါ် အခြေခံပြီး ချိုးဖေါက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ခွဲခြား ဆက်ဆံတဲ့ မူဝါဒနဲ့ လုပ်ရပ်တွေကို မပြောင်းလဲသ၍ အထူးသဖြင့် အငြင်းပွားဖွယ် နိုင်ငံသားဥပဒေကို မပြင်ဆင်သ၍ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ တရားမျှတ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေတရပ် ရရှိအောင် ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်လာကြတဲ့ ရိုဟင်ဂျာ (၁)သန်းလောက်ဟာ ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေကြုံခဲ့ရသလို လူသားခြင်း စာနာမှုဆိုင်ရာ အကြပ်ဘေးနဲ့လည်း ရင်ဆိုင်ခဲ့ရကြောင်း ကုလလူနည်းစုဆိုင်ရာ အထူးစုံစမ်းရေးမှူး Mr. Varennes ကပြောပါတယ်။ နိုင်ငံမဲ့ဖြစ်နေကြတာက ပထမအချက်လို့ ဆိုနိုင်ပေမယ့် အဲဒီ အထဲမှာ လူနည်းစု မျိုးနွယ်ဖြစ်နေတာက အဓိကကျတဲ့ အကြောင်းရင်းဖြစ်ကြောင်း သူက ထောက်ပြပါတယ်။
ကမ္ဘာပေါ်မှာ နိုင်ငံမဲ့လူဦးရေ (၁၀)သန်းလောက် ရှိတဲ့အထဲမှာ ၄ပုံ ၃ပုံဖြစ်တဲ့ ၇ သန်းခွဲလောက်က လူနည်းစု မျိုးနွယ်ဖြစ်နေတဲ့ ကိစ္စကြောင့် နိုင်ငံမဲ့ဖြစ်နေရကြောင်း၊ အကျိုးဆက်အနေနဲ့ အဲဒီနိုင်ငံမဲ့တွေရဲ့ သားသမီးတွေနဲ့ သူတို့က မွေးလာမယ့် မျိုးဆက်တွေဟာ စိတ်ပျက် ဝမ်းနည်းဖွယ် အခြေနေဆိုးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ကုလအထူးစုံစမ်းရေးမှူး Mr. Varennes ကပြောပါတယ်။
နိုင်ငံတခုခုရဲ့ နိုင်ငံသား မဟုတ်ဘူးဆိုရင် အဲဒီလူတွေဟာ လူဖြစ်နေပါလျက်နဲ့ အခွင့်အရေး ပျောက်ဆုံးနေမှာဖြစ်ကြောင်း၊ နိုင်ငံမဲ့ဖြစ်နေကြတဲ့ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူတွေ၊ ဒုက္ခသည်တွေနဲ့ လူနည်းစု မျိုးနွယ်တွေဟာ သူ့တု့ိအရေးကိစ္စကို အစိုးရတွေက ထည့်သွင်း စဉ်းစားလေ့ မရှိသလို၊ ခွဲခြားဆက်ဆံတာ ခံရတယ်လို့ Mr. Varennes ကရှင်းပြပါတယ်။ ဒါ့အပြင် နိုင်ငံသား မဟုတ်တဲ့အတွက် သူတို့နစ်နာနေတဲ့ အခွင့်အရေးအတွက် တင်ပြတောင်းဆိုပိုင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။
နောက်ဆက်တွဲအဖြစ် သူတို့ရဲ့ နောင်မျိုးဆက်တွေဟာ ဆင်းရဲဒုက္ခနဲ့အတူ မျှော်လင့်ချက် ပျောက်ဆုံးနေသူတွေအဖြစ် ရှင်သန်နေရမှာဖြစ်ပြီး လူအများစုက လူ့အခွင့်အရေးလို့ တိုက်တွန်းတောင်းဆို နေတာနဲ့ အညီ ဒီလက်တွေ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ လိုကြောင်း သူက တိုက်တွန်း သွားပါတယ်။