သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ အိန္ဒိယဆုံးဖြတ်ချက် ကုလဝေဖန်


ရိုဟင်ဂျာ ဒုက္ခသည်များ (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)
ရိုဟင်ဂျာ ဒုက္ခသည်များ (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)

ရိုဟင်ဂျာ မူဆလင်တွေကို နေရပ်ရင်း ပြန်ပို့မယ့် အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေ ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ လူမျိုးရေး ဘာသာရေးအရ တိုက်ခိုက်မှုတွေ၊ လက်တုံ့ပြန်မှုတွေနဲ့ အရေးယူခံရမယ့် အန္တရာယ်တွေ ရှိနေတဲ့ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေ ပြန်ပို့နေတဲ့ အိန္ဒိယအစိုးရအပေါ် စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၅ ယောက်က မနေ့တုန်းကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

တရားဝင် အထောက်အထား မရှိပဲ အိန္ဒိယနိုင်ငံကို ရောက်လာသူတွေအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ဖခင်ဖြစ်သူနဲ့ ကလေး ၂ ယောက်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တဲ့ အပေါ် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေက ရှုတ်ချခဲ့ကြသလို၊ နောက်ထပ် အလားတူ ပို့ဆောင်တာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အခုနောက်ဆုံး ပြန်ပို့ခံရသူ ၃ ယောက်ရဲ့ ကျန်မိသားစုဝင် ၅ ယောက်ဟာလည်း ဒီနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ အိန္ဒိယ အာဏာပိုင်တွေက သီးခြားခွဲထုတ်ပြီး၊ အတင်းအကျပ် နေရပ် ပြန်ပို့ခံခဲ့ရကြောင်း ကြေညာချက်မှာ ဖော်ပြထားတာပါ။

အိန္ဒိယ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒမပါပဲ နေရပ်ပြန်မပိ့ုဖို့ နိုင်ငံတကာမှာ လိုက်နာရတဲ့ အစဉ်အလာကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ အရာရှိတွေက ပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာတွေကို အချိန်ကာလ အတိအကျမရှိပဲ ထိန်းသိမ်းထားတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

အိန္ဒိယအစိုးရကတော့ နိုင်ငံတွင်းမှာ တရားမဝင် ရောက်နေသူတွေကို ဖမ်းဆီးအရေးယူမယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် ရိုဟင်ဂျာ မူဆလင်တွေကိုပါ ဖမ်းဆီးပြီး၊ မြန်မာအာဏာပိုင်တွေထံ လွဲှပြောင်းပေးနေတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတွေအဖြစ် စိစစ်အတည်ပြုနိုင်ရင် ပြန်လည် လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG