အမျိုးသမီးအများစုပါဝင်တဲ့ ရိုဟင်ဂျာမူဆလင် ဒါဇင်နဲ့ချီ မလေးရှားနိုင်ငံကို လှေနဲ့ လူမှောင်ခိုကူးခံရမယ့်အရေးကို ဘင်္ဂလားဒေ့ရှ်ရဲက တားဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
Cox’s Bazar ဒုက္ခသည်စခန်းက အနည်းဆုံး လူ ၆၉ ယောက်ကို တခြားရိုဟင်ဂျာတွေ သွားနှင့်ပြီးတဲ့ မလေးရှားနိုင်ငံမှာ အလုပ်ပေးမယ်လို့ ကတိပေးပြီး လူမှောင်ခိုကူးသူတွေက ခေါ်လာကြောင်း ရဲက ပြောပါတယ်။
ဒီလို လှေနဲ့ လူမှောင်ခိုကူးမယ်ဆိုတဲ့ လျှို့ဝှက်သတင်းရရှိတဲ့အတွက် အမျိုးသမီး ၄၃ ယောက် နဲ့ ကလေး ၁၁ ယောက် အပါအ၀င် ရိုဟင်ဂျာတွေကို သွားရောက် ကယ်ဆယ်ခဲ့ပြီး ဒုက္ခသည်စခန်းတွေကို ပြန်ပို့ပေးမှာ ဖြစ်ကြောင်း ရဲဝန်ထမ်း Abdul Khair က ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မလေးရှားနိုင်ငံကို လှေနဲ့ သွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ဦးရေ သိသိသာသာတိုးလာကြောင်း ရဲက ပြောပါတယ်။
၂၀၁၅ ခုနှစ် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနောက်ပိုင်း လှေစီးပြေးဒုက္ခသည်တွေ မလေးရှားနိုင်ငံကို တသုတ်လိုက် ထပ်ရောက်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ကပလီပင်လယ်ပြင်ကို ဖြတ်ပြီး ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားခဲ့တဲ့ ရိုဟင်ဂျာ ၂၅,၀၀၀ လောက်ရှိပြီး ပြည့်ကျပ်သိပ်နေတဲ့လှေတွေ မှောက်တဲ့အတွက် လူအတော်များများလည်း ရေနစ်သေဆုံးကြရပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ်က ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဆိုပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေကြောင်း ပြောဆိုနေတာပါ။