သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အပေါ် အကူအညီဖြတ်ဖို့ ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ တိုက်တွန်း


မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဘဏ္ဍာရေးနဲ့ အကူအညီတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု မတွေ့ရတဲ့အတွက် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFM က ဒီနေ့ပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်အပေါ် တုံ့ပြန်ချက်တွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ မတွေ့ရတဲ့ အပြင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် အခြေအနေတွေ ပိုဆိုးလာနေ တဲ့အတွက် မြန်မာစစ်တပ်ကို ဖိအားပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFM က ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက် အပေါ်မှာတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက လက်မခံနိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

“သူတို့ကတော့ သူတို့ဘက်က တဖက်သတ်အမြင်နဲ့ ပြောဆိုလုပ်ကိုင်တာလို့ ကျနော်တို့ ယူဆပါတယ်။ Fact Finding Mission နဲ့ ပတ်သက်ပြီးတော့ အစိုးရကလည်း လက်မခံတဲ့ အကြောင်း တရားဝင်ပြောထားပြီးသားဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါကတော့ သူတို့ တဖက်သတ်ရေး၊ တဖက်သတ်ပြော တဲ့အချက်တွေကတော့ ကျနော်တို့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ကတော့ ကိုယ့်အချုပ်အခြာအာဏာနဲ့ကိုယ် ဒီဘက်က လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းအရာမှန်သမျှ ကျနော်တို့ လုပ်ပြီးပြီ။ ကျနော်တို့ ကျူးလွန် တာ ရှိတယ် ၊ မရှိဘူးဆိုတာလည်း ကျနော်တို့ကို အထောက်အထားနဲ့ပြော ကျနော်တို့ စုံစမ်း ပေးမယ် ဖော်ထုတ်ပေးမယ်။ လက်ရှိမှာလည်း ကျနော်တို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေဖွဲ့ပြီးတော့ စိစစ်ဆောင်ရွက်နေတာတွေရှိတယ် ။ အစိုးရဘက်ကလည်း လုပ်နေ တာတွေ ရှိတယ်။ အဲဒီတော့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုတော့ ကျန်တဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတိုင်းကတော့ လေးစားလိုက်နာဖို့ လိုမှာဖြစ်ပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ UNFFM ကတော့ မြန်မာ စစ်တပ်အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဘဏ္ဍာရေးနဲ့ အကူအညီတွေ ဖြတ်တောက်ပြီး ဝိုင်းပယ်ကြဖို့ တိုက်တွန်းထားတာပါ။ မြန်မာစစ်တပ်အပေါ် ဖိအားပေးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေချိန်မှာတော့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံ တကာနဲ့ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံး ဖြစ်မယ်လို့လည်းကွယ်လွန်သူ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က အကြံပြုပါတယ်။

“ကျနော်အကြံပေးချင်တာကတော့လေ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် ပိုကောင်း ပါတယ်။ တပ်မတော်ဘက်ကလည်း ကျနော်သိသလောက်က စုံစမ်းရေးအဖွဲ့တွေလည်း ဖွဲ့ထားတယ်။ အရင်တုန်းကလို ဘူး ခါပြီး မငြင်းဘူးလေ။ ဆိုတော့ ဒါက ဖြစ်ချင်လည်း ဖြစ်နိုင်တဲ့အကြောင်းရှိတဲ့အတွက် စုံစမ်းမယ်လို့ ပြောထားတဲ့အတွက် ။ ဒါပေမယ့်လည်း အဲဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက စိုးရိမ်ဖွယ်ရာအခြေအနေတွေရှိလို့ ကျနော်တို့ ကိုဖီအာနန် ကော်မရှင်မှာလည်းပဲ လွတ်လပ်တဲ့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုလိုအပ်တယ်လို့ ပြောထားတယ်။ ဘယ်က စုံစမ်းဖို့ ဘယ်လို စုံစမ်းဖို့ မပြောပေမယ့်လည်း စုံစမ်းစစ်ဆေးမှု လိုအပ်တယ်ဆိုတာလေးကိုတော့ အကြံပြုခဲ့ပါတယ်။ ဒီဘက်ကလည်း ပူးပေါင်း ဆောင် ရွက်နိုင်မယ်ဆိုရင် ကျနော်တို့ ဒီဟာက အဖြေမှန်တခုကို ရသွားနိုင်တယ်။ နောက်တခါ constructive engagement ပေါ့လေ၊ ဒီလို အဝေးကနေ လှမ်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်နေမယ့်အစား ထိတွေ့ဆက်ဆံပြီးတော့ ပြောင်းလဲမှုတွေရအောင် လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ လက်တွေ့ကျမယ်လို့ ထင်ပါတယ်ခင်ဗျ။”

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ကြေညာချက်မှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အပေါ် ရန်ပုံငွေအကူအညီနဲ့ တခြား အထောက် အပံ့တွေ ဖြတ်တောက်ပစ်ဖို့ တာဝန်ရှိတဲ့ တပ်မှူးတွေကို စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းမှုဆိုင်ရာ ရာဇဝတ်မှုတွေအတွက် ယုံကြည်ကိုးစားရတဲ့ တရားရုံးမှာ စစ်ဆေး စီရင်ဖို့လည်း တိုက်တွန်းထားပါတယ်။ မြန်မာ့ အရေး အကဲခတ် ဒေါက်တာခင်ဇော်ဝင်း ကတော့ ဒီလိုဖိအားတွေကြားမှာ မြန်မာတာဝန်ရှိ သူတွေ အနေနဲ့ နိုင်ငံတကာက လက်ခံလာအောင် ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေ ပြီလို့ သုံးသပ်ပါတယ်။

“အခုဟာက မြန်မာပြည်အနာဂတ်အတွက် ဆုံးဖြတ်ချက် ကာလတခုကို ရောက်နေပြီလေ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုပြစ်မှုတွေကျူးလွန်ထားတဲ့နေရာမျိုးမှာမှ ထိထိရောက်ရောက် အရေးမယူဘူးဆိုရင်တော့ သွားပြီ ။ တိုတိုပြောမယ်ဆိုရင် FFM က အားလုံးမဟုတ်သည့် တိုင်အောင် ပုဂ္ဂိုလ် တယောက်ယောက်နဲ့ မြန်မာပြည်ဘက်က ခေါင်းဆောင်တွေ တွေ့ဖို့ လိုတယ်။ ရိုဟင်ဂျာကိစ္စမဖြစ်ခင်တုန်းကဆိုရင် ဂျာမဏီကတောင်မှ စစ်တပ်က လူတွေ ဖိတ်ပြီးတော့ လိုက်ပြနေတာပဲလေ။ ဆိုတော့ ဒါမျိုးတွေက အဲဒီတုန်းကလည်း စစ်တပ်က ပွင့်လာအောင်ပေ့ါလေ။ ဆိုတော့ အခုဟာက ထောက်ပံ့ရေးလမ်းကြောင်းဆိုရင် ဒါတွေပါ ပါသွားနိုင်တယ်။ အိန္ဒိယက အရမ်းကို လုပ်နေတာ အခုတောင်မှ လာမယ့် ၂၇ ရက်ကျရင် အိန္ဒိယစစ်သဘောၤတစင်းလာမယ်။ သူတို့ကလည်း တရုတ်နဲ့ ပြိုင်နေရတော့ မှန်မှန်လာနေ တာနဲ့ တူပါတယ်။ အနီးတဝိုက်က ခင်မင်ရင်းနှီးတဲ့ နိုင်ငံတွေရော အဝေးက ရော ဒါတွေ အားလုံးပြန်ပြီးတော့ စဉ်းစားရမယ် ဒီကိစ္စက တော်တော်လေးကို ကျယ်ပြန့်တယ်။ ထိလည်း ထိရောက်တယ်လို့ ပြောရမှာပေ့ါလေနော်။”

၂၀၁၇ သြဂုတ်လတုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက် အဖွဲ့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံ ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူး လွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားတာပါ။ မြန်မာစစ်တပ်နဲ့ အစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံ မထားသလို နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာမရှိကြောင်းလည်း ငြင်းဆန်ထားပြီး၊ ကျူးလွန်သူတွေကို အရေးယူခဲ့တာတွေ ရှိခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG