ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တဲ့အထိ မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ ကျူးလွန်မှုတွေအတွက် ထိပ်ပိုင်း စစ်ခေါင်းဆောင်တဦးချင်းစီကို ပစ်မှတ်ထား အရေးယူဖို့အပါအ၀င် ICC နဲ့ နိုင်ငံတကာ တရားရုံးတို့ကနေ ကိုင်တွယ်စီရင်နိုင်ရေး လုံခြုံရေးကောင်စီအနေနဲ့ ဆောင်ရွက်ဖို့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Marzuki Darusman က တိုက်တွန်းလိုက်ပါတယ်။
ဒါအပြင် ကုလသမဂ္ဂပါဝင်တဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုကို လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ Marzuki Darusman တင်ပြခဲ့တဲ့အချက်တွေကို မအင်ကြင်းနိုင်က ကောက်နုတ်ပြောပြမှာပါ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အစီရင်ခံစာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ မနေ့က ကြားနာခဲ့ရာမှာ မြန်မာစစ်တပ် အဆင့်မြင့်ခေါင်းဆောင်တွေကိုလူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ သူတို့ အဖွဲ့အနေနဲ့ တွေ့ရှိခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အဖွဲ့ဥက္ကဌ Marzuki Darusman က အခုလို လုံခြုံရေးကောင်စီမှာ ပြောသွားပါတယ်။
“လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်လို့ ကျနော်တို့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းတခုလုံး ဒါမှမဟုတ် အစိတ်အပိုင်း တခုလုံး ဖျက်စီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာကြောင့် ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာသာမက ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှု နည်းဗျူဟာ တပုံစံတည်းဖြစ်တာကို တွေ့ရှိခဲ့ကြောင်း Darusman ကပြောပါတယ်။
“ဒီအခြေအနေတွေကို အဓိကဖန်တီးသူဟာမြန်မာစစ်တပ်ဖြစ်ပါတယ်။ နည်းဗျူဟာတွေ၊ နည်းနာတွေကို ဆယ်စုနှစ် တခုကြာအောင် အသုံးပြုခဲ့တယ်။ တပ်မတော် အနေနဲ့ စဉ်ဆက်မပြတ် အသုံးပြုတဲ့ဗျူဟာကတော့ အရပ်သားတွေကို ပစ်မှတ်ထားတာဖြစ်ပြီး၊ အမျိုးသမီးနဲ့ မိန်းကလေးတွေကို အတင်းအဓမ္မပြုကျင့်တာဖြစ်ပါတယ်။”
ဒါအပြင် ဖယ်ထုတ်တာ၊ ခွဲခြားဆက်ဆံတာ စတဲ့နည်းလမ်းတွေကို စစ်တပ်အနေနဲ့ လက်ကိုင်ပြုပြီး ဆောင်ရွက်ခဲ့သလို ဒီလို နည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေ ထိထိရောက်ရောက်ဖြစ်ဖို့ ထိပ်ပိုင်း စစ် ခေါင်းဆောင်တွေကနေ တင်းတင်းကျပ်ကျပ် ကိုင်တွယ် အမိန့်ပေးခဲ့တာ ထင်ရှားတယ်လို့လည်း Marzuki Darusman ကပြောပါတယ်။ ဒီအတွက်လည်း သူတို့ကို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေးထားတယ်လို့ဆိုပါတယ်။
စစ်တပ်ရဲ့ နည်းဗျူဟာက လူ့ဘ၀ အသက်တွေ၊ ဂုဏ်သိက္ခာနဲ့လွတ်လပ်မှု အပါအ၀င် နိုင်ငံတကာ ဥပဒေတွေ ကို တပ်မတော်အနေနဲ့ အလေးမထားဘူးဆိုတာကိုလည်း ပြသနေကြောင်းလည်း သူက ထောက်ပြ ပြောဆိုသွားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လုံခြုံရေးနဲ့ ဖွံဖြိုးရေးကို အကြီးအကျယ်ထိခိုက်စေတဲ့အပြင် ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ Darusman ကဆိုပါတယ်။
ဒီလို စစ်တပ်ရဲ့ အကြမ်းဖက်မှုသံသရာလည်နေတာကို တားဆီးဖို့ လုံခြုံရေးကောင်စီမှာ တာဝန်ရှိနေကြောင်းနဲ့ အဓိက အရေးကြီးဆုံးအချက်ကတော့ တာဝန်ခံမှု၊ တာဝန်ယူမှု ဆိုတဲ့ အချက်ပေါ်မှာ အလေးအနက် အာရုံစိုက်ဖို့လိုကြောင်း Marzuki Darusman က လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ မဖြစ်မနေ ဆောင်ရွက်ဖို့ ဖြစ်လာရတဲ့အကြောင်းအရင်းကတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးမှုဟာ တိုင်းပြည်မှာအမြစ်တွယ်နေပြီး တပ်မတော်ဟာ ဥပဒေရဲ့ အထက်မှာ ရှိနေကြောင်းနဲ့မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေဟာ အကျိုးထိရောက်မှုမရှိဘူးဆိုတာ သူတို့ရဲ့ ရလာဒ်တွေက သက်သေပြနေတယ်လို့ Marzuki Darusman ကပြောပါတယ်။
ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ဒါမှမဟုတ် အခြား နိုင်ငံတကာ တရားရုံးတခုခုကို လွှဲပြောင်းရေး ဆောင်ရွက်သင့်ကြောင်း အခုလို သူက အကြံပြုတိုက်တွန်းသွားပါတယ်။
“လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ICC နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ဒါမှမဟုတ် အခြား နိုင်ငံတကာ တရားရုံးတခုခုကို လွှဲပြောင်းရေး ဆောင်ရွက်သင့်ပါတယ်။ ဒါအပြင် နိုင်ငံတကာဥပဒေတွေအောက်မှာ ကျူးလွန်ခဲ့တဲ့ ပြင်းထန်လှတဲ့ ပြစ်မှုတွေမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို တဦးချင်းစီ ပစ်မှတ်ထားပြီးလုံခြုံရေးကောင်စီကိုယ်တိုင်ရော၊ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံချင်းစီကပါ ဒဏ်ခတ်အရေးယူသင့်ပါတယ်။”
ဒါအပြင် မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေကို ကုလသမဂ္ဂပါဝင်တဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ရောစစ်ခေါင်းဆောင်တွေအတွက်ပါ ရရှိနေတဲ့ နိုင်ငံတကာ ထောက်ခံမှုအားလုံးကို ပိတ်ပင်တားမြစ်ရမှာဖြစ်သလို မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း ရောင်းချတာကို ပိတ်ပင်တာ၊ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အလွှဲအပြောင်းလုပ်နေတာတွေကို ကန့်သတ်ဖို့ အချက်တွေပါဝင်သင့်တယ်လို့ Marzuki Darusman ကဆိုပါတယ်။
သူတို့ရဲ့ အစီရင်ခံစာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကစပြီး ထိပ်ပိုင်းအကျဆုံး ခေါင်းဆောင်တွေအပါအ၀င် ရခိုင်ပြည်နယ်တွင်းနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမှာ အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူ ခြောက်ဦး ရဲ့ အမည်တွေကို ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေလိုမျိုး အခြားနိုင်ငံတွေမှာ မဖြစ်ပေါ်အောင် နိုင်ငံတကာအနေနဲ့ သင်ခန်းစာယူ ကာကွယ်ဖို့ လိုကြောင်းလည်း လုံခြုံရေးကောင်စီမှာ Darusman က အခုလို အလေးအနက် ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ဖြစ်ရပ်တွေဟာ တဆင့်ပြီး တဆင့်သွားတာ တွေ့ရပါတယ်။ လူဦးရေ အသိုင်းအ၀ိုင်းကို ဂုဏ်သိက္ခာကင်းမဲ့အောင် လုပ်တယ်။ ပြီးတော့ သူတို့အားလုံးကို အကြမ်းဖက်သမားတွေအဖြစ် ခေါ်ဝေါ်တယ်။ သူတို့ရဲ့ အခွင့်အရေးအားလုံးကို ပိတ်ပင်တယ်။ နောက်သူတို့ကို သီးခြားဖြစ်အောင်ခွဲထုတ် တိုက်ခိုက်တယ်။ အတင်းအဓမ္မပြုကျင့်တယ်။ သူတို့တွေကို IDP စခန်းတွေ ဒါမှမဟုတ် တိုင်းပြည်ရဲ့ ပြင်ပကို မောင်းထုတ်တယ်။ သတ်ဖြတ်သူတွေ၊ အပြစ်ကျူးလွန်သူတွေကို တရားမစွဲဆိုနိုင်အောင် အကာအကွယ်ပေးတယ်။”
မြန်မာ့အရေး ဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဘိုလီဗီးယား သံအမတ်ကြီး Sacha Sergio Llorenti Soliz က ကမကထပြု ဆောင်ရွက်ခဲ့တာပါ။ ဆွေးနွေးပွဲ အစမှာ တရုတ်နဲ့ ရုရှား နိုင်ငံကိုယ်စားလှယ်တွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကြားနာပွဲ လုံခြုံရေးကောင်စီမှာ မလုပ်သင့်ကြောင်း အရင်ဆုံးကန့်ကွက် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဗြိတိန်သံအမတ်ကြီး Karen Pierce ကနေ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ဘာကြောင့် ကြားနာသင့်သလဲ ဆိုတာကို ပြန်လည်တင်ပြခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေ ၃ မဲနဲ့ ဆက်လက် ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် မြန်မာ သံအမတ်ကြီး ဟောက်ဒိုဆွမ်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သံအမတ်ကြီး Masud Bin Momen တို့ ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။