သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်တွေအပေါ်အရေးယူဖို့ FFM ဥက္ကဌ ကုလမှာ တိုက်တွန်း


 ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman 
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman 

မြန်မာစစ်တပ်ဟာ တိုင်းပြည်ကိုအကာအကွယ်ပေးတဲ့အဖွဲ့အစည်းအဖြစ် မပြောင်းလဲမချင်း မြန်မာစစ်တပ်နဲ့အဆက်အဆံ မလုပ်ကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မီတီမှာ မနေ့ကတိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင် တွေကို နှိမ်နင်းခဲ့တာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို ထိရောက်တဲ့အရေးယူမှုတွေလုပ်ဆောင် ဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဟောက်ဒိုစွမ်းကတော့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေရှိရင် အပြစ်ကျူးလွန်သူတိုင်းကို မြန်မာအစိုးရက အရေးယူသွားမယ်လို့တုန့်ပြန်ခဲ့ပါတယ်။ ကုလ သမဂ္ဂမှာ မနေ့ကကျင်းပခဲ့တဲ့ မြန်မာ့အရေးအစီရင်ခံမှုကို ကိုကျော်အောင်လွင်က ဆက်ပြောပါမယ်။

ကုလသမဂ္ဂကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွင်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို တနှစ်ပတ်လုံး တောက်လေ ျာက် စုံစမ်း စစ်ဆေးပြီး ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ မနေ့တုန်းကတော့ နယူးယောက်မြို့က ကုလ သမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman က သူတို့ ရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး အထွေထွေညီလာခံရဲ့ တတိယကော်မီတီမှာ ရှင်းလင်းပြော ဆိုခဲ့တာပါ။

"မြန်မာ့တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ လူ့ဘဝ၊ လူ့ဂုဏ်သိက္ခာနဲ့နိုင်ငံတကာဥပဒေတွေကို လုံးဝဂရုမစိုက်ပဲ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါးချိုးဖေါက်နေတဲ့အကြောင်း ကျနော်တို့ရဲ့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ရိုဟင်ဂျာ တွေတင်မက ရခိုင်တိုင်းရင်းသားတွေ၊ ကမန် မူဆလင်တွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း တပုံစံထဲလူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလုပ်နေတာပါ။ ဗမာလူမျိုး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကိုလည်း မြန်မာစစ်တပ်က နှိပ် ကွပ်နေတာပါ။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ရဲ့ပြစ်မှုကျူးလွန်မှုတွေဟာ အရေးယူ မခံပဲဖြစ်နေပါတယ်"လို့ မစ္စတာ ဒါရုစမန် က ပြောသွားခဲ့တာပါ။

မြန်မာစစ်တပ်ကို နိုင်ငံတကာအလိုက် အဆက်အဆံမလုပ်ပဲ ဖယ်ကျဉ်ထားဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။

"တာဝန်ယူမှုနဲ့ တာဝန်ခံလိုစိတ်တွေရှိလာစေရေးနဲ့ ဆိုးရွားရက်စက်မှုတွေကို အကြိမ်ကြိမ်ထပ်လုပ်နေမှုတွေကနေ အကာ အကွယ်ပေးတဲ့အနေနဲ့ နိုင်ငံတွေအားလုံး စုပေါင်းပြီးတော့ရော တနိုင်ငံချင်းအရပါ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံမှုတွေအား လုံးမလုပ်ပဲ ပိတ်ပင်ထားဖို့ ကျနော်တို့တိုက်တွန်းပါတယ်။ လက်ရှိတပ်မတော်ပုံစံကနေ တိုင်းပြည်ကို အကာအကွယ်ပေး တဲ့ အဖွဲ့အစည်းတခုဖြစ်အောင်ပြောင်းလဲမှုတွေ ကိုမလုပ်မချင်း မြန်မာစစ်တပ်ကို အဆက်အဆံမလုပ်ဖို့တိုက်တွန်းပါ တယ်။ မြန်မာနိုင်ငံကိုလက်နက်ရောင်းချမှုတွေ ပိတ်ပင်တားဆီးတဲ့အရေးယူမှုလုပ်ဖို့လည်း လုံခြုံရေးကောင်စီကိုတိုက် တွန်းပါတယ်။ နိုင်ငံတကာဥပဒေတွေကို ထင်ထင်ရှားရှား ချိုးဖေါက်ထားကြသူတဦးချင်းကိုလည်း လုံခြုံရေး ကောင်စီက ပြစ်ဒဏ်ခတ် အရေးယူဖို့လည်း တိုက်တွန်းပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ထိပ်တန်းခေါင်း ဆောင် ၆ ဦးရဲ့အမည်ကိုလည်း ကျနော်တို့တင်ပြထားပါတယ်"လို့ မစ္စတာ ဒါရုစမန်ကပြောခဲ့တာပါ

ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က စနစ်တကျနှိမ်နင်းခဲ့တဲ့အကြောင်း ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့က စုံစမ်းတင်ပြထားတယ်လို့လည်း ဒီအဖွဲ့ရဲ့ဥက္ကဌ မစ္စတာ ဒါရုစမန်ကဆက်ပြောပါတယ်။

"အစီရင်ခံစာထဲမှာ လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ အမျိုးသမီးနဲ့ကလေးငယ်တွေကို သတ်ဖြတ်ရက်စက်မှု၊ မီးရှို့မှုနဲ့လုယက်မှုတွေအကြီးအကျယ်လုပ်ခံခဲ့ရတဲ့ ရွာ၆ ရွာက မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေရဲ့ ရှင်းလင်းမှုဖြစ်စဉ်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီလိုစစ်ဆင်ရေးမျိုး ၅၄နေရာဖြစ် ပွါးခဲ့တာကို တွေ့ရပါတယ်။ ရိုဟင်ဂျာ ၇သိန်း နှစ်သောင်း ငါးထောင်ကျော်ထွက်ပြေးခဲ့ကြရပြီး ရွာပေါင်းအနည်းဆုံး ၃၉၂ရွာ ဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ရိုဟင်ဂျာ တသောင်းလောက် သေဆုံးခဲ့ရတယ်လို့ခန့်မှန်းရပါတယ်။ ဒီလိုလုပ်ရပ်တွေက ကျယ် ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျလုပ်ခဲ့တာပါလို့ပြောခဲ့တာပါ။"

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusmanက မြန်မာစစ်တပ်ကိုအရေးယူဒဏ်ခတ်ဖို့ ဖိအားပေးပြောဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့တင်ပြမှုကို ဝေဖန်ကန့်ကွက်သူကတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဟောက်ဒိုစွမ်း ပဲဖြစ်ပါတယ်။

"လူ့အခွင့်အရေးအကြောင်းကို ကျနော်တို့ပြောကြတဲ့အခါ ဟိုဘက်ဒီဘက် ၂ဘက် လူ့အဖွဲ့အစည်းတွေကိုကြည့်ပြီး ပြော သင့်ပါတယ်။ နိုင်ငံတကာကယုံကြည်စိတ်ချရတဲ့ စုံစမ်းလေ့လာမှုတွေအရ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဟာ အလ်ခိုက်ဒါးနဲ့ ဂျီဟတ်တို့လို နိုင်ငံခြားကအကြမ်းဖက်အဖွဲ့အစည်းတွေတော်တော်များများရဲ့ ညွှန်ကြားမှုတွေနဲ့ ထောက်ပံ့မှု တွေရှိတဲ့အဖွဲ့လို့ဆိုပါတယ်။ မစ္စတာ ဒါရုစမန်တို့အဖွဲ့က စုံစမ်းစစ်ဆေးတယ်ဆိုတာက ရိုဟင်ဂျာမူဆလင်တွေကိုပဲ ကွက် ပြီးမေးမြန်းတာ မျိုးတွေဖြစ်နေပါတယ်။ ခိုင်မာတဲ့အထောက်အထား အချက်အလက်တွေအပေါ်မှာ အခြေခံတာမျိုးမဟုတ် ပါဘူး။ ကော့ဆက်ဘဇားဒေသကိုထွက်သွားကြသူတွေထဲက အုပ်စုတချို့ကို မေးမြန်းထားတာဖြစ်ပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေကြိုတင်စီစဉ် ဇတ်တိုက်ပြီး တဘက်သတ်တင်ပြထားတဲ့အစီရင်ခံစာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ ကန့်ကွက်ပါတယ်" လို့ မြန်မာသံအမတ်ဟောက်ဒိုစွမ်းပြောခဲ့တာပါ။

"ခိုင်မာတဲ့သက်သေအထောက်အထားတွေရှိတယ်ဆိုရင် ပြစ်မှုကျူးလွန်သူမှန်သမျှ ကျနော်တို့ကအရေးယူသွားမှာပါ။ ဥပဒေချိုးဖေါက်သူတွေအတွက် အရေးမယူ ပဲနေတာမျိုးမရှိပါဘူး။ မစ္စတာ Marzuki Darusmanပြောသွားတဲ့ အထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲမှာ စိတ်ရှည်သီးခံမှုက အလုပ်မဖြစ်ဘူးလို့ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ငြိမ်းချမ်းတဲ့လမ်းကြောင်းကိုရွေးချယ်ပြီး စိတ်ရှည်ရှည်ထား လုပ်ဆောင်နေတာပါ။ မကြာခင်ကပဲ မြန်မာနိုင်ငံကပြန်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ်တင်း ဘူဂါနာကလည်း မြန်မာပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စိတ်ရှည်ရှည်နဲ့ယုံကြည်မှုတွေကိုပိုတည်ဆောက်ဖို့လိုတယ်လို့ပြောထားပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဟောက်ဒိုစွမ်းကပြောခဲ့တာပါ။

မြန်မာစစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ မစ္စတာ ဒါရုစမန်ရဲ့ စွပ်စွဲချက်ကိုလည်း မြန်မာသံအမတ် ဟောက်ဒိုစွမ်းက ကန့်ကွက်ခဲ့ပါတယ်။မစ္စတာ Marzuki Darusmanဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ ဝင် ၉ နိုင်ငံလုံးရဲ့ တောင်းဆိုချက် အရ ဒီကနေ့ မှာလည်း သူ့တို့အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနဲ့ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ တင်ပြသွားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG