သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလစုံစမ်းရေးအဖွဲ့အစီရင်ခံစာ အတွင်းရေးမှူးချုပ် Guterres အလေးထား


လူ့အခွင့်ရေးကောင်စီက ရွေးချယ်ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့က တနင်္လာနေ့က ဂျနီဗာမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် မြန်မာစစ်တပ် ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေး အရေးယူဖို့ အကြံပေးထားပါတယ်။ ခုလို အကြံပေးချက်တွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လေးလေးနက်နက်ခံယူဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterrus က တိုက်တွန်းတဲ့အကြောင်း သူ့ရဲ့ပြောခွင့်ရက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြပါမယ်။

အင်ဒိုနီးရှားအစိုးရ ရှေ့နေချုပ်ဟောင်း Marzuki Darusman ဦးဆောင်ပြီး သီရိလင်္ကာနိုင်ငံက Radhika Coomaraswamy၊သြစတြေးလျနိုင်ငံက Christopher Dominic Sidoti တို့ ၃ ဦးပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ တနင်္လာနေ့က Geneva မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အကြီးအကဲ ၆ ဦးတို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတို့ကြောင့် ICC နိုင်ငံတကာ ခုံရုံးတင်ဖို့ အကြံပေးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ခွင့်မရပဲ ရိုဟင်ဂျာ ၇ သိန်းနီးပါးထွက်ပြေးခိုလုံရာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာမှာ လူပေါင်း ၈၇၅ ဦးတို့ရဲ့ ထွက်ဆိုချက်တွေ ဆက်သွယ်ရေးဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေ၊ ဓါတ်ပုံတွေ နဲ့ ဗွီဒီယိုအပါအဝင် ရာဇဝတ်မှုခင်းဆိုင်ရာနဲ့ စစ်ဖက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တို့ရဲ့ အကူအညီနဲ့ အခုလိုအစီရင်ခံစာကို ပြုစုခဲ့တာဖြစ်ပါတယ်။ အစီရင်ခံစာနဲ့ အကြံပေးချက်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterrus အနေနဲ့ အလေးထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Steven ဒူတာရစ်က တနင်္လာနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီအစီရင်ခံစာဟာ သိပ်ကိုအရေးကြီးတယ်လို့ ယူဆပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက ဒီအစီရင်ခံစာကိုရော အစီရင်ခံစာရဲ့ အကြံပေးချက်တွေကိုရော လေးလေးနက်နက်ခံယူသင့်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်မကင်းဖြစ်ပြီး ဒါတွေကိုဖြေရှင်းရမယ်၊ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးရမယ်ဆိုတာကို အလေးအနက်ပြောလာခဲ့တာဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာစစ်ခေါင်းဆောင်တွေကို ICC နိုင်ငံတကာခုံရုံးတင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုချက်အပေါ် အတွင်းရေးမှူးချုပ်ရဲ့ ထင်မြင်ချက်နဲ့ ပတ်သက်လို့ မစ္စတာ ဒူတာရစ်က ICC နိုင်ငံတကာခုံရုံးတင်ရေးဟာ အထွေထွေညီလာခံရဲ့ လုပ်ပိုင်ခွင့်မှာမရှိတဲ့အကြောင်း အခုလိုဖြေကြားခဲ့ပါတယ်။

“ ဒီအစီရင်ခံစာဟာ သီးခြားလွတ်လပ်စွာ စုံစမ်းတင်ပြထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်အနေနဲ့ လက်ခံစဉ်းစားဖို့ရှိသလို ကျန်တဲ့ကုလသမဂ္ဂ အဖွဲ့အစည်းအားလုံးကလည်း လက်ခံစဉ်းစားသင့်ပါတယ်။ ICC နိုင်ငံတကာခုံရုံးတင်ဖို့က အတွင်းရေးမှူးချုပ်ကတဆင့် မလုပ်နိုင်ပါဘူး။”

ရိုဟင်ဂျာ ၇ သိန်းနီးပါးလောက် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလုံရတဲ့ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေဟာ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုလို့ အတွင်းရေးမှူးချုပ် Gutterus ကပြောခဲ့တာဖြစ်ပေမယ့်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့က နာမည်တပ်တဲ့ Genocide အသုံးနဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ်သဘောထားကို အင်္ဂါနေ့ လုံခြုံရေးကောင်စီ နေ့ခင်းပိုင်း ကျင်းပမယ့် ရိုဟင်ဂျာအရေး တံခါးပွင့်ဆွေးနွေးပွဲမှာ အတွင်းရေးမှူးချုပ်ပြောကြားတဲ့ မိန့်ခွန်းကို သေသေချာချာ နားထောင်ကြည့်ဖို့ မစ္စတာ ဒူတာရစ်ကတိုက်တွန်းလိုက်ပါတယ်။

“Genocide ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုတာကို အမည်တပ်ပြီးပြောဖို့က နိုင်ငံတကာ တရားရေးအဖွဲ့အစည်းက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ခံယူပါတယ်။ ဒီလိုပြောလို့လဲ ရခိုင်မြောက်ပိုင်းအခြေအနေအပေါ် အတွင်းရေးမှူးချုပ်က နောက်ဆုတ်သွားမယ်လို့ မဆိုလိုပါဘူး။ မနက်ဖြန်မှာပြောမယ့် သူ့မိန့်ခွန်းကို နီးနီးကပ်ကပ်စောင့်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။”

တနင်္လာနေ့က ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ မတင်သွင်းမှီ ပုံမှန်လုပ်ထုံးအရ အစီရင်ခံစာ ကြိုတင်ပေးပို့ခဲ့ပေမယ့် မြန်မာအစိုးရထံကတော့ သဘောထားထုတ်ပြန်ချက် ချက်ချင်းထုတ်ပြန်လာတာမတွေ့ရကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG