သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ တရားမျှတမှု နှစ်ပတ်လည်နေ့မှာ တောင်းဆို


ရိုဟင်ဂျာ နှစ်ပတ်လည်အခမ်းအနား စုဝေးပွဲမှာ အသံချဲ့စက်မှ လွှင့်ပေးတဲ့အသံကို နားထောင်နေတဲ့ ရိုဟင်ဂျာပရိသတ် ( သြဂုတ် ၂၅-၂၀၁၈)
ရိုဟင်ဂျာ နှစ်ပတ်လည်အခမ်းအနား စုဝေးပွဲမှာ အသံချဲ့စက်မှ လွှင့်ပေးတဲ့အသံကို နားထောင်နေတဲ့ ရိုဟင်ဂျာပရိသတ် ( သြဂုတ် ၂၅-၂၀၁၈)

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ဒီကနေ့ တနှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲ နယ်မြေရှင်းလင်းမှုတွေအတွင်း သေဆုံးခဲ့ရသူတွေအတွက် အောက်မေ့ဖွယ် မေတ္တာပို့ဆုတောင်းခြင်း အခမ်းအနားတွေ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံဘက်မှာ ကျင်းပခဲ့ကြပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုလိုက်ကြပါတယ်။ ရခိုင်မြောက်ပိုင်းဘက်မှာတော့ တနှစ်ပြည့်နှစ်ပတ်လည် လုံခြုံရေး အရေးကြီး အဆင့်ကို တိုးမြှင့် ထားပါတယ်။ ဒီကနေ့ကျရောက်တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ အကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသထဲက နယ်စပ် ရဲကင်းစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက်စခန်း ၃၀ ကို ARSA အကြမ်းဖက် အဖွဲ့ က လူအင်အားသုံးပြီး တပြိုင်နက်တည်း အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့လို့ စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တွေဘက်က လုံခြုံရေးအထူးအစီအမံတွေနဲ့ တပ်အင်အားတိုးချပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလို မောင်တောဒေသတွင်း လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာပြီး ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းလာတဲ့အတွက် ရိုဟင်ဂျာ မူဆလင်တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို သိန်းချီ ထွက်ပြေးသွားကြရသလို ဒေသခံဌာနတိုင်းရင်းသားတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါတယ်။

ဒီကနေ့ကျရောက်တဲ့ တနှစ်ပြည့် နှစ်ပတ်လည်နေ့ အောက်မေ့ဘွယ်အခမ်းအနားတွေကိုတော့ ဘင်္ဂလား ဒေ့ရှ်ဘက် တိမ်းရှောင်သွားကြတဲ့ သိန်းချီတဲ့ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ ကျင်းပခဲ့ကြပြီး သေဆုံးသူတွေအတွက် ဝတ်ပြုဆုတောင်းခဲ့ကြသလို လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေ၊ ဆုံးရှုံးနစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရစေရေး ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကို ရိုဟင်ဂျာဒုက္ခသည်တွေက စုဝေးတောင်းဆိုဆန္ဒပြခဲ့ကြပါ တယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတိုင်းမှာ အောက်မေ့ဖွယ် အခမ်းအနားတွေနဲ့ တောင်းဆိုဆန္ဒပြပွဲတွေကျင်းပခဲ့တဲ့အကြောင်း ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုအီစလံက ဒီကနေ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“စခန်းတိုင်းမှာ လုပ်တာပါ။ ဒီကနေ့ တနှစ်ပြည့်။ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေဟာ Genocide ဆိုပြီးတော့ - လူမျိုးတုန်းသတ်ဖြတ်မှုခံရတဲ့ ဝမ်းနည်းဖွယ်အခန်းအနားကို ရိုဟင်ဂျာဒုက္ခသည်စခန်း ၂၄ ခုမှာ တချိန်တည်း တပြိုင်တည်း သေဆုံးသွားသူ ရိုဟင်ဂျာညီအကို မောင်နှမ ကလေးသူငယ်များ အတွက် ဆုတောင်း မေတ္တာ ပို့သခဲ့ကြပါတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း စစ်တပ်နဲ့ နယ်မြေလုံခြုံရေး တာဝန်ရှိ သူတွေ ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း အိုးအိမ်တွေ စွန့်ခွာပြီး ထွက်ပြေးခဲ့ရသူတွေ၊ မတရား အနိုင်ကျင့် သတ်ဖြတ် ခံခဲ့ရသူတွေအတွက် တရားမျှတမှုရစေဖို့ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရကိုလည်း ရိုဟင်ဂျာဒုက္ခသည် တွေဘက်က စုဝေးတောင်းဆိုခဲ့ကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ကိုအီစလံက ပြောပြပါတယ်။

“ဆုတောင်းပွဲလုပ်ပြီးနောက် လူပေါင်း သုံးသိန်းနီးပါးလောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ကျနော်တို့ ရိုဟင်ဂျာ လူမျိုးတွေဟာ အမြန်ဆုံး နေရပ်ရင်းပြန်နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိရောက်သော ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက်၊ ကျနော်တို့နဲ့ အကာအကွယ်ရရှိဖို့အတွက် ကုလသမဂ္ဂ အစောင့်တပ် ကျနော်တို့နဲ့အတူ ဝင်ရောက်နိုင်ရေး၊ ကျနော်တို့နိုင်ငံသားအခွင့်အရေးကို ပြန်လည်ရရှိရေး- စသဖြင့် တောင်းဆိုခဲ့ကြပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်မြောက်ပိုင်းဘက်မှာတော့ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှု တနှစ်ပြည့်ချိန် လုံခြုံရေးကို အထူးအရေးကြီးအဆင့် တိုးမြှင့်ထားပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာလည်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုခံခဲ့ကြရတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ပိုင်း-ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိအောင် ကုစားပေးဖို့ အထူးအရေးကြီးလိုအပ်တယ်လို့လည်း ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။

“ကျနော်တို့အမြင်ကတော့ပေါ့ နော်၊ ဒီကနေ့အထိ ကျနော်တို့ တိုင်းရင်းသားတွေဟာ လက်ရှိဖြစ်နေ တဲ့ အခြေအနေ ပေါ့နော်၊ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကျမှု၊ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကျမှု၊ ဒီ အခြေအနေတွေကို ပြန်လည်ကုစားဖို့လိုတယ်ပေါ့နော်။ အကူညီတွေကို ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်ဖို့ လို မယ်၊ စီးပွားရေး၊ လူမှုရေးတွေပေါ့၊ ဒါတွေ ကူညီဖို့လိုတယ်လို့ ဒါတွေကို ကျနော်တို့ပြောခဲ့တယ်။ ဒါပေမယ့် အခုချိန်အထိလည်း အကြံပေး ကော်မရှင်တွေ အမျိုးမျိုုး ဖွဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ အကြံပေးကော်မတီတွေ အမျိုးမျိုးရှိတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပြီလား ဆိုရင်တော့ မဖြစ်သေးဘူးလို့ ကျနော်တို့ ပြောရမှာပေါ့။”

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုပြီး နိုင်ငံတကာက စွပ်စွဲမှုတွေနဲ့ ရခိုင်အခြေအနေကို စိုးရိမ်မကင်း ဖြစ်နေကြချိန်မှာ မြန်မာအစိုးရဘက်က ကော်မရှင်-ကော်မတီတွေ မျိုးစုံဖွဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားပေမဲ့ တနှစ်ပြည့် ချိန်အထိ ဒေသတွင်း ထိရောက်တဲ့ဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ လည်း ဦးတင်ထူးအောင်က ဝေဖန်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတွေ သတ်ဖြတ်ခံရတဲ့အထဲ ဟိန္ဒူဘာသာဝင်တွေ လည်း အများအပြားပါဝင်ခဲ့ပါတယ်။ သူတို့အတွက် ဟိန္ဒူဘာသာထုံးတမ်းစဉ်လာအရ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပခဲ့ပါ တယ်။ ဒီကနေ့စနေနေ့ ညနေ ပိုင်းမှာတော့ ရန်ကုန်က စရီဘူသ်န(သ်)မဟာဒေဝ် ဟိန္ဒူဘုရား ရှိခိုးကျောင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ရည်စူးပြီး တနှစ်ပြည့် နှစ်ပတ်လည် ဆုတောင်းမေတ္တာပို့ကြမယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် - ဓမ္မပါလ ဟိန္ဒူအဖွဲ့ချုပ်တွေမှာ တာဝန်ရှိသူလည်းဖြစ် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးရာဂူးနေမြင့်ကပြောပြပါတယ်။

“ဒီနေ့ကျတော့ ကျနော်တို့က မျိုးနွယ်အလိုက် ဘာသာရေးဘုန်းကြီးတွေက တဦးချင်းစီ ဆုတောင်းပေးတာ လုပ်တယ်။ ပြီးရင် public အကုန်စုပြီးတော့ ဆုတောင်းကြမယ်လို့ ပြောပါတယ်။ အဓိကပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ ဟိန္ဒူထုံးတမ်းစဉ်လာအတိုင်း ဆုံးသွားတဲ့ ဝိညာဉ်တွေက လွတ်ငြိမ်းချမ်းသာ ရအောင်ပေါ့နော်။ အဲလို ဖြစ်အောင် ကျနော်တို့က ဆုတောင်းပေးရေး လုပ်ပေးမှာပေါ့။ မနှစ်က ဒီလိုအချိန်လေးမှာ အာဆာ အကြမ်းဖက်မှုကြောင့်ဘဝ ဆက်တိုင်း မကြုံရအောင် လက်ရှိလောလောဆယ်မှာ ဒီအဖြစ်ဆိုးမှာ အပြစ်မဲ့ပြည်သူတွေ အသတ်ခံရတဲ့သူတွေ ဘဝဆက်တိုင်း ဒါမျိုးမကြုံရလေအောင်ဆိုပြီး ကျနော်တို့က ဆုတောင်းပေးချင်တာပေါ့နော်။ ”

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တာ တနှစ်တာကြာမြင့်လာတဲ့အချိန်အတွင်းမှာတော့ နိုင်ငံ တကာက ရိုဟင်ဂျာလို့ သုံးနှုန်းပြီး မြန်မာအစိုးရဘက်က မူဆလင်ဒုက္ခသည်တွေလို့ ခေါ်ဝေါ်တဲ့ ရိုဟင်ဂျာဒုက္ခသည်သိန်းချီ နေရပ်ရင်းပြန်လာရေးကိစ္စကိုလည်း ကုလသမဂ္ဂ- ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေကြရဆဲဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီးလည်း အဲ့ဒီ့အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ဆုံးရှုံးနစ်နာခဲ့ရသူ ဌာနေတိုင်းရင်းသားတွေအပါအဝင် နေရပ်စွန့်ခွာသူတွေ နေရပ်ရင်း ပြန်လာရေး နဲ့ပြန်လည်နေရာချထားရေးလုပ်ငန်းတွေကို စီမံကိန်းတွေချမှတ် အကောင်အထည်ဖော်နေကြရဆဲ အနေအထားဖြစ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေး လုံခြုံစိတ်ချရတဲ့အနေအထားမဟုတ်ကြောင်း စိုးရိမ်မကင်းဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG