သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ARSA တိုက်ခိုက်မှု နှစ်ပတ်လည် ရခိုင်မြောက်ပိုင်း လုံခြုံရေးတင်းကြပ်


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တဝိုက် နယ်စပ်စည်းရိုးနား လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ (MOI)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တဝိုက် နယ်စပ်စည်းရိုးနား လုံခြုံရေးကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ (MOI)

အကြမ်းဖက်တိုက်ခိုက်မှု တနှစ်ပြည့်တဲ့ကာလမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေး အခြေ အနေကို အရေးကြီးကာလ သတ်မှတ်ဆောင်ရွက် နေပါတယ်။ ဒါဟာ အကြမ်းဖက်တာတွေ ထပ်မံ ဖြစ်ပွားလာမလားဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကိုလျော့ပါးစေဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ကြောင်း မောင်တောခရိုင်က အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ ရခိုင်အမျိုးသား ပါတီကတော့ ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်မှုမှာ ဆုံးပါးသွားသူတွေအတွက် မြို့နယ် ၁၇ မြို့နယ် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်နေပါတယ် ။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ လောက်ကိုARSA အကြမ်းဖက်သမားတွေက တပြိုင်နက်တည်းလို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဒီလ ၂၅ ရက်နေ့မှာ တနှစ်ပြည့်မှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း မောင်တောခရိုင်မှာ လုံခြုံရေးကို အရင်ကထက် ပိုမိုပြီး တိုးမြှင့်ထားပါတယ်။

လက်ရှိ လုံခြုံရေးတင်းကြပ်ထားရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မောင်တောခရိုင် ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးက အခုလို ပြောပါတယ်။

“လူတွေရဲ့စိတ်မှာတော့ စိုးရိမ်စိတ်ရှိကြတာပေါ့လေ။ ၂၅ ရက်နေ့နဲ့ပတ်သက်ပြီး တနှစ်ပြည့်ဆိုပြီး တခုခုများ ဖြစ်ကြမလားဆိုပြီး လူတွေက အဲလိုမျိုး ဖြစ်ကြတာပါ။ ထူးခြားသတင်းတော့ သီးခြားတော့ ကျနော်တို့တွေ ရထားတာမရှိဘူးဗျ။ လုံခြုံရေးကတော့ ကျနော်တို့ ပုံမှန် အချိန်ထက် တိုးမြှင့်ပြီးတော့ အရေးကြီးကာလ ပုံစံမျိုးပေါ့လေ- ဆောင်ရွက်တာပေါ့နော်။ ပုံမှန်ဆိုရင် လှည့်ကင်းလှည့်တာတို့ ဘာတို့ဆို ညဘက်မှ ဆောင်ရွက်တာပေါ့ဗျာ။ အခု ပြည်သူ တွေရဲ့ စိတ်ထဲမှာလည်း စိုးရိမ်စိတ်တွေ ဘာတွေ ရှိနေတော့ လှည့်ကင်းဆောင်ရွက်တာတို့ ဘာတို့ တိုးမြှင့်ဆောင်ရွက်တာပေါ့။ နေ့ခင်း ပိုင်းတွေမှာလည်း ကျနော်တို့ ဆောင်ရွက်တာပေါ့။ အဲတော့ စိုးရိမ်စိတ်နည်းနည်းလျော့တာပေါ့နော်။ အဲလိုမျိုးဖြစ်အောင်လည်း ကျနော်တို့က လုံခြုံရေးတွေကို သာမန် အချိန်ထက် ပိုပြီး လုပ်ခိုင်းထား တယ်၊ လုပ်တဲ့ဟာတွေ ရှိတယ်။ ”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက တနှစ်ပြည့်ကာလမှာ ARSA အဖွဲ့က ထပ်မံ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အကြမ်းဖက် တိုက်ခိုက်တာတွေ ထပ်မံမဖြစ်ပေါ်စေဖို့အတွက် နယ်စပ်စည်းရိုးတလျှောက်မှာ လုံခြုံရေးစခန်း ၁၆၀ လောက် ဖြန့်ကျက်ချထားခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုး ရဲမှူးကြီး အောင်မြတ်မိုးက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

မောင်တောဒေသခံတဦးကတော့ လက်ရှိ မောင်တောအခြေအနေကို အခုလို ပြောပါတယ်။

“အခြေအနေက ဒီလိုပါပဲ အေးဆေးပါ။ လုံခြုံရေးက အပြည့်ရှိတယ် အကို။”

ရခိုင်အမျိုးသားပါတီကတော့ အကြမ်းဖက် တိုက်ခိုက်တဲ့ တနှစ်ပြည့်နေ့မှာ စစ်တွေမြို့အပါအဝင် မြို့နယ် ၁၇ မြို့နယ်မှာ အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပဖို့ ပြင်ဆင်ထားကြောင်း ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ ကျနော်တို့ ရခိုင်အမျိုးသားပါတီ အနေနဲ့ မနက်ဖြန် မြို့နယ်ရုံးတွေဖွင့်ထားတဲ့ မြို့နယ် ၁၇ မြို့နယ် စလုံးမှာ တပြိုင်နက် ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ အမျှအတန်းဝေဖို့အတွက် ညွှန်ကြား ထားပါ တယ် ခင်ဗျ။ ပြီးတော့ ဒီလို အမျိုးသားရေးသတိနဲ့ အမျိုးသားရေးလုံခြုံရေးအတွက် ပိုပြီးတော့ ဂရုစိုက်သင့်တယ် ဆိုတဲ့ ဟောပြောချက်လေးတွေ လုပ်ဖို့အတွက် ကျနော်တို့ စီစဉ်ထားရတာ ဖြစ်ပါတယ်ခင်ဗျ။ ”

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက လုံခြုံရေးရဲကင်း၊ ရဲစခန်းနဲ့ တပ်ရင်းဌာနချုပ် စတဲ့ စခန်းနေရာ စုစုပေါင်း ၃၀ လောက်ကို ARSA အကြမ်းဖက်သမားတွေက တပြိုင်နက်တည်းလို ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် လူ ၈၀ ကျော် သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးခဲ့ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေ ဆောင်ရွက်ခဲ့တဲ့နောက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို တိမ်းရှောင်သွားခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG