သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးကိုယ်စားလှယ်နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဌ တို့ မြန်မာ့အရေး ကုလမှာ အစီရင်ခံကြမည်


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee (ဝဲ)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Marzuki Darusman (ယာ)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee (ဝဲ)၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Marzuki Darusman (ယာ)

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ဒီကနေ့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီရှေ့မှောက် အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ဥက္ကဌ Marzuki Darusman တို့ အသီးသီး တင်ပြကြမှာဖြစ်ပါတယ်။ ဒါအပြင် အောက်တိုဘာလ (၂၄) ရက် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် လုံခြုံရေးကောင်စီရဲ့ မြန်မာအရေးဆွေးနွေးပွဲမှာ Marzuki Darusman က အဓိက တင်ပြမှာဖြစ်ပါတယ်။

မနေ့ တနင်္လာနေ့ကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ဒီကနေ့ အပြန်အလှန် ဆွေးနွေးတင်ပြဖို့ရှိပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လွတ်လပ်ပြီး သီးခြားစုံစမ်းစစ်ဆေးဖို့ အဓိက အကြံပြုထားတဲ့ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Yanghee Lee က ဒီကနေ့ ဒေသစံတော်ချိန် ညနေ သုံးနာရီမှာ တတိယကော်မတီမှာ တင်ပြမှာဖြစ်ပါတယ်။

Yanghee Lee နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ ဥက္ကဌ Marzuki Darusman ကလည်း ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဆိုးရွားလှတဲ့ ဖိနှိပ်ညှမ်းပမ်းမှုဟာ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နေကြောင်း သြဂုတ်လနှောင်းပိုင်းက ထုတ်ပြန်ထားတဲ့ စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ အစီရင်ခံစာကို တတိယကော်မတီမှာ တင်ပြမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်းMarzuki Darusman ဟာ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သူတို့အဖွဲ့ ပြုစုထားတဲ့ အချက်အလက်တွေကို တင်ပြဖို့ရှိပါတယ်။အခုလို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို လုံခြုံရေးကောင်စီကို ဖိတ်ခေါ်ပြီး ဆွေးနွေးမယ့် အစီအစဉ်ကို ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြပေမယ့်လည်း ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ နယ်သာလန်၊ ဆွီဒင်၊ ပိုလန်၊ ပီရူး၊ ကူဝိတ်၊ အိုင်ဗီရီ ကို့စ် စတဲ့ အဖွဲ့ဝင် ကိုးနိုင်ငံရဲ့ ထောက်ခံမှုကြောင့် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ဖြစ်လာတာပါ။ ဒီလိုဆွေးနွေးမယ့် အခြေအနေကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက လုံခြုံရေးကောင်စီကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့အကြောင်းအရာကို လုံခြုံရေးကောင်စီအောက်မှာ တိုက်ရိုက်ခေါ်ဆွေးနွေးတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီကြောင်း သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက် ဗုဒ္ဓဟူးနေ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးပွဲမတိုင်ခင် ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီမှာတော့ Yanghee Lee နဲ့ Marzuki Darusman တို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒီအစီစဉ်နဲ့ ပတ်သက်လို့ မနေ့ တနင်္လာနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကအတည်ပြု ပြောဆိုခဲ့ပါတယ်။

ဒါအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့တာနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု နဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဟာ အဓိက ထောက်တိုင် နှစ်ခုဖြစ် တယ်ဆိုတာကို အထူးကိုယ်စားလှယ်က အလေးထားပြောကြားခဲ့ပါတယ်။ ယုံကြည်စိတ်ချရတဲ့ အချက်အလက်ရှာဖွေရေးဟာ အရေးကြီးတယ်ဆိုတာကိုလည်း အထူးကိုယ်စားလှယ် အလေးအနက်ထားထောက်ပြခဲ့ပါတယ်။ ဒါအပြင် မြန်မာအစိုးရအနေနဲ့ ခွဲခြားဆက်ဆံမှုတွေအတွက် လုံးဝလက်သင့်မခံဘူးဆိုတဲ့ လူထု ပညာပေး လှုပ်ရှားမှုကို ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။”

ဒါအပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြား လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ သဘောထားကို သတင်းထောက်တဦး မေးမြန်းရာမှာ Farhan Haq က-

“ အခြေခံအချက်က ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ပြန်နိုင်မယ့် အခြေအနေမရှိသေးဘူးဆိုတာကို အဲဒီမှာ ရောက်နေတဲ့ ကုလသမဂ္ဂအဖွဲ့တွေက ယူဆကြတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့ အခြေအနေတွေကို ပိုကောင်းမွန်အောင် လုပ်ဖို့ လိုပါသေးတယ်။ ဒါပေမယ့် ခြေလှမ်းတချို့ ယူတာကို တွေ့ရပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်နိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

ဒီအတောအတွင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်ကို ရောက်ရှိနေတဲ့ Yanghee Lee ဟာ ကုလသမဂ္ဂဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Adamson နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အခက်အခဲစိန်ခေါ်မှုတွေရှိနေပေမယ့် နောက်မဆုတ်ပဲ စုံစမ်းအစီရင်ခံ တင်ပြတဲ့ Yanghee Lee ရဲ့ ဆောင်ရွက်ချက်တွေကိုဥရောပသမဂ္ဂက အပြည့်အဝထောက်ခံကြောင်း သံအမတ်ကြီးက ကတိပြု ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဥရောပသမဂ္ဂရဲ့ twitter အကောင့်မှာ ဖေါ်ပြထားပါတယ်။အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဌMarzuki Darusman နဲ့ သံအမတ်ကြီး Adamson တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG