သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီဖေါ်ဆောင်မှု မြန်မာ့ခေါင်းဆောင်ပိုင်းပျက်ကွက် ကုလအထူးကိုယ်စားလှယ် ထောက်ပြ


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ဥက္ကဌ Marzuki Darusman တို့ပူးတွဲ သတင်းစာရှင်းလင်းပွဲ- နယူးရောက် ကုလသမဂ္ဂဌာနချုပ် (အောက်တိုဘာလ ၂၄၊ ၂၀၁၈)
 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ဥက္ကဌ Marzuki Darusman တို့ပူးတွဲ သတင်းစာရှင်းလင်းပွဲ- နယူးရောက် ကုလသမဂ္ဂဌာနချုပ် (အောက်တိုဘာလ ၂၄၊ ၂၀၁၈)

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားအောင် ဦးဆောင်ဖို့ မြန်မာ့ခေါင်းဆောင်ပိုင်းက ပျက်ကွက်နေသလို ရိုဟင်ဂျာတွေ အပေါ် ရက်စက်တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လက်မခံပဲ ငြင်းဆိုနေတာ အတွက် စိတ်ပျက်ရကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောကြားလိုက်သလို ကုလရဲ့ မြန်မာအချက်အလက်ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် Marzuki Darusman လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တိုးတက်မှု မရှိရင် နိုင်ငံတွင်း ရက်စက်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆက်ရှိနေနိုင်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နယူးရောက်မှာ ကျင်းပနေတဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee နဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် Marzuki Darusman တု့ိက အင်္ဂါနေ့မှာ တင်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားအောင် ဦးဆောင်ဖို့ မြန်မာ့ခေါင်းဆောင်ပိုင်းက ပျက်ကွက်နေပြီး တရားဥပဒေ စိုးမိုးမှု ရှိအောင်လည်း မလုပ်ဆောင်နိုင်ဘူးလို့ Ms Yanghee Lee က ဝေဖန်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့ အခါ အရင်ကထက်စာရင် အတော်ပြောင်းလဲသွားမယ်လို့ ကျမကရော နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ မျှော်လင့်ထား ကြတာပါ။ ဒါပေမယ့် သိပ်ပြောင်းလဲလာတာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံကို ပြည်သူအားလုံးအတွက် လူ့အခွင့်ရေးနဲ့ လွတ်လပ်မှုတွေ ညီတူညီမျှ ခံစားခွင့်ရှိတဲ့ ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာအောင် ထူထောင်ဖို့ စိတ်မဝင်စားဘူးဆိုတာကို အစိုးရပိုင်းက ပိုပြီး ပြသလာတာ တွေ့ရပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးမှုနဲ့ မျှတမှုလည်း မရှိပါဘူး။ တရားဥပဒေစိုးမိုးရေးကို စံထားရမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်တလဲလဲ ပြောနေပေမယ့် လက်တွေ့မှာ ဒါကို တကယ်ကျင့်သုံးတာ မတွေ့ရပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးသာ တကယ်ရှိခဲ့မယ် ဆိုရင် ဘယ်အဆင့်အတန်းက လူမဆို မျှတတဲ့ တရားစီရင်မှုကို ခံယူနိုင်မှာဖြစ်ပြီး ကျူးလွန်သူတွေ ပြစ်ဒဏ်မခံရတာမျိုး ရှိနေမှာ မဟုတ်သလို ဖိနှိပ်တဲ့ ဥပဒေတွေကလည်း မရှိနိုင်ပါဘူး။”

ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်တပ်ကို အာဏာအတော်ကြီးပေးထားပေမယ့် အရပ်သား အစိုးရအနေနဲ့ လုပ်နိုင်တာတွေ အများကြီး ရှိနေကြောင်းနဲ့ NLD အရပ်သားအစိုးရက ဒါကို အသုံးချဖို့ မလုပ်ဖူးလို့လည်း ဝေဖန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံရတာ နဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်တွေက လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီက မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အကြံပေးချက်အတိုင်း သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်တခု ထူထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာအတွက် ကြိုဆိုကြောင်းလည်း မစ္စ Yanghee Lee ကပြောပါတယ်။

ရိုဟင်ဂျာတွေ အပေါ်စစ်တပ်နဲ့ လုံခြုံရေးတပ်တွေရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ အပေါ် ဒေါ်အောင်ဆန်းစုကြည် လက်မခံတာဟာ သူ့ကိုယ်တိုင်က လက်မခံတာလား စစ်တပ်နဲ့ အဆင်ပြေအောင် လုပ်တဲ့ သဘောလားလို့ သတင်းထောက်တယောက်က မေးတဲ့ အခါမှာတော့

“သူကိုယ်တိုင်က လက်မခံတာလို့ ထင်ပါတယ်။ အသိအမှတ်မပြုဖို့ လမ်းကို သူရွေးပါတယ်။ ကျမ သူနဲ့တွေ့တုန်းက ရခိုင်ပြည်နယ်ကို သွားကြည့်ဖို့ လိုနေပြီလို့ သူ့ကိုပြောခဲ့ပါတယ်။ ကျမမှာ ရှိတဲ့ ဓါတ်ပုံတွေကိုပါ ပြချင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက သူသွားမှာ မဟုတ်ကြောင်းနဲ့ သူ့ဝန်ကြီးတွေ ဘာတွေ လုပ်နေတယ် ဆိုတာ သူသိပါတယ်တဲ့။ သူတို့ဟာ သူတို့ အလုပ်ကို သူတို့ကောင်းကောင်း လုပ်နေကြပါတယ်လို့ပဲ ဖြေပါတယ်။”

ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်မှုတွေ အပြင် ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူသားတွေ အပေါ် ကျူးလွန်မှုတွေဟာ နိုင်ငံတကာ ဥပဒေအရ ကြီးလေးတဲ့ အပစ်ဖြစ်ပေမယ့် မြန်မာအစိုးရက အပြစ်မရှိကြောင်း ဆက်ငြင်းနေတာကြောင့် ကျူးလွန်သူတွေ အရေးယူမခံရပဲ လွတ်နေတယ်လို့ လည်း ပြောပါတယ်။

ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင်ရေးကိုယ်စားလှယ်ရဲ့ စွပ်စွဲချက်တွေဟာ အတည်မပြုနိုင်တဲ့ အချက်လက်တွေ ပေါ်မူတည်ပြီး မြန်မာအပေါ် အဆိုးမြင်နေသလို ကျိုးကြောင်း ခိုင်လုံမှု မရှိပဲ စွပ်စွဲနေတယ်လို့ တုန့်ပြန်ခဲ့တာပါ။ ဒါ့အပြင် လူ့အခွင့်ရေးကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ အချက်လက်ရှာအဖွဲ့က တင်သွင်းတဲ့ စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာကို မြန်မာအာဏာပိုင်တွေက လက်မခံပါဘူး။

အခုလို လက်မခံ ငြင်းပယ်နေတာဟာ ရခိုင်ပြည်နယ်တွင်း နဂိုကမှ ရှုပ်ထွေးနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ပိုခက်ခဲစေတယ်လို့ ကုလအချက်လက်ရှာ အဖွဲ့ခေါင်းဆောင် Marzuki Darusman ကပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ လုံခြုံရေးတပ်တွေက genocide လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တဲ့ လုပ်ရပ် ၄ ခု ဒါမှမဟုတ် ၅ ခုလောက် ကျူးလွန်တာကို အစီရင်ခံစာမှာ ဖေါ်ပြခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခု ပြဿနာရဲ့ အဓိကအချက်က လူ့အခွင့်ရေးဆိုင်ရာ ကပ်ဆိုက်တာ ဖြစ်ပြီး ဒါကို မဖြေရှင်းနိုင်ရင် အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခု ပြဿနာရဲ့ ကျောရိုးကတော့ လူ့အခွင့်ရေးဆိုင်ရာ ကပ်ဆိုက်မှုပဲ ဖြစ်ပါတယ်။ မြန်မာအစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖက်ဒရယ်စံနစ်ရယ်၊ တပ်မတော်ထဲကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းဖို့နဲ့ သဘာဝ သယံဇာတတွေ ခွဲဝေရေး ဆိုင်ရာတွေကို ဆွေးနွေးချင် နေပါတယ်။ ဒီ ၃ ချက်ဟာ မြန်မာနိုင်ငံထဲက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွါးရတဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ ပထမတခုက ဖက်ဒရယ်စံနစ်ပါ။ နောက်တခုက တပ်မတော်ထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပေါင်းစည်းရေးနဲ့ သယံဇာတ ခွဲဝေရေးဖြစ်ပြီး အခုထိ တိုးတက်မှု တခုမှ မရှိသေးပါဘူး။ ဒီလို တိုးတက်မှု မရသေးသမျှ အခြေနေဟာ အရင်အတိုင်းပဲ ဆက်သွားနေမှာပါ။ အဲဒီလို သွားနေရင် နောက်တခါ ထပ်ပြီး အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်နေအုံးမှာပါပဲ။”

မစ္စတာ Darusman ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အဖွဲ့ဝင် ၉ နိုင်ငံ စလုံးရဲ့ တောင်းဆိုချက်အရ သူတို့အဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့ နေ့လည်မှာ ဆက်ပြီးတင်ပြခဲ့တာပါ။

လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပြင် အာဆီယံနဲ့ ကုလသမဂ္ဂကပါ ကြိုးပမ်းနေကြပေမယ့် သူတို့တွေ ဌာနေပြန်ရေးအတွက် အဆင်သင့်မဖြစ်သေးဘူးလို့လည်း မစ္စ Yanghee Lee က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG