သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကျိုးကြောင်းမဆီလျော်တဲ့ စွပ်စွဲချက်များဟု ကုလဆိုင်ရာမြန်မာသံအမတ် တုံ့ပြန်


ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း

မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံ အပေါ်မှာ အဆိုးမြင်နေပြီး ကြိုးကြောင်းခိုင်လုံမှု မရှိဘဲ ဝေဖန် စွပ်စွဲနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်လိုက်ပါတယ်။ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ၇၃ ကြိမ်မြောက် တတိယ ကော်မတီ ရှေ့မှောက်မှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲလို့ ထောက်ပြပြီး နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံး ICC အပြင် ကုလသမဂ္ဂဘက်ကပါ မြန်မာနိုင်ငံကို အရေးယူနိုင်ရေး တညီတညွတ်တည်း ရပ်တည်ကြဖို့ တိုက်တွန်းခဲ့တာပါ။ ကုသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ ပြောဆိုချက်တွေက လုပ်ပိုင်ခွင့်ကို ကျော်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုဆွမ်းက တုံ့ပြန်ပါတယ်။ မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

"သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ FFM အစီရင်ခံစာတို့ဘာတို့ဆိုတာတွေက တကယ် အင်တာဗျူးနဲ့ပဲ လုပ်တဲ့ကိစ္စတွေပါပဲ။ ဒီ အင်တာဗျူးနဲ့တော့ ဆုံးဖြတ်လို့မရဘူးခင်ဗျ။ ပါးစပ်က ပြောတဲ့တခုနဲ့တော့ ဘာမှ အတိအကျ ဆုံးဖြတ်လို့မရဘူးခင်ဗျ။ တရားဥပဒေအရ ခိုင်လုံတဲ့ ဒီဟာကို သက်သေပြပြီးတော့ ဆုံးဖြတ်မှုကတော့ ရှိရမှာပေါ့။ စွပ်စွဲချက်တခုခုဆိုတာက တရားဥပေဒကြောင်းအရလည်း စွပ်စွဲတာ တခုရှိတယ်ဆိုရင် အဲဒါကို ခိုင်လုံတဲ့ ဆုံးဖြတ်ချက်နဲ့ စွပ်စွဲတာ မှန်တယ်ဆိုတဲ့ သက်သေအထောက်အထားနဲ့ လုပ်နိုင်ပြီဆိုတော့မှ ဒါက အတည်ဖြစ်တာကို။ အဲဒီလို တရားရုံးတို့ဘာတို့ကနေ ဆုံးဖြတ်ချက် အတည်မရှိပဲနဲ့ ကျနော်တို့က အဲဒါကို ဘယ်လို အမှန်လို့ ယူလို့ရမလဲခင်ဗျ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့စွပ်စွဲတာ ဆုံးဖြတ်တာ အမည်တပ်တာဆိုတာမျိုးတွေပေါ့ ကျနော်တို့ကတော့ လုံးဝလက်မခံနိုင်ပါဘူး။

မသိင်္ဂီထိုက် ။ ။ ယန်ဟီးလီ Report ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းမှုကနှေးလာတယ် သူအဓိကထောက်ပြတာက သတင်းထောက်တွေဖမ်းတယ်။ ဖိနှိပ်တဲ့ ဥပဒေတွေမဖြတ်နိုင်ဘူး။ နောက်တခါ ရှမ်းတို့ ကချင်ပြည်နယ်တို့မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပါတယ်။ ဆိုတော့ ဒီအပေါ်မှာရော ဒီစွပ်စွဲချက်လိုပဲ သံအမတ်ကြီးအနေနဲ့ လက်မခံနိုင်ဘူးလား။ ဒီအချက်တွေကိုရော ဘယ်လိုသဘောထားပါသလဲ။

သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ Democratic Space က ကျဉ်းသွားတယ်ဆိုတာကို ကျနော်လက်မခံဘူး။ လက်မခံဘူးဆိုတာက ကျဉ်းသွားတာမဟုတ်ဘူး အရေးယူထားတာတွေဆိုတာကလည်း တည်ဆဲဥပဒေပေါ်မှာမူတည်ပြီးတော့ အရေးယူတာတွေဖြစ်နေတာကို။ ဆိုတော့ မလျော်ကန်တော့တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ဆိုတာကလည်း အစိုးရကလုပ်နေပါတယ်။ အဲဒီတော့ ဒီကြားထဲမှာ ကျနော်တို့က တချိန်လုံးပြောနေလို့ မဖြစ်ဘူး အသွင်ကူးပြောင်းရေးကလည်း သွားနေတဲ့ ကာလဖြစ်နေသေးတယ်။ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်လည်း မရောက်သေးဘူး။ အဲဒါကြောင့် ဒီကာလမှာ ဖြစ်နေတဲ့ဟာတွေကိုတော့ Democratic Space ကို ကျုံ့လိုက်တယ်ဆိုတာကိုတော့ ကျနော်တို့လက်မခံနိုင်ပါဘူး အဲဒါတချက်။ နောက်တခုကတော့ ကချင်တို့ ရှမ်းတို့မှာဖြစ်နေတာတွေကလည်း တပ်ပိုင်းဆိုင်ရာ တင်းမာမှုတွေ အခက်အခဲတွေကတော့ ၂ ဖက်စလုံးပါတာပေါ့နော်။ တခုတည်း ကျနော်တို့အဲဒါကို ဆုံးဖြတ်ပြီးတော့ လုပ်လို့မရဘူး။ တချိန်တည်းမှာလည်း ငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်ရေးအတွက်လည်း အင်နဲ့အားနဲ့ အစိုးရက လုပ်နေတာပဲ။ ညှိနှိုင်းမှုတွေလည်းလုပ်နေတယ် တလောကပဲ NCA ၃ နှစ်ပြည့်အထိမ်းအမှတ်ကို လုပ်ပြီးတော့ ကျနော်တို့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ ကိုယ်တိုင်တွေ့ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်မတော်ပိုင်းဆိုင်ရာတွေ တွေ့ပြီးတော့မှ ဒါကိုအစိုးရက အတတ်နိုင်ဆုံး အကန့်အသတ်တွေ၊ အခက်အခဲတွေ အများကြီးထဲက လုပ်နေတာဖြစ်တယ်။ ဒါကိုတော့ နားလည်မှုပေးရမယ်။ နားလည်မှုမပေးပဲနဲ့ လိုချင်တဲ့ပုံစံနဲ့သွင်းပြီး အခုဆိုရင် FFM လည်းရှိတယ်၊ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းလုပ်ရမယ် ၊ ICC ကိုတင်ရမယ် ဆိုတာက အဲဒါကိုက အဓိပ္ပါယ်မရှိဘူး။ အဲဒါက သူ့လုပ်ပိုင်ခွင့်ကို ကျော်နေပြီ ၊ ICC တင်ဖို့က ပြောစရာအကြောင်းမရှိဘူး ဒါကို ကျနော်တို့ ဆိုလိုတာပါ။"

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုဆွမ်းကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG