သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒီမိုကရေစီနယ်ပယ် ကျဉ်းမြောင်းလာမှု ကုလအထူးကိုယ်စားလှယ် ထောက်ပြ


 ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၇၃ ကြိမ်မြောက် တတိယကော်မတီမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee အစီရင်ခံ
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၇၃ ကြိမ်မြောက် တတိယကော်မတီမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee အစီရင်ခံ

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကပဲ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၇၃ ကြိမ်မြောက် တတိယကော်မတီရှေ့မှောက်မှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေ ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးတော့ ကြီးမားနေတုန်းပဲဖြစ်တယ်။ ဒါတွေကို အဆုံးသတ်နိုင်ဖို့ ကုလနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းသင့်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီနယ်ပယ် ကျဉ်းမြောင်းလာနေကြောင်း ပြောခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဒေါ်လှလှသန်းက ပြောပြမှာပါ။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့တတိယကော်မတီမှာ အောက်တိုဘာ ၂၃ ရက် အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee အစီရင်ခံခဲ့ရာမှာ ပြီးခဲ့တဲ့လက လူ့အခွင့်အရေးကော်စီက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် ချမှတ်နိုင်ခဲ့တာဟာ အားတက်စရာဖြစ်တယ်လို့ အခုလို အစချီပြောခဲ့ပါတယ်။

“ တရားမျှတမှုနဲ့ ပတ်သက်လို့ မြန်မာလူမျိုးတွေအတွက် မျှော်လင့်ချက်ရောင်ချီသန်းခဲ့တာက ကြေနပ်စရာပါ။ စက်တင်ဘာလက ကျမအကြံပြုခဲ့တဲ့နောက်ပိုင်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန်တိုက်တွန်းမှုကြောင့် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့တာပါ။ ၂၀၁၁ က စလို့ မြန်မာနိုင်ငံမှာ အဆိုးဆုံးကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ပြစ်မှုတွေ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှုတွေကို စုဆောင်းရှာဖွေစုံစမ်းစစ်ဆေးပြီး ခွဲခြားစိတ်ဖြာ စိစစ်နိုင်မယ့် သီးခြားလွတ်လပ်တဲ့ Mechanism တရပ်ချမှတ်နိုင်ခြင်းပါပဲလို့ Ms. Yanghee Lee ပြောသွားခဲ့တာပါ။

ဒါ့အပြင် ၂၀၁၄ ကစလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၆ကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြန်မာအစိုးရက သူ့အပေါ် ပြီးခဲ့တဲ့နှစ်က ပြည်ဝင်ခွင့်ပိတ်ပင်တာနဲ့ ပတ်သက်လို့ ပြန်လည်စဉ်းစားပေးဖို့ Ms. Yanghee Lee တိုက်တွန်းခဲ့ပါတယ်။

“မြန်မာအစိုးရကပြည်ဝင်ခွင့်ပိတ်ပင်တာကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းစစ်ဆေးနိုင်ဖို့ အခက်အခဲရှိစေခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီရပ်တည်ချက်ကို ပြောင်းလဲလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ကျမနဲ့အတူ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ကြိမ်ဖန်များစွာ VISA မပေးခြင်းဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ ပေးထားတဲ့ ကတိကို ဆန့်ကျင်ရာရောက်ပါတယ်လို့ Ms. Yanghee Lee ထောက်ပြခဲ့တာပါ။

ဆက်ပြီး သူ့အနေနဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး မျှော်လင့်ချက်ထားခဲ့ပေမယ့် လက်တွေ့အခြေအနေကြောင့် သူ စိတ်ပျက်ခဲ့ရတယ်လို့ Ms. Yanghee Lee ပြောပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ မြန်မာအစိုးရဘက်က လုပ်ဆောင်ခဲ့ခြင်းမရှိတာကို ထောက်ပြခဲ့ပါတယ်။

“မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့ အခြေအနေတွေကို ရှင်းပြလိုပါတယ်။ အရပ်ဖက်အစိုးရဟာ စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုပြီး မြန်မာအစိုးရအရာရှိတွေက အမြဲဆင်ချေပေးခဲ့ပါတယ်။ ဒါက မှန်ပါတယ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကို သိသာတဲ့အာဏာပေးထားပါတယ်။ ဒါပေမယ့် အရပ်ဖက်အစိုးရဌာနတွေက လုပ်နိုင်စွမ်းရှိတာ အများကြီးရှိပါတယ်။ ဒါပေမယ့်သူတို့က သိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် လုပ်နိုင်ပေမယ့် မလုပ်တာတွေ့ရပါတယ်။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် အနေနဲ့လည်း ဒီမိုကရေစီအတွက် ကာလကြာရှည်တိုက်ပွဲဝင်ခဲ့တာတွေကို မမေ့သင့်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှုတွေ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုတွေအတွက် သူ့အနေနဲ့ ကျင့်ဝတ်သိက္ခာပိုင်းနဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီး အဆုံးသတ်ဖို့ ကျမအနေနဲ့ တိုက်တွန်းပါတယ် လို့ Ms. Yanghee Lee ပြောသွားခဲ့တာပါ။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ပေမယ့်လို့ မြန်မာအစိုးရဘက်က လုပ်သင့်ပေမယ့် မလုပ်ခဲ့မှုတွေကြောင့် ဒီမိုကရေစီနယ်ပယ်ဟာ ပိုကျဉ်းမြောင်းလာတာတွေ့ရတယ်လို့ Ms. Yanghee Lee ထောက်ပြခဲ့တာပါ။

“အစိုးရအနေနဲ့ ဒီမိုကရေစီနယ်ပယ် ပိုကျဉ်းမြောင်းမှုတွေကို အဆုံးသတ်စေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ရွေးချယ်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရလုပ်ခဲ့တာတွေနဲ့ လုပ်သင့်ပေမယ့် မလုပ်ခဲ့မှုတွေကြောင့်အခြေအနေဟာ ပိုဆိုးလာနေပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ပြုပြင် ဒါမှမဟုတ် ဖျက်သိမ်းဖို့ ကျမနှစ်ပေါင်းများစွာ ထောက်ပြခဲ့ပါတယ်။ ဒါပေမယ့် ဆက်ပြီးရှိနေစဲပါ။ ပြဌာန်းခဲ့တဲ့ ဥပဒေသစ်တွေဟာ ဖိနှိပ်ချုပ်ချယ်ပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း မကိုက်ညီပါဘူး။ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးကတော့ လူ့အခွင့်အရေးနဲ့ မတရားမှုတွေကိုထောက်ပြသူတွေကို အရေးယူဖို့ လက်နက်သဖွယ်အသုံးပြုတဲ့ ကိုလိုနီ ခေတ်ဥပဒေတွေ ဆက်ရှိနေခြင်းပါပဲ။ ရလဒ်ကတော့ နှုတ်ပိတ်ခံနေရတာနဲ့ ကိုယ်ပိုင်ဆင်ဆာတည်းဖြတ်ခြင်းဖြစ်ပါတယ် လို့ Ms. Yanghee Lee ထောက်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ ရှေ့နေတွေ သတင်းထောက်တွေ လှုပ်ရှားသူတွေအနေနဲ့ တရားဝင်လွတ်လပ်စွာ လုပ်ဆောင်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူခံရတဲ့ သတင်းတွေ ကိုလည်း သူ့အနေနဲ့ ပုံမှန်ကြားသိနေရကြောင်း Ms. Yanghee Lee ထောက်ပြခဲ့ပြီး Reuters သတင်းထောက် ၂ ဦးဖမ်းဆီးခံရမှု ၊ ၂၀၁၅ က ပညာရေးပေါ်လစီအပေါ် ဆန္ဒပြသူတွေဘက်က ရှေ့နေလိုက်ခဲ့တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို ထောင်ဒဏ် ၆ လ ချမှတ်မှုအပြင် အခုနောက်ဆုံး ရန်ကုန်တိုင်းအစိုးရအပေါ်ဝေဖန်ခဲ့လို့ Eleven media သတင်းထောက် ၃ ဦးဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ Ms. Yanghee Lee ထည့်သွင်းပြောကြားပြီး ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ လုပ်ငန်းတာဝန် ထမ်းဆောင်မှုကို ရာဇဝတ်မှုလို့ သတ်မှတ်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းမှာ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ၂၀၁၁ ကစလို့ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ဟာ IDP အိုးအိမ်မဲ့တွေ ဖြစ်နေပြီး လူသားချင်းစာနာမှု အထောက်အကူရရှိမှုတွေနည်းပါးနေတာတွေ၊ ရခိုင်ပြည်နယ်မှာလည်း အသစ်ဆောက်တဲ့ အိမ်ရာတွေဟာ မူဆလင်တွေနဲ့ တခြားလူ့အဖွဲ့အစည်းတွေကို ခွဲခြားရာရောက်တဲ့အတွက် အသားအရောင်ခွဲခြားမှု အသွင်အခြေအနေကိုရောက်နေတယ်လို့ Ms. Yanghee Lee ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ သွားရောက်နေထိုင်ကြပြီး သူတို့တွေဌာနေ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက်လည်း သူ့အနေနဲ့ သံသယရှိတယ်လို့ Ms. Yanghee Lee ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် မြန်မာလူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားသင့်တယ်လို့ Ms. Yanghee Lee တိုက်တွန်းခဲ့ပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ လက်ရှိ ICC နဲ့ လူ့အခွင့်အရေးကောင်စီတို့က အရေးယူနိုင်ဖို့ ကြိုးပမ်းမှုကို ကျမကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်မှုအပြင် ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူသားတွေအပေါ် ကျူးလွန်မှုတွေဟာ နိုင်ငံတကာဥပဒေအရ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပေမယ့် မြန်မာအစိုးရက အပြစ်မရှိကြောင်း ဆက်ငြင်းနေတာ တွေ့ရပါတယ်။ လက်ရှိ ICC နဲ့ လူ့အခွင့်အရေးကောင်စီတို့ရဲ့ အရေးယူကြိုးပမ်းမှုတွေဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်ကြပေမယ့် ကျူးလွန်သူတွေဟာ အရေးယူခြင်းမခံရတာ ကာလကြာရှည်ဖြစ်နေပြီအတွက်ကြောင့် ဒါကိုအဆုံးသတ်နိုင်ဖို့ ကျူးလွန်သူတွေကို အရေးယူနိုင်တဲ့ တာဝန်တွေကို ပျက်ကွက်နေတာ တွေ့ရပါတယ် လို့ Ms. Yanghee Lee ပြောခဲ့ပြီး ICC နဲ့ လူ့အခွင့်အရေးကောင်စီအပြင် လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့က တညီတညွတ်တည်း ရပ်တည်ကြပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်ကြဖို့ကိုလည်း Ms. Yanghee Lee က နိဂုံးမှာ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG