သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ၂၁ ရာစုပင်လုံ တက်မည်


ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ ဒီစနေနေ့မှာ အာရှခရီးစဉ်ကို စတင်မှာ ဖြစ်ပြီး သြဂုတ်လ ၃၀ အင်္ဂါနေ့ ညနေမှာတော့ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

"အဲဒီညနေဘက်မှာ အတွင်းရေးမှုးချုပ်ဟာ မြန်မာနိုင်ငံကို သွားမှာပါ။ သူဟာ နိုင်ငံတော်၏အတိုင်ပင်ခံလည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပါတယ်" လို့ ပြောသွားတာပါ။

ဒီနောက်မှာ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို လည်း တက်ရောက်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အတွင်းရေးမှုးချုပ်ဟာ သမ္မတ ဦးထင်ကျော်နဲ့ရော မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ပါ တွေ့ဆုံမှာ ဖြစ်တဲ့အပြင် တခြားနိုင်ငံရေးပါတီနဲ့ လူမှု လူ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မစ္စတာဘန် အခုလို နေပြည်တော်မှာ ရှိနေစဉ် ဘာသာပေါင်းစုံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဌာနေကိုယ်စားလှယ်ရုံးက စီစဉ်ထားကြောင်းလည်း သိရပါတယ်။

အတွင်းရေးမှုးချုပ်ဟာ သူ့ရဲ့ အာရှခရီးစဉ်ကို စင်္ကာပူနဲ့ စတင်မှာ ဖြစ်ပြီး စင်္ကာပူမှာ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာတော့ စင်္ကာပူအမျိုးသားတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှုင့်တာကို လက်ခံမှာဖြစ်ပြီး စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ် ကျောင်းသားတွေကို Ho Rih Hwa ခေါင်းဆောင်မှု အကြောင်း ဟောပြောမှာ ဖြစ်ပါတယ်။

စင်္ကာပူကနေ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ညနေမှာတော့ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်ကို ဆက်သွားမှာပါ။ သီရိလင်္ကာမှာ သမ္မတ Maithripala Sirisena ၊ ဝန်ကြီးချုပ် Ranil Wickremesinghe အပြင် လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပမယ့် G 20 ညီလာခံကို တက်ရောက်ဖို့ ရှိပြီး အဲဒီကမှတဆင့် လာအိုနိုင်ငံကို သွားရောက်ပြီး စက်တင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ၈ ကြိမ်မြောက် အာဆီယံ- ကုလသမဂ္ဂ ထိပ်သီးညီလာခံနဲ့ နောက်တနေ့မှာ ကျင်းပမယ့် ၁၁ ကြိမ် မြောက် အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးရောက်ကို ပြန်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ်မေလ နာဂစ်မုန်တိုင်းဝင်အပြီး အရေးပေါ် လာရောက်ခဲ့သလို ၂၀၀၉ ခုနှစ်ဇူလိုင်လက တကြိမ်၊ ၂၀၁၂ ခုနှစ် ဧပြီလကတကြိမ်၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းဝေး တက်ရောက်ရင်း တကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပြီး ပဉ္စမမြောက်ဖြစ်တဲ့ အခုတကြိမ်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဘန်ကီမွန်း ၂၁ ရာစုပင်လုံ တက်မည်
please wait

No media source currently available

0:00 0:02:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG