သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဘန်ကီမွန်း တောင်းဆို


The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ကုလအတွင်းရေးမှူးဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ နေပြည်တော်ရှိ Jasmine Hotel မှာ တွေ့ဆုံနေစဉ် (ဧပြီ ၂၄၊ ၂၀၂၃)
The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ကုလအတွင်းရေးမှူးဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ နေပြည်တော်ရှိ Jasmine Hotel မှာ တွေ့ဆုံနေစဉ် (ဧပြီ ၂၄၊ ၂၀၂၃)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ပြီး ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းတဲ့၊ အစုအဖွဲ့အားလုံး ပါဝင်တဲ့ တရားဝင် အစိုးရတရပ် ဖွဲ့စည်းနိုင်ရေး နည်းလမ်း ရှာဖွေကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) က တိုက်တွန်း တောင်းဆို လိုက်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ကြိုတင် အသိမပေးဘဲ ရုတ်တရက် သွားရောက်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းဟာ မနေ့က နေပြည်တော်မှာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လေ့လာစုံစမ်း သိနိုင်မယ့် ဆွေးနွေးမှုတွေ လုပ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ မြန်မာပြည်သူတွေ ခံစားရရှိသင့်တဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လွတ်လပ်ခွင့်တွေ အတွက် တတ်နိုင်တာအားလုံး ကူညီသွားမှာ ဖြစ်တယ်လို့ ဒီကနေ့ The Elders အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားပါတယ်။ လူသိများထင်ရှားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး ပညာရှင်တွေ ပါဝင်ပြီး ကမ္ဘာတဝန်း လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ အနေနဲ့ မစ္စတာ ဘန်ကီမွန်း သွားရောက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တာဖြစ်ပြီး မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပြင်၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးခဲ့တာဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တခြား စစ်ဘက်အရာရှိတွေအပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ဆုံတာ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသားအားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားဖို့နဲ့ အကြမ်းဖက်မှုတွေ မဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ဒီကနေ့ ထုတ်ပြန်တဲ့ The Elders အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG