သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ်ဟောင်း မြန်မာပြည်မှပြန်လည်ထွက်ခွာ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Ban Ki Moon (ဗဟို-ဝဲ) နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဗဟို-ယာ) တို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်. (ဧပြီ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Ban Ki Moon (ဗဟို-ဝဲ) နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဗဟို-ယာ) တို့ တနင်္လာနေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်. (ဧပြီ ၂၄၊ ၂၀၂၃/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)


ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ တနင်္လာနေ့က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွါသွားပြီ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တနင်္လာနေ့မွန်းလွဲပိုင်းက ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ မစ္စတာဘန်ကီမွန်းတို့ နေပြည်တော်ရှိ Jasmine Hotel မှာ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ “မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ”တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Ban Ki Moon နဲ့ အလုပ်လုပ်နေတဲ့ သံတမန်ဟောင်းတယောက်ကတော့ ဒီ ခရီးစဉ်ကို စီစဉ်ခဲ့တာကြာပြီဖြစ်ကြောင်း၊ အကြိမ်များစွာရွှေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ မစ္စတာဘန်ကီမွန်းက တောင်းဆိုကြောင်းလည်း အဆိုပါသံတမန်ဟောင်းက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမဲ့ မစ္စတာဘန်ကီမွန်းက တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။ ဒီခရီးစဉ်မှာ သမ္မတဟောင်းဦးသိန်းစိန်နဲ့တော့ မစ္စတာဘန်ကီမွန်းက တွေ့ဆုံခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံသံရုံးကတော့ ဘန်ကီမွန်းရဲ့ခရီးစဉ်မှာ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ပါဝင်ပါတ်သက်မှုမရှိဘဲ The Elders အဖွဲ့က လုံးလုံးလျားလျား စီစဉ်တဲ့ ခရီးစဉ်သာဖြစ်တဲ့အကြောင်း တောင်ကိုရီးယားနိုင်ငံက တရားဝင်စေလွှတ်တဲ့ခရီးစဉ်မဟုတ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုတာကို AP သတင်းမှာ ရေးပါတယ်။ Ban Ki-Moon ဒု ဥက္ကဋ္ဌအဖြစ်တာဝန်ယူတဲ့ The Elders အဖွဲ့ဟာ ၂၀၀၇ ခုနှစ်က တောင်အာဖရိကသမ္မတဟောင်း Nelson Mandela စတင်တည်ထောင်ပြီး နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ တော်တော်များများပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG