သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း နောက်ဆုံးသတင်းစာရှင်းပွဲ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နောက်ဆုံး သတင်းစာရှင်းပွဲ ။ ( ဒီဇင်ဘာ ၁၆၊ ၂၀၁၆)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နောက်ဆုံး သတင်းစာရှင်းပွဲ ။ ( ဒီဇင်ဘာ ၁၆၊ ၂၀၁၆)

ဒီနှစ်ကုန်မှာ တာဝန်ကနေ အနားယူတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က - သူ့ရဲ့နောက်ဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း - ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို ငရဲခန်းတခုအဖြစ် ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

ဆီးရီးယားစစ်ပွဲအပါအဝင် ကမ္ဘာကြီးမှာ ဖြေရှင်းရမယ့်ပြဿနာတွေကျန်ရှိနေသေးတာကို Mr. Ban Ki Moon ကပြောကြားထောက်ပြ ပြောသွားခဲ့တာပါ။

ဆီးရီးယားလူထုအတွက် အားလုံးက တာဝန်ပျက်ကွက်ခဲ့ကြသလို - အားလုံးတွေ့မြင်နေရတဲ့ စိတ်မချမ်းမြေ့စရာ ရာဇဝတ်မှုတွေအတွက် စာနာမှု၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေရှိမှသာ ငြိမ်းချမ်းရေးရရှိနိုင်မှာ ဖြစ်ကြောင်းလည်း မစ္စတာ ဘန် က ပြောဆိုခဲ့ပါတယ်။

သောကြာနေ့ အစောပိုင်းမှာတုန်းကတော့ - ဆီးရီးယားအစိုးရက အလက်ပိုမြို့အရှေ့ပိုင်းကနေ အရပ်သားတွေ ဘေးကင်းရာ ရွှေ့ပြောင်းပေးနေတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် - အဝိုင်းပိတ်ဆို့ခံထားရတဲ့ မြို့တွင်းမှာ လူပေါင်း ထောင်နဲ့ချီ ပိတ်မိနေခဲ့ပါတယ်။

သူပုန်တွေဘက်ကတော့ - လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့ ရွာနှစ်ရွာကနေ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရာမှာ သူတို့အပေါ် ဖိအားပေးဖို့အတွက် အစိုးရက အစီအစဉ်ကို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အစိုးရဘက်ကတော့ ကယ်ဆယ်ရေးယာဉ်တန်းတခုကို သူပုန်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် အစီအစဉ်ကို ရပ်ဆိုင်းရတာလို့ တုံ့ပြန်ခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ - ဆီးရီးယားအစိုးရ အနေနဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့တဲ့အစီအစဉ်ကို ဆက်ပြီး ခွင့်ပြုဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

ဘေးကင်းရာနေရာကို ပြောင်းရွှေ့တဲ့အစီအစဉ် ပြန် စ နိုင်အောင် သက်ဆိုင်သူတွေအားလုံးက လိုအပ်သလို ဆောင်ရွက်ကြဖို့ကို ကုလသမဂ္ဂက တောင်းဆိုကြောင်းလည်း မစ္စတာ ဘန် က ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး နှုတ်ဆက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ - တောင်ဆူဒန်နိုင်ငံက ဖြစ်ပွားနေဆဲ ပဋိပက္ခ၊ အနောက်ဘက်ကမ်းမြောင်မှာ အစ္စရေးလ်အခြေချမှုတွေနဲ့ ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက် လက်မှတ်ရေးထိုးမှု အပါအဝင် အကြောင်းအရာမျိုးစုံကို ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG