သြဂုတ်လ (၃၁)ရက်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လက်ခံရရှိခဲ့ပေမဲ့ သူကိုယ်တိုင် တက်ရောက်ဖို့ ဖြစ်နိုင်မဖြစ်နိုင် လောလောဆယ် အတည်မပြုနိုင်သေးကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမယ့် မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်ရေးနဲ့ အားလုံးပါဝင်ဖို့ အတွက် ကုလသမဂ္ဂဘက်က ဆက်ပြီး ပံပိုးကူညီဖို့ အသင့်ရှိနေကြောင်း သူက ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။
ဒီညီလာခံကို တက်ရောက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မြန်မာအစိုးရက ဖိတ်ကြားထားနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလိုပြောကြားပါတယ်။
“ငြိမ်းချမ်းရေးညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မယ်လို့ အခုချိန်မှာ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂဘက်က အချိန်မှီကြေညာပါ့မယ်။”
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ဖို့ ကုလသမဂ္ဂရဲ့ပါဝင်မှုအခန်းကဏ္ဍနဲ့ပတ်သက်လို့ သူက အခုလို ဆက်ပြောပါတယ်။
“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းအားထုတ်မှုမှာ ပါဝင်ကူညီခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ နီးပါးကြား ညှိုနှိုင်းဆွေးနွေးပွဲတွေမှာ တရုတ်နိုင်ငံနဲ့အတူ တရားဝင်လေ့လာသူအနေနဲ့ ကုလသမဂ္ဂက ဖိတ်ကြားခံခဲ့ရပါတယ်။”
ဒါအပြင် NCA စာချုပ်မှာလက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့ကနေ မကြာသေးခင်က ကျင်းပခဲ့တဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်ညီလာခံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ ကုလသမဂ္ဂဘက်က သိုသိုသိပ်သိပ်နဲ့ ပါဝင်ခဲ့ကြောင်း သူက အခုလိုဆက်ပြောပါတယ်။
“အဲဒီ ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂဘက်က သက်ဆိုင်သူအားလုံးကို ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်ဆက်ဆံခဲ့သလို ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပေါ်ပေါ်ထင်ထင်မဟုတ်ပဲ သိုသိုသိပ်သိပ်နဲ့ ပါဝင်ခဲ့ပါတယ်။
ကွဲလွဲချက်တွေ အဆင်ပြေချောမွေ့အောင်နဲ့ တင်းမာမှုတွေလျော့ပါးအောင် ကုလသမဂ္ဂကိုယ်စားလှယ်ဘက်က ကြိုးပမ်းခဲ့သလို ဆွေးနွေးပွဲမှာပါဝင်တဲ့ အဖွဲ့တွေကိုလည်း နားလည်မှုနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆိုမှု တွေဖြစ်လာအောင်လည်း ပံပိုးပေးခဲ့ပါတယ်။”
ညှိုနှိုင်းဆွေးနွေးမှုတွေ တိုးတက်ရေးနဲ့ ပိုမိုပြီး အားလုံးပါဝင်နိုင်အောင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကိုပါ ၂၀၁၅ခုနှစ် အောက်တိုဘာလကတည်းက ကုလသမဂ္ဂဘက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ အကယ်၍ သက်ဆိုင်သူတွေဘက်က မေတ္တာရပ်ခံမယ်ဆိုရင် ကုလသမဂ္ဂက အခုအတိုင်း ဆက်ပြီးပံပိုးကူညီသွားမှာဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မကြာခင်ကျင်းပတော့မယ့် ပထမအကြိမ် ၂၁ရာစု ပင်လုံညီလာခံမှာ နှစ်ဘက် ညှိုနှိုင်းလို့မရသေးတဲ့ တအောင်းပလောင်၊ ကိုးကန့်နဲ့ ရခိုင် လက်နက်ကိုင် မဟာမိတ် (၃)ဖွဲ့ ပါဝင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြောင်း ရန်ကုန်မြို့မှာကျင်းပနေတဲ့ ၂၁ရာစုပင်လုံညီလာခံ ပြင်ဆင်ရေးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ ဖယ်ဒရယ်ကောင်စီရဲ့ကိုယ်စားလှယ် ခူဦးရယ်က ပြောပါတယ်။
“ဒီအဖွဲ့ ၃ ဖွဲ့ကိုလည်း လောလောဆယ်အထိကတော့ သူတို့ ဖိတ်ကြားထားဖို့ လုပ်နေ၊ လောလောဆယ်မှာ အစိုးရဘက်က ပြန်လည်စဉ်းစားနေတဲ့သဘောရှိနေတယ်လို့ပဲ ကျနော်အကြမ်းဖျင်း နဲ့ ပြောလို့ရမယ်ထင်ပါတယ်။ မူလကတော့ သူတို့က ဖိတ်ကြားဖို့ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ တကယ်တမ်း ဒီ ၃ ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ညှိနှိုင်းဆွေးနွေးမှုက သူတို့ နည်းနည်း အဆင်မချောတဲ့သဘောဖြစ်တော့ အဲဒီအတွက်ကြောင့် သူတို့ ဖိတ်ကြားမှုကို ခနရပ်ဆိုင်းထားပြီးတော့ ပြန်လည်သုံးသပ်တယ်ဆိုတဲ့အနေအထားမျိုးကို ကျနော်တို့ ကြားရပါတယ်။
ကျနော်ပဲ မေးလိုက်ပါတယ် သူတို့ကို ပါဝင်တက်ရောက်နိုင်ဖို့အတွက် အခွင့်အလမ်းသူတို့အတွက်များ စဉ်းစားချက်ရှိသလားဆိုပြီးတော့ မေးလိုက်ပါတယ်။ အဲဒီတော့ အဖြေက ဒါပါပဲနော် သူတို့ ဒီကြားထဲမှာလည်း တိုးတက်မှုရှိကောင်းရှိနိုင်တာပေါ့နော်။ ရှိမယ်ဆိုရင်သူတို့ ဖိတ်ကြားခံရမှာပါ။ သူတို့ဘက်ကလည်း ကျနော်တို့သိရသလောက်ကတော့ တက်ရောက်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။”
ညီလာခံမှာ လေ့လာသူတွေအဖြစ် သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ CSO (အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ) အပါအဝင် လူပေါင်း ၁၈၀၀ခန့်အထိ ဖိတ်ကြားသွားမယ်လို့ ညီလာခံဖြစ်မြောက်ရေး တာဝန်ရှိသူတွေဘက်က ပြောပါတယ်။