သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးညီလာခံမှာ ဘန်ကီမွန်း မိန့်ခွန်းပြောကြားမည်


၂၀၁၂ တုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တို့တွေ့ဆုံစဉ်
၂၀၁၂ တုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တို့တွေ့ဆုံစဉ်

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးရရှိဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုအဓိကထားတဲ့ မိန့်ခွန်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-Moon က ၂၁ ရာစုပင်လုံညီလာခံအဖွင့်မှာ ပြောကြားမှာဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့ညနေပိုင်း မြန်မာနိုင်ငံကို သွားရောက်မယ့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားပြီး အားလုံးတန်းတူဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ဖို့အတွက်လဲ စင်္ကာပူမှာ ပြောကြားတဲ့ မိန့်ခွန်းတခုအတွင်း အစိုးရသစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါလိမ့်မယ်။

လောလောဆယ် စင်္ကာပူနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ August လ ၃၀ ရက်အင်္ဂါနေ့ ညနေပိုင်းကျရင် မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ခရီးစဉ်အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ပြီး အဖွင့်မိန့်ခွန်းကို ပြောကြားမှာဖြစ်ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ အဓိကပြောမယ့်အကြောင်းနဲ့ပါတ်သက်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က VOA မြန်မာပိုင်းကို ခုလိုပြောပြပါတယ်။

“သူအဓိကပြောမှာကတော့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်းအရေးကြီးသလို အပြုသဘောတိုးတက်မှုတွေကို မြန်မာတနိုင်ငံလုံးမှာရှိကြသူတွေအားလုံး ခံစားနိုင်ကြဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို သူအဓိကထား ပြောကြားပါလိမ့်မယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ တေ့ွဆုံဖို့ အစီအစဉ်ရှိတာကိုလဲ ပြောခွင့်ရသူ Dujarric က ခုလိုပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လဲဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စီစဉ်ထားပြီး တွေ့ဆုံပွဲအပြီးကျရင် ပူးတွဲသတင်းစာရှင်းပွဲလုပ်ပါလိမ့်မယ်။ သူ့ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပြင် တခြားနိုင်ငံရေးနဲ့ အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လဲတွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးတယ်ဆိုတဲ့ သတင်းစကားကို မြန်မာနိုင်ငံအတွက် သိပ်ကိုအရေးကြီးတဲ့ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်တဲ့အခါမှာ သူပြောမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံတွင်း နေထိုင်နေကြတဲ့ လူမျိုးမတူ ဘာသာမတူသူတွေအားလုံး သဟဇတမျှတစွာနေထိုင်နိုင်ပြီး တန်းတူဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသစ်က ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ Singapore စီမံခန့်ခွဲရေးတက္ကသိုလ် SMU ကစီစဉ်တဲ့ အာရှခေါင်းဆောင်မှုဆိုင်ရာ Ho Rih Hwa ဟောပြောချက်မှာ ပြောခဲ့တာဖြစ်ပါတယ်။

“၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲကနေ မြန်မာနိုင်ငံကို ဘာသာပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ အတူတကွ ဟန်ချက်ညီစွာနေထိုင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် ခေါင်းဆောင်သစ်တွေအနေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ကျော်လွှားနိုင်အောင်လုပ်ဖို့ အရေးကြီးတယ်။ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာပြီး အားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဆောင်ရွက်ဖို့အရေးကြီးတယ်လို့ အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ လမ်းကြောင်းသစ်ပေါ် လျှောက်လှမ်းနေတဲ့အပေါ် အားပေးထောက်ခံတဲ့ စင်္ကာပူနိုင်ငံကိုလဲ ကျေးဇူးတင်ကြောင်းကိုလဲ အာရှခေါင်းဆောင်မှုဆိုင်ရာ Ho Rih Hwa ဟောပြောချက်မှာ သူကပြောကြားခဲ့ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က VOA မြန်မာပိုင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။ ၈ ကြိမ်မြောက် အာရှခေါင်းဆောင်မှုဆိုင်ရာ Ho Rih Hwa ဟောပြော ပို့ချချက်ကို August လ ၂၉ ရက်နေ့က စင်္ကာပူမှာလုပ်ခဲ့တာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဟောပြောပို့ချခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲမှာ အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဖွင့်ပွဲနေ့မှာ သူတက်ရောက်မယ့်အကြောင်းကို ပြောကြားခဲ့တဲ့အပြင် သူ့မတိုင်ခင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို မကြာခင်ကပဲ ဖွဲ့စည်းလိုက်တာဟာ အားရစရာ ခြေလှမ်းတခုဖြစ်တယ်လို့လည်း Mr. Ban Ki-Moon ကပြောပါတယ်။

မြန်မာနိုင်ငံအတွက် စင်္ကာပူနိုင်ငံအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံဖို့ အင်မတန်အရေးကြီးတယ် ဆိုတာကိုလဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူ့ရဲ့ ဟောပြောချက်ထဲမှာ ထည့်ပြီးပြောသွားပါတယ်။ Singapore စီမံခန့်ခွဲရေးတက္ကသိုလ် SMU က စီစဉ်တဲ့ ဟောပြောချက်အတွင်း ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုပြဿနာ၊ ဒုက္ခသည်အရေး၊ ကမ္ဘာတဝန်း ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်စတဲ့ အကြောင်းအရာမျိုးစုံအပေါ် Singapore နိုင်ငံအနေနဲ့ ဘယ်လို အခန်းကနေ အကူအညီပေး ဆောင်ရွက်နိုင်သလဲဆိုတဲ့ သူ့ရဲ့ အမြင်တွေကို Mr. Ban Ki Moon ကပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ စင်္ကာပူနိုင်ငံတို့ ဘုံစိုးရိမ် အလေးထားနေတဲ့ အာရှဒေသတွင်းက ကိစ္စတွေမှာတော့ မြန်မာနိုင်ငံကိစ္စအပြင်၊ တောင်တရုတ်ပင်လယ်နဲ့ ကိုရီးယားကျွန်းဆွယ်ဒေသတွင်းက တင်းမာမှုကိစ္စတွေကိုလည်း Ho Rih Hwa ဟောပြောချက်မှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG