သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖွဲ့အားလုံးပါဝင်မှ ငြိမ်းချမ်းရေးညီလာခံ အဓိပ္ပါယ် ပြည့်ဝမည်


ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်(၃)ဖွဲ့ကို တက်ရောက်ခွင့်ပေးဖို့ နိုင်ငံရေးပါတီ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက နေပြည်တော်မှာကျင်းပတဲ့ ညီလာခံပူးတွဲကျင်းပရေးကော်မတီ စည်းဝေးပွဲမှာ မနေ့တုန်းက ထပ်မံ တိုက်တွန်းခဲ့ကြပေမယ့် လက်နက်ကိုင်(၃)ဖွဲ့က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် အဲဒီအဖွဲ့တွေ ညီလာခံကို တက်နိုင်ဖို့ မသေချာသေးပါဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး တက်ရောက်ခြင်းက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကြောင်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးကော်မတီ ဒုဥက္ကဌ ဦးသုဝေက ပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး တက်ရောက်ခွင့်ရမှသာ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တက်လှမ်းနိုင်မယ်လို့ အများစုက ယုံကြည်နေကြတာကြောင့် အစိုးရက မဖိတ်ပဲချန်ထားတဲ့ - ကိုးကန့် (MNDAA)၊ တအာင်းပလောင်(TNLA) နဲ့ ရခိုင့်တပ်မတော် (AA)စတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် (၃)ဖွဲ့ကို ဖိတ်ကြားဖို့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက နေပြည်တော် သင်္ဂဟဟိုတယ်မှာ မနေ့ကကျင်းပတဲ့ ညီလာခံပူးတွဲကျင်းပရေး ကော်မတီ စည်းဝေးပွဲမှာ တိုက်တွန်းခဲ့ကြတာပါ။ အစိုးရရဲ့တုန့်ပြန်ချက်နဲ့ ပတ်သက်လို့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးကော်မတီ ဒုဥက္ကဌ ဦးသုဝေက VOA မြန်မာပိုင်းကို ခုလိုရှင်းပြပါတယ်။

“ကျနော်တို့အစည်းအဝေးတက်ရောက်တဲ့အဖွဲ့တွေ အကုန်လုံးပေါ့ဗျာ ကျနော်တို့ နိုင်ငံရေးပါတီကရော နောက်ပြီးတော့ လက်နက်ကိုင်တဲ့အဖွဲ့တွေရော အဲဒါတွေကနေ ကျနော်တို့ တင်ပြတဲ့ အခါကျတော့ သူတို့ကလည်း ရှင်းပြတာပေါ့နော်။ သူတို့ အဲဒီစကားလုံးတွေမှာ တစ်နေတာလေးတခု ပဲရှိတယ်ပေါ့နော်။ အဲဒီ တစ်နေတာလေးကို ပြေလည်အောင်ပြောနိုင်မှသာလျင် ဒါသူတို့ လက်ခံမယ်ဆိုတာ။ အခုထက်ထိကတော့ တံခါးက ဖွင့်ထားတယ်။ မနက်ဖြန်ညီလာခံကြီး မကျင်းပသေးခင်အထိကို သူတို့ဆီက အကြောင်းပြန်မယ်ဆိုရင် လက်ခံမှာပါ။ အဲဒီတော့ အဲဒါလေးကို စောင့်နေပါတယ်ဆိုပြီးတော့ ဒါက အစိုးရကနေပြောတာပေါ့နော်။ ဆိုလိုတာကတော့ ၂ ဘက်စလုံး ကလည်း အဲဒီစကားလုံးလေး တစ်နေတဲ့ဟာကို လုပ်လို့မရသေးဘူးဖြစ်နေတာပေါ့နော်။”

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် (၃)ဖွဲ့ အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်လိုတဲ့ဆန္ဒရှိကြောင်း ကြေညာချက်ထုတ်မှသာ အစိုးရဖက်ကလည်း ဒီ ၃ဖွဲ့ကို ၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ ဖိတ်ကြားနိုင်မှာဖြစ်ကြောင်း ပင်လုံညီလာခံ ကြိုတင် ညှိနှိုင်းရေးကော်မတီဝင် တာဝန်ရှိသူတွေက အစောပိုင်းမှာ ပြောကြားခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင် (၃)ဖွဲ့ကတော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့-ဆိုတဲ့ စာသားအစား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ ဆန္ဒရှိပါသည်ဆိုတဲ့ သဘောမျိုးသာ ကြေညာချက် ထုတ်ပြန် နိုင်မှာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ရေးကို သူတို့အနေနဲ့လိုလားကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ကတော့ တိုက်တွန်းနေတာ အားလုံးပါဝင်တက်ရောက်ရေးကိုပဲ တိုက်တွန်းတာပဲလေ။ ဒါမှလည်း အားလုံးပြီးပြတ်သွားမှာပေါ့။ ကျနော်တို့က တိုက်တွန်းသလိုပဲ သူတို့က လည်းကြိုးစားတယ်လို့ဆိုတာပေါ့ဗျာနော်။ အထူးသဖြင့် မိုင်းလားဆိုရင် သူက ခုန ၃ ဖွဲ့တက်ရောက် နိုင်ရေးအတွက် သူက ကြားကနေပြီးတော လုပ်ပေးနေတယ်လို့ ကျနော်တို့ တွေ့ရပါတယ်။”

အခုလို အစိုးရနဲ့ မြန်မာ့တပ်မတော်ဖက်က လက်နက်ကိုင် မဟာမိတ် ၃ဖွဲ့ပေါ် ကြိုတင်ကန့်သတ်ချက် ထားတာနဲ့ပတ်သက်လို့ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးသုဝေကလည်း မှတ်ချက်ပေးပြောဆိုပါတယ်။

“ဒီငြိမ်းချမ်းရေးညီလာခံကြီးသည် ရတာနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ရသွားမယ်လို့လည်း မဟုတ်သေးဘူးလေဗျာ။ ကျနော်တို့ လိုလားချက်တွေ ပြဿနာတွေက အများကြီးရှိတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးမှာ သဘောတူညီချက်ရသည်ဆိုသည့်တိုင်အောင်တောင် ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှုတွေက အများကြီး လုပ်ရဦးမှာလေနော်။ အဲဒီတော့ အဲဟာတွေကို ဆက်ပြီးတော့ လုပ်ရဦးမှာဆိုတော့ ငြိမ်းချမ်းရေးကိစ္စဆိုရင် တခါတည်း ပြီးသွားမှာမဟုတ်ဘူးလေနော်။ ဆက်ပြီးတော့ လုပ်ရမှာပဲ ဆက်ပြီးတော့ ကြိုးစားရမှာပဲ ။ ဒီတော့မှသာလျှင် ကျနော်တို့ အပြီးတိုင် ငြိမ်းချမ်းရေးရမှာ ။ ကျနော်တို့ အခုမျှော်လင့်ထားတာကတော့ အနည်းဆုံး ၃ နှစ်မှ ၅ နှစ် အထိ ကြိုးစာရမယ်လို့ မှန်းချက်လုပ်ထားတာပေါ့နော်။”

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ(၃၁)ရက် ဗုဒ္ဓဟူးနေ့ကနေ စက်တာဘာ(၃)ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပြီး၊ ဆွေးနွေးမှုတွေ မပြီးပြတ် ခဲ့ရင် စက်တာဘာ(၄)ရက်နေ့ထိ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG