သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့တို့ ပင်လုံညီလာခံတက်ဖို့ မသေချာသေး


တအာင်းပလောင်တပ် (PSLF -TNLA News & Information Department)
တအာင်းပလောင်တပ် (PSLF -TNLA News & Information Department)

နှစ်ဖက်သဘောထား ညှိနှိုင်းလို့မရတဲ့အတွက် ကိုးကန့်၊ တအောင်းပလောင်နဲ့ ရခိုင် လက်နက်ကိုင် မဟာမိတ်(၃)ဖွဲ့အနေနဲ့ (၂၁)ရာစုပင်လုံညီလာခံတက်ဖို့ အခုချိန် မသေချာသေး ဘူးလို့ မြန်မာအစိုးရ တာဝန်ရှိသူတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ပြောပါတယ်။

ညီလာခံ တက်ရေးအတွက် အစိုးရဘက်က ကြိုတင် ကန့်သတ်ချက် ထားရှိတာဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးပါဝင်ရေး ဆိုတဲ့မူကို ထိခိုက် စေကြောင်း လက်နက်ကိုင် မဟာမိတ် (၃)ဖွဲ့ဘက်ကလည်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်း နိုင်က တင်ပြပေးမှာပါ။

ကိုးကန့်၊ တအောင်းပလောင်၊ ရခိုင် လက်နက်ကိုင် မဟာမိတ်(၃)ဖွဲ့အနေနဲ့ “လက်နက်ကိုင် လမ်းစဉ်ကို အပြီးတိုင် စွန့်လွှတ်ချုပ်ငြိမ်းလိုတဲ့ ဆန္ဒအပြည့်အ၀ ရှိပါသည်” ဆိုတဲ့သဘောထား ကြေညာချက်ကို ညီလာခံမတိုင်ခင် ထုတ်ပြန်ပေးဖို့ အစိုးရဘက်က ညှိနှိုင်းခဲ့ပေမဲ့ အခုချိန်ထိ သဘောတူ ညီချက်မရ တာကြောင့် သြဂုတ်လ (၃၁)ရက်မှာ ကျင်းပမယ့် (၂၁)ရာစုပင်လုံညီလာခံ တက်ရေး ဖိတ်ကြားဖို့ မဖြစ်နိုင်ကြောင်း ညီလာခံကြိုတင် ပြင်ဆင်ရေး ကော်မတီဝင်လည်းဖြစ်၊ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့က သူတို့နဲ့ညှိုနှိုင်းတဲ့အခါမှာ ငြိမ်းချမ်းကော်မရှင်ရော၊ ညီလာခံအကြိုပြင်ဆင်ရေးကော်မတီအနေနဲ့ရော ညှိုနှိုင်းတယ်။ ညှိုနှိုင်းတဲ့အခါမှာ အဓိက ဒီဘက်က ချထားတဲ့ ပေါ်လစီက ပထမဦးဆုံး Statement (သဘောထားကြေညာချက်) ထုတ်ပေးရမှာပေါ့နော်။ အဲဒီလိုဖြစ်တဲ့အခါကျတော့ နှစ်ဘက် ညှိကြတာပေါ့။ အဲဒီညှိတဲ့အခါမှာ အဲဒီကြေညာချက်ထုတ်ဖို့ ကိစ္စမှာ နဲနဲလေး အဖုအထစ် နှစ်ဦးနှစ်ဘက် သဘောတူညီချက် မရတဲ့အခြေအနေရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့ကတော့ သူတို့က အဲဒီ Statement ကို ခုနက ညှိနှိုင်းထားတဲ့အတိုင်း မထုတ်ပြန်နိုင်ဘူးဆိုရင် ကျနော်တို့ ဒီဘက်ကလည်း ဖိတ်ကြားဖို့ အခက်အခဲတော့ရှိပါလိမ့်မယ်။

မေး။ ။ (၂၁)ရာစုပင်လုံညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦး ဆောင်ကျင်းပမှာဖြစ်တဲ့အတွက် အားလုံးပါဝင်ရေးမူအရ ဒေါ်အောင်ဆန်းစုကြည်ဘက်က သဘော ထားပြောင်းပြီး လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့ ညီလာခံတက်ရေး အလားအလာရော ဖြစ်လာနိုင်သ လား ရှင့်။

ဖြေ။ ။ နောက်ဆုံး (၁၇)ဖွဲ့၊ (၁၈)ဖွဲ့၊ (၂၁)ဖွဲ့ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ မူဝါဒ ချပါတယ်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်ရေး ကော်မတီနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ ကျနော်တို့ ဆက်လက်ဆောင်ရွက်မယ့် ကိစ္စတွေမှာ မူဝါဒ သဘောထား တောင်းခံပါတယ်။ အဲဒီမှာ ဘယ်သူတွေပါလဲဆိုတော့ ကျနော်တို့ ကြိုတင်ပြင်ဆင်ရေးမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်ကြီး ရာပြည့်ပါတယ်။ ကျနော်တို့ဘက်ကဆိုရင် ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နောက် လွှတ်တော်ဘက်ကလည်း ပါတယ်ပေါ့။ အဲလိုမျိုး ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဒီအဖွဲ့တွေကို ဘယ်လိုသဘောထားမလဲ၊ အခြားအဖွဲ့တွေကို ဘယ်လိုသဘောထားမလဲဆိုတဲ့ မူဝါဒတွေကို ကျနော်တို့က တောင်းခံပါတယ်။ ရရှိတဲ့ မူအပေါ်မှာတည်ပြီးတော့ ကျနော်တို့က ဆက်လက်ဆောင်ရွက်တာဖြစ်တဲ့အတွက် တိတိကျကျဆုံးဖြတ်ပေးဖို့လိုအပ်တဲ့ဟာတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြတယ်။ တင်ပြတဲ့အခါမှာ အဲဒီမူကတော့ နောက်ဆုံးချမှတ်ထားခဲ့တဲ့မူကတော့ အဲဒီ Statement (သဘောထားကြေညာချက်) ထုတ်ပြန်ပေးဖို့ ဆိုတဲ့ ပေါ်လစီကျနော်တို့ ကျခဲ့ပါတယ်။ ကျခဲ့တဲ့အတွက် အဲဒီအတိုင်း ညှိနှိုင်းတာဖြစ်ပါတယ်"

ရခိုင့်တပ်မတော်၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ ကိုးကန့်တပ်မတော် မဟာမိတ် (၃) ဖွဲ့ ဘက်ကလည်း “လက်နက်ကိုင် ပဋိပက္ခကို အပြီးတိုင် ချုပ်ငြိမ်းရန် ဆန္ဒအပြည့်အဝရှိပါသည်” ဆိုတဲ့ သြဂုတ်လ အစောပိုင်းက ထုတ်ပြန်ထားတဲ့ သဘောထား ကြေညာချက်အပေါ်မှာပဲ ဆက်လက် ရပ်တည်မှာဖြစ်ကြောင်း မဟာမိတ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရခိုင့်တပ်မတော်က ဒုဗိုလ်မှူးကြီးကျော်ဟန်က ဗွီအိုအေကို ပြောပါတယ်။

“ဖြေ။ ။ နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ဆီ ဖိတ်စာမရောက်သေးဘူးခင်ဗျ။မိုင်းလားက တဆင့်ပို့တာလည်းမဟုတ်ဘူး။ ကျနော်တို့ ထပ်ပြီးတော့ မဆွေးနွေးဖြစ်သေးဘူး။ ကျနော်တို့ဘက်က ထုတ်ပြန်ပေးနိုင်တာကို ကျနော်တို့ပြောထားတယ် ကျနော်တို့ကတော့ ဒီညီလာခံကိုတက်ဖို့အတွက် ဆန္ဒရှိတယ်၊ ကြိုလည်းကြိုဆိုတယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ချက်တွေနဲ့ ထုတ်ပြန်ပြီးသား။ ကျနော်တို့ရပ်တည်ချက်က ဒီ Process အပေါ်မှာ တန်ဖိုးထားတယ် အလေးအနက်ထားတယ် ဆိုတဲ့ဟာကိုတော့ ကျနော်တို့ဘက်က သဘောထားကိုတော့ ထုတ်ပြန်ပြီးပြီလေ။

မေး။ ။ဟုတ်ကဲ့။ ဗိုလ်မှူးတို့ဘက်က အဲဒီကြေညာချက်ထုတ်ပြန်ချိန်မှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့ဝင်ဖြစ်တဲ့ ဦးခင်ဇော်ဦးက ဒီကြေညာချက်ကို သူတို့လက်မခံနိုင်ဘူးလို့ ပြောဆိုခဲ့တဲ့အပေါ်မှာ ဗိုလ်မှူးတို့ဘက်က ဘယ်လိုသဘောထားရှိပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ထုတ်ပြန်ချက်က ကျနော်တို့ ရပ်တည်ချက်အပေါ်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ပဲဖြစ်တယ်လေ။ အဲဒီကို ဦးခင်ဇော်ဦးကနေ တောင်ပြုံးပွဲနဲ့ နှိုင်းယှဉ်ပြီး သုံးနှုန်းသွားတဲ့အပေါ်မှာ ဒါသူ့ ကဏ္ဍ ပဲဖြစ်တယ်လေ။ သူက အဲဒီ ညီလာခံကို တောင်ပြုံးပွဲလို လုပ်လိုက်ရင်တော့ အဲဒီလိုပြောလို့ရတာပေါ့နော်။

မေး။ ။ ဗိုလ်မှူးတို့ဘက်ကရော ဒီ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပါသည်ဆိုတဲ့ နေရာမှာ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းဖို့ ဆန္ဒရှိပါသည် ဆိုတဲ့ သဘောထားရပ်တည်ချက်ကို ဆုပ်ကိုင်ထားရတဲ့ အကြောင်းအရင်း ရှင်းပြပေးလို့ ရမလားရှင့်။

ဖြေ။ ။ ဒီတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ ပဋိပက္ခတွေဖြစ်တဲ့အပေါ်မှာ အခုအထိ KIA နဲ့ ပြင်းပြင်ထန်ထန်တိုက်နေကြတာပဲလေ။ ဆိုတော့ ကျနော်တို့အဖွဲ့အစည်းကို တခြားအဖွဲ့အစည်းတွေလိုမဟုတ်ပဲနဲ့ ကြိုတင်ကန့်သတ်ချက်တွေ ထားပြီး ကျနော်တို့ကို ထုတ်ပြန်ခိုင်းတယ်ဆိုတော့ အဲဒါက နည်းလမ်းမကျဘူးလို့ထင်တယ်လေ။”

ဒီမဟာမိတ် (၃)ဖွဲ့ဟာ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီဝင်တွေဖြစ် နေတာကြောင့် ရက်ပိုင်းအလိုမှာ ကျင်းပတော့မယ့် (၂၁) ရာစု ပင်လုံညီလာခံမှာ သူတို့သုံးဖွဲ့လုံး ပါဝင်ရေး UNFC က ကြိုးစား ညှိုနှိုင်းနေကြောင်း အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ဗွီအိုအေ ကိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ တဘက်က ၃ ဖွဲ့ကလည်း သူတို့တက်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုတာကို သူတို့ statement တွေထုတ်ပြီးတော့ ဖော်ပြပြီးဖြစ်တယ်။ ဆိုတော့ ဒီကြားထဲမှာ ကျနော်တို့ လူချင်းတွေ့တဲ့အခါမှာတော့ အစိုးရက ကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံထားတာရှိပါတယ်။ သူတို့ အားလုံးပါဝင်နိုင်ဖို့အတွက် ကျနော်တို့အားလုံးစဉ်းစားဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်တယ်။ ကျနော်တို့ တစုတဖွဲ့ ချွင်းချန်ထားလိုက်လို့ရှိရင် ကျနော်တို့ပြောတဲ့ အားလုံးပါဝင်ရေးကိစ္စက ကျနော်တို့ အားလုံးမပါဝင်သလိုဖြစ်တဲ့အတွက် တကယ်တမ်းမပြီးပြည့်စုံဘူး။ အဲဒီအတွက်ကြောင့်ကျနော်တို့နည်းနည်းလေးစိတ်ရှည်သီးခံပြီးတော့ ညှိနှိုင်းဆောင်ရွက် ရအောင်ဆိုပြီးတော့ ကျနော်မေတ္တာရပ်ခံပါတယ်။”

NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ် ရေးထိုးမထားတဲ့ UNFC တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ စတင်ကျင်းပမယ့် ပထမအကြိမ် (၂၁) ရာစုပင်လုံညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်ပြီး အဖွင့် မိန့်ခွန်း ပြော ကြားမှာဖြစ်သလို လေ့လာသူတွေအဖြစ် သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ အပါအဝင် လူပေါင်း ၁,၈၀၀ ခန့်အထိ ဖိတ်ကြားသွားမယ်လို့ အစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG