သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံ တက်ရောက်ရေး ရွေးကောက်ပွဲ ရှုံးနိမ့်ပါတီ ၇၀ ညှိနှိုင်းမရ


 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက်အကြိုပြင်ဆင်ရေးကော်မတီ တွေ့ဆုံစဉ်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက်အကြိုပြင်ဆင်ရေးကော်မတီ တွေ့ဆုံစဉ်

၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်မခံရတဲ့ ပါတီ ၇၀ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက် ကိုယ်စားလှယ် ၅ဦးရွေးခြယ်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပရာမှာ တက်ရောက်လာတဲ့ ပါတီတွေက လက်မခံတာကြောင့် ကိုယ်စားလှယ် မရွေးချယ်နိုင်ခဲ့ပါဘူး။ ဒီလို မရွေးခြယ်နိုင်တာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးအခြေခံမူနဲ့ အားလုံးပါဝင်ရေးမူနဲ့ မကိုက်ညီတာကြောင့်ဖြစ်တယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံတက်ရောက်မယ့် ကိုယ်စားလှယ် ၅ဦးကို ရွေးချယ်မယ့်အစည်းအဝေးကို ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟို ဌာနခွဲမှာ ဒီကနေ့ မနက် ၉ နာရီက ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို ပါတီ ၃၀ကျော်တက်ရောက်ခဲ့ပေမဲ့ ကိုယ်စားလှယ်ရွေးခြယ်တာ မရှိခဲ့ကြောင်း အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကချင်ဒီမိုကရက်တစ်ပါတီက တွဲဘက်အတွင်းရေးမှုး ဦးဂျော်ဆန်နော်က ပြောပါတယ်။

“ကိုယ်စားလှယ် ၅ ဦးကိစ္စကတော့ မရွေးချယ်ဖြစ်တော့ဘူး ဒီမနက်ကတော့။ လာတဲ့ပါတီတွေလည်း ၃၃ ပါတီပဲ ရှိတဲ့အခါကျတော့ တဝက်လည်းမပြည့်ဘူး။ နောက်တခုက ပါတီ ၇၀ အားလုံးရဲ့ကိုယ်စား ၅ ဦးဆိုတဲ့နေရာမှာလည်း ကိုယ်စားပြုဖို့အခက်အခဲရှိတယ် ဒါနိုင်ငံရေးအရပေါ့လေ။ နောက်တခုက ခုနပြောတဲ့ နိုင်ငံရေးဆွေးနွေးပွဲတို့ ၊ ကျနော်တို့ political dialogue လို့ပဲပြောပြော ခုနက ၂၁ ရာစုပင်လုံလို့ပြောတဲ့အခါကျတော့ အဓိကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီ အခန်း ကဏ္ဍ လည်းဒါ အရေးကြီးတယ်ဆိုတဲ့အမြင်မှာ အားလုံး ဆွေးနွေးချက်တွေကို စုပြီးတော့ သက်ဆိုင်ရာတွေကို ပြန်ပြီးတော့ တင်ပြပေးမယ် ဆိုတဲ့အနေအထား။ ကျနော်တို့အချက်အလက်တွေစုစည်း သဘောထားတွေ စုပြီးမှ ဒါပြန်ပြီး သိရတဲ့အနေအထားလောက်ပါပဲ ဒီမနက်တော့။”

မနက် ၉နာရီမှာစတင်တဲ့ အစည်းအဝေးဟာ ၉နာရီခွဲလောက်မှပြီးဆုံးသွားပြီး တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေရဲ့သဘောထားတွေကို ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေး ကော် မတီ နဲ့ သက်ဆိုင်ရာကို စာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးကို မတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ဥက္ကဌ ဦးခင်မောင်ဆွေက သူတို့ ပါတီ သဘောထားကို အခုလို ပြောပါတယ်။

“သဘောမတူတဲ့အချက်ကတော့ဗျာ ဒီ တရားဝင်ပါတီတွေဟာ NCA စာချုပ်ပါအတိုင်းဆိုရင်တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ကိုတက်ရမယ်။ နိုင်ငံရေးပါတီအစုအဖွဲ့၊ တပ်မတော်၊ အစိုးရ လွတ်တော်အစုအဖွဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေဟာ အဓိကအဖွဲ့ကြီး ၃ တွေအနေနဲ့ တရားဝင်ပါတီမှန်သမျှဟာ ရှုံးသည်နိုင်သည် မဆိုင်ဘဲနဲ့ တက်ခွင့်ရှိတာကို မနိုင်လို့ ၅ ယောက်ပဲဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ နိုင်ငံရေးပါတီ တခုရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ပါတီတခုအနေနဲ့ ဒါမလျှော်ဘူးဆိုပြီး သွားမတက်တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီကို နိုင်ငံရေးပါတီဂုဏ်သိက္ခာနဲ့ ညီညွှတ်အောင် ဆက်ဆံသင့်တယ်လေ။ နောက်ပြီးတော့ All inclusive ပေါ့ ဒါတချိန်လုံးပြောလာတာ All inclusive အနေနဲ့ဖြစ်ရမယ့်ဟာကို အားလုံးပါဝင်ရမယ် All stakeholders တွေပါဝင်ရမယ့် သဘောထားကိုလည်း ချိုးဖောက်သွားတယ်လေ။ ဒီလို ချိုးဖောက်တာ မူအားဖြင့် မသင့်တော်တဲ့အတွက်ကြောင့်မို့လို့ မူအရ ကျနော်တို့ မတက်ခြင်းဖြစ်ပါတယ်။”

ဒီကနေ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ ဒုဥက္ကဌ ဦးသုဝေက ရွေးကောက်မခံရတဲ့ ပါတီ ၇၀က ကိုယ်စားလှယ် တဦးစီ ညီလာခံဖွင့်ပွဲမှာ တက်ရောက်ဖို့နဲ့ ကိုယ်စားလှယ် ၅ယောက် ရွေးခြယ်ဖို့ သတ်မှတ်ထားတာဖြစ်ကြောင်း ပြောပါတယ်။

ဒီနေ့ အစည်းအဝေးတက်ရောက်ဆွေးနွေးတဲ့အခြေအနေကို ဦးသုဝေက အခုလို ဆက်ပြောပါတယ်။

“စပြီးတော့ စကားပြောတဲ့သူတွေက သူတို့က ဒါပါတီတွေကို အညီအမျှပဲ ဖြစ်စေချင်တယ်။ ၅ ပါတီတည်း ခွင့်ပြုမယ်ဆိုရင်တော့ ဒါကိုလက်မခံနိုင်ဘူးပေါ့ဗျာ အဲဒါကြောင့်မို့လို့ ၇၀ လုံး ကိုလက်ခံပါဆိုပြီးတော့ သူတို့ ကြေညာချက်တခုထုတ်လိုက်တယ်ခင်ဗျ။ အဲဒါလေးကိုတင်ပြချက်ပေါ့လေ အဲဒါကို အခမ်းအနားလာကျင်းပပေးတဲ့သူတွေက ဒါအစိုးရကို ပြန်တင်ပြမှာပေါ့နော်။”

မေလ ၂၇ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC ပြန်လည်ဖွဲ့စည်းတဲ့ အစည်းအဝေးမှာတော့ နိုင်ငံရေးအဖွဲ့အစည်းတွေဟာ လွှတ်တော်တရပ်ရပ်မှာ ပြည်သူလူထုအပေါ် ကိုယ်စားပြုမှုအပေါ် အခြေခံပြီး ၂၁ရာစုပင်လုံမှာ ကိုယ်စားလှယ်အဖြစ်ပါဝင်ဖို့ မူချမှတ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ လွှတ်တော် ၃ရပ်အနက် တခုခုမှာ အရွေးမခံရတဲ့ နိုင်ငံရေးပါတီတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဖို့ သတ်မှတ်ခဲ့ရာကနေ၊ညီလာခံထဲ ကိုယ်စားလှယ် ၅ဦး ပါဝင်ဖို့ ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG