သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ အကြို နိုင်ငံရေး မူဘောင်ဆွေးနွေး


၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ၂၀၁၆ သြဂုတ် ( ၂၁ ) ဒီကနေ့ ရန်ကုန် NRPC ခန်းမ မှာကျင်းပ
၂၁ ရာစု ပင်လုံညီလာခံအကြို နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲကို ၂၀၁၆ သြဂုတ် ( ၂၁ ) ဒီကနေ့ ရန်ကုန် NRPC ခန်းမ မှာကျင်းပ

တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်နိုင်ရေး မျှော်မှန်းထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အကြို ဆောင်ရွက်ချက် တခု အနေနဲ့ ဒီကနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေး မူဘောင်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ အတွက် အများစု အဆင်သင့် ဖြစ်နေပြီလို့ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူးက ပြောဆိုပါတယ်။ ဒီလကုန်မှာ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ တက်ရောက်နိုင်ဖို့ ဆွေးနွေးနေကြတာမှာ အဖွဲ့ ၃ ဖွဲ့တို့ကတော့ တက်ရောက်ဖို့ မသေချာသေးပါဘူး။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ အကြိုညှိနှိုင်းမှု အဖြစ်နဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ဒီကနေ့ ဆွေးနွေးကြပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“အားလုံးကျနော်တို့ Framework ကို ဒီနေ့ ပြန်သုံးသပ်ဖို့ အစည်းအဝေး ကျနော်တို့လုပ်ပါတယ်။ ဒါနဲ့ framework ကပြန်သုံးသပ်နိုင်တာကတော့ အနည်းငယ်ပဲရှိသေးတယ်။ ညီလာခံ ကိစ္စကို ပိုပြီးတော့ ကျနော်တို့ ဆွေးနွေးဖြစ်တာရှိတယ်။ အဲဒီတော့ မနက်ဖြန်မှာတော့ မနက်ပိုင်းမှာတော့ framework ကို ပြန်လည်သုံးသပ်တာတွေကျနော်တို့လုပ်ပြီးတော့ နေ့လည်ပိုင်းမှာ ညီလာခံပူးတွဲ ကျင်းပရေးကော်မတီ အစည်းအဝေး လုပ်ဖို့တော့ပြင်ဆင်နေပါတယ်။”

သြဂုတ်လကုန်မှာ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော၊ လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေရော အားလုံးပါဝင်နိုင်ဖို့ မျှော်လင့်ထားတာပါ။ တက်ရောက်နိုင်ဖို့ မျှော်လင့်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ထဲမှာ TNLA တအားင်းပလောင်တပ်ဖွဲ့၊ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့ကတော့ တက်ရောက်နိုင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ ညီလာခံ အတွက်တော့ အများစု ပြင်ဆင်ပြီး ဖြစ်ပြီး ဒီလ ၂၅ ရက်နေ့မှာ တက်ရောက်မယ့်သူ စာရင်းတွေ ပေးဖို့ သတ်မှတ်ပြီး ဖြစ်တယ်လို့လည်း ဦးလှမောင်ရွှေက ပြောပါတယ်။

“အကုန်လုံးနီးပါးလောက်တော့ ကျနော်တို့လုပ်ပြီးပါပြီ။ အခုလူလိုတာကတော့ ၂၁ ဖွဲ့မှာ ကျနော်တို့ ညှိနှိုင်းနေစဲဖြစ်တဲ့ ၃ ဖွဲ့ကလွဲရင် ကျန်တဲ့အဖွဲ့တွေလည်း တက်ရောက်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကိုတော့ ဒီကော်မတီနဲ့ ကော်မရှင်ဘက်ကမှာတာဝန်ရှိတဲ့ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော် နောက်ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားတို့ သူတို့ အနေနဲ့ ဆောင်ရွက်နေတာရှိတဲ့အတွက် ဒီနေ့ဆွေးနွေးပွဲမှာလည်း ဒီကိစ္စရှင်းပြပြီးတော့ ဒီညီလာခံကတော့ ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်မယ် အဲဒီမှာ ၃ ဖွဲ့ကိစ္စကတော့ ဆောင်ရွက်နေစဲကိစ္စအနေနဲ့ပဲ ကျနော်ရှင်းပြတာတော့ရှိပါတယ်။”

မနေ့ကတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့နဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေး အတွက် ဆွေးနွေးခဲ့ကြပါတယ်။ UNFC ဘက်က အဆိုပြုတဲ့ မူကြမ်း ၈ ချက်ကို နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြပေမယ့် ယတိပြတ် သဘောတူညီချက်တော့ မထွက်သေးပါဘူး။

“ကျနော်တို့နားလည်တာကတော့ NCA ကို UNFC အနေနဲ့ မထိုးဘူးလို့ မပြောပါဘူး။ UNFC ဘက်ကထိုးနိုင်ဖို့ဆိုရင် ကြိုပြီးတော့ ကျနော်တို့ရှင်းလင်းရမယ့်၊ ကြိုပြီးတော့ ကျနော်တို့ ဆွေးနွေးရမယ့် အချက် ၈ ချက် ကိုပြောတာပါ။ ဒါတွေက မနေ့က ကျနော်တို့ အားလုံးဆွေးနွေးပြီးဖြစ်ပါတယ်။”

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဘက်က အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော အပစ်အခတ် ရပ်စဲရေး ကြေညာဖို့ အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA က အချက်တချို့ကို ပြင်ဆင်ဖို့ အဆိုပြုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG