သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ သြဂုတ် ၃၁ မှာကျင်းပမည်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ(Myanmar State Counsellor Office)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ(Myanmar State Counsellor Office)

(၂၁)ရာစု ပင်လုံညီလာခံကို သြဂုတ်လ (၃၁)ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်တယ်လို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ညီလာခံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ ကိုးကန့် (MNDAA)၊ တအောင်းပလောင် (TNLA) နဲ့ ရခိုင်တပ်မတော် AA သုံးဖွဲ့တို့ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် စေလွှတ်လိုက်တဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့က အဲဒီ သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီအဖွဲ့တွေပါဝင်ရေး UNFC တိုင်းရင်းသားမဟာမိတ်ခေါင်းဆောင်တွေကလည်း တိုက်တွန်းထားတာပါ။အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာဖြစ်ပါတယ်။

(၂၁)ရာစုပင်လုံညီလာခံလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပထမဆုံးအကြိမ် သြဂုတ်လ (၃၁)ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း မနေ့ မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ (၂၁)ရာစု ပင်လုံ ညီလာခံကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် တနင်္လာနေ့ နေလည်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ကချင်နဲ့ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ဖြစ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပါတယ်။

အခုလို နေပြည်တော်မှာ ငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက ပြင်ဆင်နေချိန်မှာပဲ KIA ကချင်လွတ်လပ်ရေးတပ်မဟာ (၂) တပ်ရင်း (၁၄) ထိန်းချုပ်ထားတဲ့ ကချင် ဖားကန့်ဒေသ အထက်ပိုင်းမှာ မြန်မာတပ်မတော်ရဲ့ ထိုးစစ်တွေဟာ ပိုပြီးအရှိန်မြင့်လာနေကြောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ဗွီအိုအေ ကိုပြောပါတယ်။

“ဒီအတိုင်းဆိုရင်တော့ သူတို့ထိုးစစ်မရပ်ဘူးဆိုရင်တော့ တိုက်ပွဲက ပိုပြင်းထန်လာနိုင်တဲ့သဘောရှိတယ်။ တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်။ သူတို့ စစ်ဆင်ရေးက ဘာလဲဆိုတာ သေချာမသိရဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စီးပွားရေးဖြတ်တောက်တဲ့ပုံစံ ဒီလိုမျိုးလုပ်လာမယ်ဆိုရင်တော့ ဒီထက်မက ပိုပြီးတော့ ဆိုးလာနိုင်တယ်။ ကြည့်ရတာတော့ သူတို့ ဖားကန့်ကို သူတို့ ထိုးစစ်ဆင်တာ တော်တော်ကြာခဲ့ပြီ။ ပြီးမှ အဲဒီကနေတဆင့် တပ်ရင်း ၁၄ ကိုပြန်ပြီးတော့မှ ထိုးစစ်ဆင်လာတယ်ဆိုတာကတော့ ဒီ တပ်ရင်း ၁၄ က ကျောက်မျက်မှော်တခုပါပဲ။ အဲဒါကို ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ စီးပွားရေးဖြတ်တောက်တဲ့ပုံစံ လို့နားလည်လို့ရတယ်။”

ထိုးစစ်တိုက်ပွဲတွေကြောင့် မကြာခင်ကျင်းပတောမယ့် (၂၁)ရာစုပင်လုံညီလာခံကို ထိခိုက်မှုရှိမရှိမပြောနိုင်ပေမယ့် နှစ်ဖက်ယုံကြည်မှု ပျက်ပြားစေတယ်လို့မြင်ကြောင်း KIO တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌ နေပြည်တော်သွားတုန်းကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တွေ့တုန်းကလည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီပဲ ။စစ်ဆင်ရေးမလုပ်ဖို့ဆိုတာထက် အပစ်အခတ်ရပ်ဆိုင်းဖို့ ကြေညာဖို့ဆိုတာကတောင်းဆိုထားပြီးသားဖြစ်တယ် ဒါသိပ်အခြေခံတဲ့ကိစ္စဖြစ်တယ် စစ်ပွဲတွေရှိနေရင် သံသယတွေရှိတယ်။ အထူးသဖြင့် ပင်လုံကို သွားမယ်ဆိုပြီးမှ ချဉ်းကပ်နေတဲ့ပုံစံတွေ ၊ ပွင့်ပွင့်လင်းလင်းပြောထားတာတွေရှိတယ်။ အဲဒီအပေါ်မှာ

ဒါထိုးစစ်တွေ က မရပ်မထား ဆက်လုပ်မယ်ဆိုရင် ဒါတွေက သံသယတွေအများကြီးဖြစ်စေတယ်။ ထိုးစစ်တွေက ရပ်ဆိုင်းဖို့ ကောင်းနေတာ။”

ပြီးခဲ့တဲ့ ဇူလိုင်လအကုန်ပိုင်း KIO အုပ်ချုပ်တဲ့ မိုင်ဂျာယန်ဒေသမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ညီလာခံမှာတော့၂၁ ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေး အပစ်အခပ်ရပ်စဲထားတာရော၊ မရပ်ထားတဲ့ အဖွဲ့တွေအားလုံးပါဝင်ရေး တိုင်းရင်းသားခေါင်းဆောင်တွေက သဘောထားထုတ်ပြန်ခဲ့တာပါ။

မနေ့ တနင်္လာနေ့က ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသမှာ ဒေါ်အောင်ဆန်းစုကြည်စေလွှတ်လိုက်တဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA မှာ လက်မှတ်ရေးထိုးမထားတဲ့ မြောက်ပိုင်း မဟာမိတ်သုံး ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအောင်းပလောင် (TNLA) နဲ့ ရခိုင်တပ်မတော် AA တို့နဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ရေး ဆွေးနွေးခဲ့ပါတယ်။ အခုလိုအားလုံးပါဝင်ရေး အစိုးရဘက်က ကြိုးပမ်းမှုဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ KIA တာဝန်ရှိသူကဆိုပါတယ်။

“သူတို့ကလည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ အားလုံးအတူတကွ လျှောက်လှမ်းတာပိုကောင်းတာပေါ့။ တခုရှိတာက အဖွဲ့တွေက ထိုးပြီးသားရှိတယ်၊ မထိုးရသေးတဲ့အဖွဲ့တွေမှာလည်း ပြန်ပြီးတော့ကွဲနေတယ်ဆိုရင်တော့ ရေရှည်မှာ ရုပ်ဆိုးတာပေါ့ မကောင်းဘူးပေါ့။ ဖြစ်နိုင်ရင်တော့ စေတနာ သန့်သန့်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါတယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ တပ်မတော်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် NCA မှာ ဒီသုံးဖွဲ့ ပါဝင်လက်မှတ်ရေးထိုးဖို့ဆိုရင် လက်နက်တွေကို အရင်စွန်လွှတ်ဖို့လိုတယ်ဆိုတဲ့ တပ်မတော်ရဲ့သဘောထားကြောင့် အခြေအနေတွေတင်းမာခဲ့ပြီးနောက် အခုလို အစိုးရငြိမ်းချမ်းရေးကော်မရှင်က ပြေလည်မှုရှိအောင် ညှိုနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဇူလိုင်လက UNFC တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွင်း (၂၁)ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ရေးကိစ္စအပါအဝင် ညီလာခံအောင်မြင်ဖို့အတွက် အချိန်အတိုင်းအတာ သတ်မှတ်ပြီး ကျင်းပအကောင်အထည်ဖေါ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG