သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်မယ့် ပြည်တွင်း ငြိမ်းချမ်းရေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံစဉ် (ဓါတ်ပုံ ထက်အောင်ခန့်)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံစဉ် (ဓါတ်ပုံ ထက်အောင်ခန့်)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဇူလိုင်၂၀ ရက်နေ့က ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ တပ်မတော်နဲ့ သက်ဆိုင် တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးက ကချင်ပြည် နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားနားမှာ ကျောင်းသား မောင်ဂွမ်ဆိုင်းေ အာင် သေနတ်ထိမှန် သေဆုံးမှု၊ ရှမ်းပြည်နယ် မိုင်းယော်ကျေးရွာနားမှာ ရွာသား တစ်ချို့ရဲ့ အလောင်းတွေ တွေ့ရှိမှု စတဲ့ တပ်မတော်နဲ့ ပတ်သက်နေတဲ့ အမှုအခင်းတွေ ကိစ္စရှင်းလင်းပြောဆိုခဲ့တဲ့အပြင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အင်န်အယ်လ်ဒီ အစိုးရက အကောင်အထည်ဖော်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဆိုင်ရာ ကိစ္စတွေကိုလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တပ်မတော်ရဲ့ သဘောထားလို့ ယူဆရမယ့် ဒုဗိုလ်ချုပ်ကြီး မြထွန်းဦး ရဲ့ ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ခေါင်းဆောင်တွေ ပြောဆိုခဲ့တာတွေနဲ့ သဘောထားချင်း မတူညီပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမျှော်မှန်းသလို လာမယ့် သြဂုတ်လ မကုန်ခင် အားလုံး ပါဝင်နိုင်မယ့် ၂၁ရာစု ပင်လုံညီလာခံကြီးကို ကျင်းပနိုင်မှာလား၊ အခြား ဘာအခက်အခဲတွေများ တွေ့နိုင်သေးသလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်ရောက်လာတဲ့ UNFC ခေါင်းဆောင် ကေအိုင်အို ဒုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက လေ ဆိပ်ကို ရောက်ရောက်ခြင်း အစိုးရ အနေနဲ့ တိုင်းရင်းသားတွေ တောင်းဆို တာတွေကို လိုက်လျောရင် ငြိမ်းချမ်းရေးကိစ္စ အဆင်ပြေမယ် ဆိုပြီး ထုတ်ဖော်ပြော ဆိုပါတယ်။ ဆွေးနွေးပွဲ အတွင်းမှာလည်း တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တစ်နိုင်ငံလုံး အတိုင်းအ တာ နှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်အခတ် ရပ်စဲ ကြေငြာကြ ဖို့ တောင်း ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ တပ်မတော်ဘက်နဲ့ ညှိနှိုင်းပေး မယ်လို့ ဖြေပါတယ်။ ဆွေးနွေးပွဲမှာ ထုံးစံအတိုင်း ဒေါ်အောင် ဆန်းစုကြည်က တိုင်းရင်းသားတွေ အနေနဲ့ ကိုယ်ဘာတောင်း မလဲ ဆိုတာထက် ကိုယ်ဘာ ကို ပေးရမလဲ ဆိုတာ စဉ်းစားပါ ဆိုပြီး ပြောပါတယ်။ ဒါက ပဋိ ပက္ခဖြစ်နေ တဲ့ နှစ်ဖက် အင်အားစုတွေ အပေးအယူ အလျော့အတင်း လုပ်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောနေကြစကားပါ။ ဒါပေမယ့် အဲဒီ စကားနဲ့ ပတ် သက်ပြီး UNFC ခေါင်းေ ဆာင်ခူဦးရယ်က ကျုပ်တို့ ပြည်နယ်တွေ သွား ကြည့်ပါဦး၊ တောင်တွေ ဟာ မြေပြန့်တွေ ဖြစ် ကုန်ပြီ၊ မြစ်ချောင်းအင်းအိုင်တွေ ခန်းခြောက် ကုန်ပြီ။ ကျုပ်တို့ လူထု ကျေးရွာတွေ ပျက်စီးကုန်ပြီ။ တစ်ချို့ဆို ဒုက္ခသည် စခန်း ရောက်ကုန်ပြီ။ မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းတွေလည်း ကုန်ပြီ။ သစ်ပင်ဝါးပင်တွေလည်း မရှိတော့ဘူး။ ကဲ ကျုပ်တို့ဆီက ဘာတွေ ထပ်ပေးရဦးမလဲ ဆိုပြီး အငေါ်တူးတဲ့ သဘောမျိုး သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါသေး တယ်။ ပြောရရင် လက်ရှိ အပစ်ရပ်မထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ သဘောထားဟာ အရင်တုန်းကအတိုင်း မပြောင်းမလဲ ရှိနေဆဲ ဆိုတဲ့ သဘောပါပဲ။

အလားတူပါပဲ။ သတင်းစာရှင်းလင်းပွဲမှာ ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးကလည်း ၂၁ ရာစု ပင်လုံညီလာခံဆိုတာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရက ဦးစီးကျင်း ပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ အတူတူပဲလို့ ဦးဆောင်ကျင်း ပမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆို ထားပြီး ဖြစ်တဲ့အကြောင်း၊ အရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် အပစ်ရပ်မထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ NCA ကို လက်မှတ်ထိုးဖို့ လိုတဲ့အကြောင်း၊ ဒါအပြင် ကိုးကန့်၊ တအာန်းပလောင်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ အနေနဲ့လည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ တပ်မတော်က သဘောထား ထုတ်ပြန်ထားပြီးဖြစ်တဲ့အကြောင်း၊ ဒါ့အပြင် မိုင်ဂျာယန်ဆွေးနွေးပွဲလည်း လုပ်ဖို့ မလိုဘူး စသဖြင့် ပြောဆိုပါတယ်။ ဒါဟာလည်း တပ်မတော်ဘက်က သဘောထား အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲ ဆိုတာ ပြတဲ့ သဘောပါ။

အခက်အခဲ ကြုံရမှာက ဒေါ်အောင်ဆန်းစုကြည်ပါ။ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ရေး ဆိုရင် တပ်မတော်ဘက်က တောင်းဆိုသလို အပစ်ရပ်မထား သူတွေ အပစ်ရပ် စာချုပ်မှာ လက်မှတ် ထိုးချင်ထိုး၊ ဒါမှမဟုတ် တိုင်းရင်းသားတွေ ဘက်က တောင်းဆိုသလို တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ နှစ်ဖက် တစ်ပြိုင်နက်တည်း အပစ်အခတ် ရပ်စဲရေး ကြေငြာကြ ဆိုတာမျိုး ဖြစ်မြောက်အောင် အကောင်အထည် ဖော်ရမယ့် သဘောပါ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ ထိရောက် အောင်မြင်အောင် ဆောင်ရွက်ချင်တယ် ဆိုရင် ငြိမ်းချမ်းရေးကို ဘယ်နည်းဘယ်ပုံ အကောင်အထည် ဖော်မယ် ဆိုတဲ့ တိကျတဲ့ မူဝါဒ တစ်ရပ် ရှိထား၊ ထုတ်ပြန်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲထားကြပြီးမှ နှစ်ဖက် နိုင်ငံရေးဆိုင်ရာ အပေးအယူ အလျော့အတင်း၊ တစ်နည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာကို လုပ်မလား၊ ဒါမှမဟုတ် လက်ရှိ အနေအထား အတိုင်း အပစ်ရပ် တစ်ချို့၊ အပစ်မရပ်တစ်ချို့ ရှိနေတဲ့ အနေအထားမှာပဲ ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးကို ပါဝင်စေပြီး ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ကြမလား ဆိုတာပါ။

အမှန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ အစ ဖြစ်ပါလိမ့်မယ်။ ဒီ ညီလာခံ တစ်ကြိမ်လောက် ကျင်းပရုံနဲ့ နိုင်ငံရေးဆိုင်ရာ အဖြေ တစ်ခုခု ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနာဂတ် ပုံပန်းသဏ္ဍာန် ဆိုင်ရာ ကိစ္စ၊ နိုင်ငံရေး အဖြေရှာရေး ကိစ္စဆိုတာဟာ တစ်လ နှစ်လ နဲ့ မပြီးနိုင်၊ တစ်နှစ် နှစ်နှစ်နဲ့လည်း မပြီးနိုင်၊ ဒီထက် အချိန်ယူပြီး လုပ်ရလိမ့်မယ် ဆိုတာ တပ်မတော်ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကပါ သဘောပေါက်ထားပြီးသား ကိစ္စပါ။ ဒီလို အခြေအနေအောက်မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးမထားကြရင်၊ တစ်ဖက်မှာ ငြိမ်းချမ်းရေး ညီလာခံကြီး လုပ်နေပြီး တစ်ဖက်မှာ ပစ်ခတ်တိုက် ခိုက်နေကြရင် အဆင်ပြေမှာတော့ မဟုတ်ပါဘူး။

အခုရက်ပိုင်း အတွင်းမှာပဲ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ၊ အပစ်ရပ်မထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ အားလုံးပေါင်းပြီး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ညီလာခံ တစ်ခု လုပ်ကြပါဦးမယ်။ ဒါဟာ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ လော်ခီးလာညီလာခံ၊ လိုင်ဇာညီလာခံ တွေကို သတိရစရာပါပဲ။ ဒီညီလာခံကြီးကနေ အရင် ညီလာခံတွေ မှာ ဆွေးနွေး သဘောတူညီချက် ရခဲ့တာတွေထက် ပိုပြီးကောင်းတဲ့ ရလာဒ်မျိုး ရမလာရင် ထူးခြားတဲ့ ညီလာခံလို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။

ဒီနေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ်ခဲ့တဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ အစည်းအဝေးမှာ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောခဲ့တဲ့ စကားကတော့ မှတ်သားဖို့ ကောင်းပါတယ်။ သူက “မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိတိုင်းပြည်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင် အထည်ဖော်နိုင်တဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက မိမိလိုအပ်ချက် အကုန်လုံးရမှ လက်ခံနိုင်တဲ့ နိုင်ငံရေး အဖြေမဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ လက်ရှိ တပ်မတော်ဘက်ကရော လက်နက်ကိုင် တိုင်းရင်းသားတွေ ဘက်ကပါ အရင် ကိုင်စွဲထားတဲ့ မူတွေကို အလျော့မပေးပဲ ဆက်ပြီး ဆုတ်ကိုင်ထားကြမယ် ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ စတင်နိုင်ရေး အခက်အခဲတွေ တွေ့နေဦးမှာပဲဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG