သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ နဲ့ မိုင်းလားအဖွဲ့ ၂၁ရာစုပင်လုံညီလာခံကို ကြိုဆို


ဒေါ်အောင်ဆန်းစုကြည် ဝ မိုင်းလားအဖွဲ့နဲ့ တွေ့ဆုံ။ (ဇူလိုင် ၂၉၊ ၂၀၁၆) သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
ဒေါ်အောင်ဆန်းစုကြည် ဝ မိုင်းလားအဖွဲ့နဲ့ တွေ့ဆုံ။ (ဇူလိုင် ၂၉၊ ၂၀၁၆) သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုတယ်လို့ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ် (UWSA) နဲ့ မိုင်းလားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြားလိုက်ပါတယ်။ ၀ နဲ့ မိုင်းလားအဖွဲ့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က အထူး ကိုယ်စားလှယ် အဖွဲ့တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နဲ့ နေပြည်တော်မှာ ဒီကနေ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးအတွက် ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ နဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NDAA) အဖွဲ့ ၂ ဖွဲက ကိုယ်စားလှယ်တွေဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ နှစ်ဘက်ရပ်တည်ချက် သဘောထားတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

"ဒီနေ့တွေ့တဲ့အခြေအနေကတော့ နံပတ်တစ်အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား စည်း်လုံး ညီညွတ်ရေးပေါ့လေ အဲ့တာနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့ မူဝါဒ သဘောထားတွေ ရှင်းပြတယ်။ နံပတ်နှစ်အချက်ကတော့ ကျနော်တို့ အထူးဒေသ ၂ ဝနဲ့ အထူးဒေသ ၄ မိုင်းလားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရအဆက်ဆက် သူတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကို ပြန်ပြီးရှင်းပြတာပေါ့။ သူတို့ရဲ့ ရပ်တည်ချက် သဘောထား ကိုပြောပြတာပေါ့။ အဲ့မှာတော့ ကျနော်တို့ ယေဘူယျ ပြောလို့ ရတာကတော့ နှစ်ဖွဲ့စလုံးက ၂၁ရာစု ပင်လုံညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဆောင်ရွက်တဲ့ ညီလာခံကို သူတို့အနေနဲ့ ကြိုဆိုတယ်။ ထောက်ခံတယ်ဆိုတာကိုတော့ နှစ်ဖွဲ့စလုံးက ပြောပါတယ်။"

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပါဝင်တက်ရောက်နိုင်ရေး နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် တစုံတရာကို ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ မချမှတ်နိုင်ခဲ့ပေမယ့်လည်း၊ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာတော့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အကြို ပြင်ဆင်ရေးကော်မတီ နဲ့ အသေးစိတ်ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

" ငြိမ်းချမ်းရေးကော်မရှင်ကနေပြီးတော့ အသေးစိတ် သွားကြမှာ။ သွားကြမှာ ဆိုတော့ ၂၁ရာစုပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးပေါ့။ ဘယ်လိုပုံစံ ဘယ်လိုအနေအထားမျိုးနဲ့ ပါဝင်ကြမလဲဆိုတာတွေလည်း အဲ့ဒီ့မှာ တဆက်တည်း ဆွေးနွေးသွားကြမယ်။ မနက်ဖြန်မှာ အထူးဒေသ (၂) ဝ အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နေပြည်တော်မှာ ဆွေးနွေးမယ်။ နောက်ရက်ဖြစ်မယ် ရက်ပိုင်းအတွင်းမှာပဲပေါ့ အထူးဒေသ ၄ မိုင်းလားနဲ့ ရန်ကုန်မှာ ဆွေးနွေးဖို့တော့ အကြမ်းဖျင်းအားဖြင့်တော့ ရာထားတယ်။"

UWSA နဲ့ NDAA ၂ ဖွဲ့စလုံးဟာ တနိုင်ငံလုံံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးထားသလို၊ ၂၁ ရာစုပင်လုံညီလာခံအကြို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မျက်နှာစုံညီဆွေးနွေးနေတဲ့ မိုင်ဂျာယန်ဆွေးနွေးပွဲကိုလည်း တက်ရောက်ခြင်းမရှိပါဘူး။ ဒါကြောင့် ဒီဆွေးနွေးပွဲကနေ လာမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ ဒီအဖွဲ့တွေ ပါဝင်နိုင်ရေး အလားအလာနဲ့ ဘယ်လောက်ရှိ သလဲ ဆိုတဲ့အပေါ်မှာတော့ ဦးဇော်ဌေးက အခုလိုပြောပါတယ်။

" အဲ့တော့ အခုလောလောဆယ် ရည်မှန်းချက်ကတော့ ၂၁ရာစုပင်လုံညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူ တွေ ပါဝင်နိုင်ဖို့ ရည်မှန်းပြီးဆောင်ရွက်နေတဲ့ ဆောင်ရွက်ဆဲ အနေအထားမှာ ရှိနေတယ်ပေါ့။ အဲ့အပေါ်မှာတော့ ဘယ်လောက်အထိ ပါဝင်နိုင်မလဲ ဆိုတဲ့ ခန့်မှန်းချက်ကတော့ လောလောဆယ် ပြောဖို့ကတော့ ခက်တယ်ပေါ့လေ။ အဲ့တော့ ကျနော်တို့ကတော့ အပြုသဘော အကောင်း ဘက်ကတော့ မျော်လင့်ထားတာကတော့ ၂၁ရာစုပင်လုံညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူ တွေ ပါဝင်လာမယ်လို့တော့ ကျနော်တို့က မျှော်လင့်ထားပါတယ်။"

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီကနေ့တွေ့ဆုံမှုအတွင်း ဒီအဖွဲ့ ၂ ဖွဲ့က တိုင်းရင်းသားလူငယ် ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူတို့ သိချင်တာတွေကို မေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၀ နဲ့ မိုင်းလား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က ကိုယ်စားလှယ်တွေ ဟာ နေ့လည်ပိုင်းမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း ဘုရင့်နောင် ရိပ်သာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဒေသဖွံဖြိုးရေး နဲ့ လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG