သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်ဟောင်း စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံ


စစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ဟောင်း)၊ The Elders အဖွဲ့၏ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘမ်ကီမွန်းတို့ နေပြည်တော်တွင် တွေ့ဆုံ (ဧပြီ ၂၄၊ ၂၀၂၃)
စစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ဟောင်း)၊ The Elders အဖွဲ့၏ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘမ်ကီမွန်းတို့ နေပြည်တော်တွင် တွေ့ဆုံ (ဧပြီ ၂၄၊ ၂၀၂၃)

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်ဟာ စစ်ကောင်စီ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ရော သမ္မတဟောင်း ဦးသိန်းစိန်နဲ့ပါ ဒီကနေ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်မရခဲ့ပါဘူး။ ကုလသမဂ္ဂ အကြီးအကဲဟောင်းရဲ့ ရုတ်တရက် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့ သတင်းကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ မနေ့ ဧပြီ ၂၃ရက် ညနေပိုင်းက နေပြည်တော်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ မစ္စတာဘန်ကီမွန်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ မြန်မာပြည်တွင်းငြိမ်းချမ်းရေးနဲ့ လက်ရှိမြန်မာအခြေအနေနဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပြပါတယ်။

"ဒီမနက် ၁၀နာရီမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်း The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ မစ္စတာဘန်ကီမွန်းတို့ တွေ့ပါတယ်။ မနက် ၁၀နာရီမှာတွေ့ပါတယ်။ ၁နာရီကျော်တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။ အဓိကဆွေးနွေးတာကတော့ ၂ဖက်စလုံးကကျနော်တို့နိုင်ငံရဲ့နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေ အနေကို အမြင်ချင်းဖလှယ်ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ ပြီးရင်ဒုတိယဝန်ကြီးချူပ် ကာကွယ် ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး နောက်ပြီးရင်တော့ အရင်သမ္မတဟောင်းဦးသိန်းစိန်တို့နဲ့ ဆက်တွေ့ပါတယ်။ ဒီနေ့ညနေဘဲပြန်မှာဖြစ်ပါတယ်။"

မစ္စတာဘန်ကီမွန်းဟာ အခုမြန်မာခရီးစဉ်ကို ကမ္ဘာခေါင်းဆောင်ဟောင်းတွေ၊ လူသိများထင်ရှားသူ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်‌အရေးပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ‌အနေနဲ့လာရောက်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာ့အရေးတက်ကြွစွာပြောဆို ဆောင်ရွက်လေ့ရှိတဲ့ သြဇာရှိကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းဘက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ‌ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့် ပေးဖို့တောင်းဆိုတာရှိမရှိဆိုတာနဲ့ပတ်သတ်လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြော ဆိုတာမရှိပေမယ့် တွေ့ခွင့်မပေးခဲ့ဘူးလို့သာ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

"မှန်ပါတယ်။ ကျနော်တို့ဆီအရင်ကကမ်းလှမ်းခဲ့တာရှိပါတယ်။ မြန်မာနိုင်ငံရဲ့အခြေအနေ ဖြစ်ပေါ်တိုး တက်မှုအခြေအနေအရ စီစဉ်ဆုံးဖြတ်ရတာဖြစ်ပါတယ်။ ဒီအချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အရတွေ့ဆုံဆွေးနွေးရမယ့်အခြေအနေမို့တွေ့ဆုံဆွေးနွေးရတာဖြစ်တယ် လို့ပြောချင်တယ်။ ကျနော်တို့အမြင်ကတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို အရင်ထဲကလည်း ပါဝင်ခဲ့ဖူးတာရှိတော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးတော့ ကူညီဆောင်ရွက်ပေးဖို့စိတ်ဆန္ဒရှိတယ်လို့ဘဲ ကျတော်တို့ခန့်မှန်းပါတယ်။"

မစ္စတာဘန်ကီမွန်းဟာ ဘယ်အတိုင်းအတာထိဆွေးနွေးမှုတွေလုပ်ခဲ့လဲ ဘယ်လို အရေးကိစ္စတွေမှာ ဘယ်အခန်းကနေ သူပါဝင်လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီ ပြောခွင့်ရက ရှင်းရှင်းလင်းလင်းဖြေဆိုတာမရှိခဲ့ပါဘူး။ စစ်ကောင်စီဘက်က မစ္စတာဘန်ကီမွန်းခရီးစဉ်ကနေ ကမ္ဘာနိုင်ငံတွေဘက်က မြန်မာနိုင်ငံရဲ့အခြေအနေ ကိုနားလည်လက်ခံလာနိုင်မယ်လို့ မျှော်လင့်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် လူအများ အပြားသေဆုံးတာကို ရပ်တန့် ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ မစ္စတာ ဘန်ကီမွန်းက ၂၀၂၁ခုနှစ် အစောပိုင်းကာလတွေကတည်းက တိုက်တွန်းခဲ့ဖူးပါတယ်။

လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် အနေနဲ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဖို့ကိုလည်း သူကပြောခဲ့ဖူးသလို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အခုလို ဧပြီလမှာပဲ အဲဒီအချိန်က မြန်မာနိုင်ငံကိုလာဖို့ သူကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်မခံလို့ သွားရောက်ခွင့်မရဘူးလို့ပြောခဲ့ဖူးပါတယ်။

အခုတော့ သူ့တောင်းဆိုချိန် ၂နှစ်ပြည့်ချိန်မှာ စစ်ကောင်စီဘက်က သူ့ကိုလာရောက်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်း ခရီးစဉ်ကနေ မြန်မာနိုင်ငံရေးမှာဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်မလဲနဲ့ ပတ်သတ်လို့ ဗွီအိုအေကမေးတာမှာတော့ နိုင်ငံရေးငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်လိုက်ပါတယ်။

"ထူးခြားသိသာတဲ့ သက်ရောက်မှုမျိုးရှိမလာနိုင်ဘူးလို့ ကျနော်သုံးသပ်တယ်။ မစ္စတာဘန်ကီမွန်း ပါဝင်နေတဲ့ The Eldersရဲ့ မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေအပေါ်သဘောထားကကောင်းပါတယ်။ ဒါပေမယ့် မစ္စတာဘန်ကီမွန်းက စစ်ကောင်စီနဲ့ဆက်ဆံမှုတွေတစုံတရာရှိခဲ့ပါတယ်။ ဒီအဖွဲ့မှာလည်း မစ္စတာဘန်ကီမွန်းက ကြားနေတဲ့သဘောထားရှိမယ့်သူလို့ မှန်းပါတယ်။ ဗမာပြည်ဒီမိုကရေစီလမ်း ကြောင်းပေါ်ပြန်ရောက်ရေးအတွက် အကြမ်းဖက်မှုတွေလျော့ဖို့ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွေ လုပ်နိုင် ရေး အတွက် အရေးကြီးတဲ့ခေါင်းဆောင်တွေလွှတ်ပေးရေး၊ အဲသဘောထားတွေဘဲကြားရမယ် ထင်တယ်။ အဲထပ်ပိုပြီးတော့ မစ္စတာဘန်ကီမွန်းဆီက ဘာမှမျှော်လင့်စရာမရှိဘူးလို့ဘဲကျနော်ထင်ပါတယ်။"

မစ္စတာဘန်ကီမွန်းဟာ သမ္မတဦးသိန်းစိန်လက်ထက်က ပြည်ထောင်စုလွှတ်တော်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောခဲ့ဖူးသလို ၂၀၁၅ ခုနှစ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးချိန်မှာ ကုလသမဂ္ဂရဲ့ အသိသက်သေအဖြစ် ပါဝင်လက်မှတ် ထိုးခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG