သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PPST ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ရဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်နိုင်ခြေ


PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်ရေး အွန်လိုင်းအစည်းအဝေးကျင်းပစဥ်။ (ဧပြီ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-NAC-S EAO)
PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်ရေး အွန်လိုင်းအစည်းအဝေးကျင်းပစဥ်။ (ဧပြီ ၂၁၊ ၂၀၂၃/ ဓာတ်ပုံ-NAC-S EAO)

NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားမဟာမိတ်အဖွဲ့ရဲ့ ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST က ပြည်တွင်းပဋိပက္ခတွေ အမြန်အဆုံးသတ်နိုင်ရေး အားလုံးနဲ့ ပူးပေါင်းကြိုးပမ်းမှာဖြစ်သလို အထူးသဖြင့် အာဆီယံနဲ့ ပိုပူးပေါင်းလုပ်ဆောင်မှာဖြစ်ကြောင်း ၂ ရက်ကြာဆွေးနွေးပွဲအပြီး သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်နိုင်မယ့်အခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းအပြီး KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ အဓိက ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းခဲ့တဲ့ ဒီ PPST အဖွဲ့ရဲ့ မနေ့ သောကြာနေ့က ကြေညာချက်ထဲ ထူးခြားမှုကို PPST ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ထောက်ပြပါတယ်။

"PPST ရဲ့သဘောက မိတ်ဆွေပဲရှာတယ်။ ရန်သူမရှာတဲ့မူပေါ့ဗျာ။ အဲဒါဆိုတော့ အားလုံးလည်းသိတယ်-အဲဒီလမ်းကြောင်း...ပူးပေါင်းဆောင်ရွက်ဖို့၊ တစ်-က အာဆီယံရဲ့ 5 points consensus ကိုထောက်ခံတယ်။ နောက်ထပ် အဲဒီဟာကို အကောင်အထည်ဖော်ဖို့ ၁၅ ချက်ကိုလည်း ထောက်ခံတယ်။ လိုအပ်ရင် ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်။ အဓိက-ကတော့ ကျနော်တို့ရဲ့ legistamacy ကို အာဆီယံက သုံးလို့ရတာပေါ့ဗျာ၊ ဆိုလိုတာက စစ်ကောင်စီက NUG ကို မတရားအသင်း၊ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်း - အဲဒီလို အပြန်အလှန်စွပ်စွဲနေတော့ ကျနော်တို့အဖွဲ့က ကင်းလွတ်တယ်လေ။ နှစ်ဘက်စလုံးက ဘာမှစွပ်စွဲတာမရှိတော့ ကျနော်တို့က legitimate ဖြစ်နေတယ်။ ကျနော်တို့ရဲ့ legistamacy ကိုသုံးခြင်းအားဖြင့် humanitarian assistance မှာဖြစ်ဖြစ်၊ civilian protection မှာဖြစ်ဖြစ် လက်တွေ့ မြေပြင်ပေါ်မှာ ပြုလုပ်နိုင်တဲ့အခွင့်အလမ်းက ကျနော်တို့ဆီမှာ ရှိတယ်။"

စစ်ကောင်စီနဲ့ ဆွေးနွေးတာကလွဲလို့ ဆက်ပူးပေါင်းဆောင်ရွက်နေတဲ့ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးအဖွဲ့လည်းပါတဲ့ လက်နက်ကိုင် ၈ ဖွဲ့ပါ PPST အဖွဲ့က လက်ရှိအကြပ်အတည်းဖြေရှင်းနိုင်ဖို့ ညီနောင် EAO တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးအပြင် နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံကြိုးပမ်းသွားမယ်လို့ ဒီကြေညာချက်ထဲ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီတော့ ဒီ PPST ကြေညာချက်ထဲမှာလည်းပါတဲ့ အာဆီယံ အရှေ.တောင်အာရှနိုင်ငံများအဖွဲ့ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံနဲ့ပါ ပိုပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေကို မေးရာမှာ ရှမ်းပြည်နယ် သီပေါမြို့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်းက အခုလို ရှင်းပြပါတယ်။

"အာဆီယံကနေပြီးတော့ အင်ဒိုနီးရှားက ဥက္ကဌတာဝန်ယူပြီးတဲ့နောက် ကြိုးစားနေတဲ့ .....အားလုံးပါဝင်ရေးဆိုတဲ့ အာဆီယံရဲ့လမ်းကြောင်းနဲ့ထပ်တူ သူတို့ ကြေညာလိုက်တာကို သတိထားမိတယ်။ အင်ဒိုနီးရှားက မကြာခင်က ထုတ်ပြောတဲ့ကိစ္စတွေအရ သူတို့က ပွင့်ပွင့်လင်းလင်းတော့ ထုတ်မပြောဘူး။ သို့သော် ဒီ မြန်မာနိုင်ငံမှာ ဘက်အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်ဆိုတာကို ကြေညာထားတာ သတိထားမိတယ်။ အဲဒီတော့ အဲဒီလို တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ကိစ္စမှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေ ပါဝင်နိုင်သလို NUG တို့၊ နစကတို့လည်း ပါဝင်လိမ့်မယ်လို့ ကျနော်တော့ ထင်တာပေါ့နော်။"

ဒီအပေါ် ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း အာဆီယံဥက္ကဌနဲ့ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက အခု အလားအလာကောင်းလာနေပြီး မကြာခင် လက်တွေ့ရလဒ်ထွက်လာနိုင်တယ်လို့ အခုလို ထောက်ပြပါတယ်။

"အာဆီယံဥက္ကဌ၊ အာဆီယံအထူးကိုယ်စားလှယ်တို့နဲ့ ကျနော်တို့ PPST က ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတာကြာပြီ။ အခု အကောင်အထည်ဖော်ဖို့ နီးပါပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ စွမ်းဆောင်နိုင်မှုကို offer လုပ်မှာပေါ့ဗျာ။ တကယ်ကူညီချင်သလား? ဗမာပြည်ကလူတွေကို လူသားချင်းဆိုင်ရာ ကူညီချင်ရင် ကျနော်တို့လမ်းကြောင်းရှိတယ်။ ကျနော်တို့ သွားနေတယ်၊ လုပ်နေတယ်။ ဒါ လက်တွေ့လည်း ဖြစ်တယ်ပေ့ါဗျာ။ အဲဒါကို ကျနော်တို့က တင်ပြရမှာပေါ့။ နောက်ပြီးတော့ ပြည်တွင်းမှာ တကယ် သူတို့က ..... စင်တာတို့ ဘာတို့က humanitarian ...(aid) ပေးမယ်ဆို......အခုကတော့ သူတို့က စစ်ကောင်စီနဲ့ လုပ်နေရတာကိုး။ စစ်ကောင်စီကလည်း ဘယ်မှမရောက်ဘူး။ မရောက်တော့ ကျနော်တို့ third party ဝင်လိုက်ရင် အလုပ်ဖြစ်နိုင်တာပေ့ါဗျာ။

ရှေ့လဆန်း မေလ ၆ ရက်ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားမှာ ထိပ်သီးပွဲကျင်းပဖို့ရှိတဲ့ အာဆီယံအနေနဲ့ မြန်မာ့အရေး ရုန်းကန်နေရချိန် အခုလို PPST အဖွဲ့ရဲ့ ပါဝင်ကြိုးပမ်းပေးမှု ရှေ့ဆက်ဖြစ်လာနိုင်ခြေအပေါ် မေးရာမှာလည်း ဦးရဲထွန်းက သိပ်တော့ မလွယ်လှဘူးလို့ အခုလို ရှင်းပြပါတယ်။

"အခု PPST ရဲ့ ထုတ်ပြန်ကြေညာချက်အရကတော့ သူတို့က ပြေလည်စေချင်တဲ့ဆန္ဒရှိတယ်။ နှစ်ဘက်စလုံးအပေါ်မှာ နားလည်ပြီးတော့ ...ဆိုတော့ သူတို့ကနေပြီးတော့ နစကကိုများ ဆွဲဆောင်တိုက်တွန်းတာ၊ စည်းရုံးတာလုပ်နိုင်မလား၊ တဘက်ကလည်း NUG ကို သူတို့ တိုက်တွန်းတာ၊ စည်းရုံးတာလိုမှာပေါ့။ အာဆီယံအဖွဲ့အနေနဲ့ကတော့ သူ့အဖွဲ့အတွင်းမှာပေါ့နော် အခုဟာက မြန်မာနဲ့ပတ်သက်ပြီးတော့ စိတ်မရှည်ဘဲ သဘောထားတင်းမာတဲ့အဖွဲ့ဝင်တွေရှိသလို ပျော့ပျော့ပြောင်းပြောင်းနဲ့ နစကအပေါ်မှာနားလည်မှုပေးပြီးတော့ ချဥ်းကပ်ချင်တဲ့ အဖွဲ့ဝင်တွေလည်း ရှိတယ်။ အဲဒီကြားက သွေးကွဲမှုကတော့ အင်ဒိုနီးရှားမတိုင်ခင် တော်တော်လေး ကြီးကြီးမားမား တွေ့ရတာပေါ့နော်။ မလေးရှားတို့ ဘာတို့ဆိုရင်တော့ အဖွဲ့က ထုတ်ပစ်ဖို့တွေ ဘာတွေအထိ ပြောကြဆိုကြတာတွေလည်း ကြားရတယ်။ ....ဆိုတော့ အဲဒီကြားမှာ အာဆီယံအသင်းဥက္ကဌက သူအောင်မြင်အောင်လုပ်ဖို့အတွက် ဖိအားတွေ အများကြီးရှိတယ်၊ သူလုပ်တာ မအောင်မြင်ဘူး၊ သူ့အရင်က အာဆီယံအသင်းရဲ့ ဥက္ကဌ ကမ္ဘောဒီးယားလုပ်တာလည်း မအောင်မြင်ဘူးဆိုလို့ရှိရင်တော့ လမ်းက မကျန်တော့ဘူးပေ့ါဗျာ။ တော်တော်လေးတော့ ခက်တယ်ပေ့ါနော်။"

အခုလိုအချိန်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာသာ ပူးပေါင်းဆောင်ရွက်တဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလည်း အဖွဲ့ဝင်ပါတဲ့ ဒီ PPST အဖွဲ့စုထဲ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းရုံး (LDU) ၆ ဖွဲ့ကတော့ အပြည့်ပါဝင်နေဆဲဖြစ်ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG