သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EAO အဖွဲ့တွေ RCSS ဌာနချုပ်မှာ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အလွတ်သဘောဆွေးနွေး


ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ တက်ရောက်လာကြသူများ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ တက်ရောက်လာကြသူများ

RCSS ဌာနချုပ်မှာရောက်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့က ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့ အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးဖို့နဲ့ လာမယ့်တွေ့ဆုံဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုး (၇) ဖွဲ့ ပူးပေါင်းတွေ့ဆုံဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်မှာကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေ့ဟာ ဒီကနေ့မနက် ၉နာရီကနေ ၁၂နာရီ အထိ အလွတ်သဘော ဆွေးနွေးခဲ့တာပါ။ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။

“အတူတကွ ဆွေးနွေးမယ်။ အတူတကွဆိုတာ ၇ဖွဲ့ပေါင်းပြီးဆွေးနွေးမယ်။ အဲဒါက အဓိကပါပဲ။ နောက်ပိုင်း ကျနော်တို့ တစ်ဆင့်ပြီး တစ်ဆင့်၊ ဖက်ဒရယ်အရေး၊ လုံခြုံရေး၊ ကျနော်တို့ တဖြည်းဖြည်းစဉ်ဆက်မပြတ် ဆွေးနွေးမှုတွေကို တက်လှမ်းသွားဖို့ဆိုတဲ့ လုပ်ငန်းစဉ်မျိုးလည်း ချတယ်ဗျ။”

NCA လက်မှတ်ထိုးအဖွဲ့တွေထဲက ၇ဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီလို ၇ဖွဲ့နဲ့ အတူ ပူးပေါင်းတွေ့ဆုံရေးအတွက်ကို စစ်ကောင်စီဘက်က သတင်းစကား ပါးထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလိုဆက်ပြောပါတယ်။

“ သူတို့ဘက်ကလည်း ဆက်လက်ပြီးဆွေးနွေးသွားဖို့ ပြင်ဆင်ထားမှုတချို့ ရှိကြပါတယ်။ သူတို့က Joint Ownership ကို လက်ခံသွားပြီဗျ။ ဒါကြောင့် ၇ဖွဲ့နဲ့ တစ်ပေါင်းတစ်စည်းတည်းတွေ့မယ်။ သူတို့ကလည်းပဲ အဲဒီ ၇ဖွဲ့ တွေ့ရေးအတွက် သူတို့ကလည်းပဲ ပြင်ဆင်နေတယ်ပေါ့ဗျာ။”

ပြီးခဲ့တဲ့ ၇ရက်နေ့ကတော့ အခမ်းအနားကို တက်ရောက်လာတဲ့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ အလွတ်သဘော ဆွေးနွေးခဲ့ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS ဟာ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နဲ့ အရင်က အလှမ်းကွာနေခဲ့ရာက အခု စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ အတူပါဝင်လာမယ့်အခြေအနေဟာ ရလဒ်ကောင်း တစ်ခုဖြစ်ကြောင်းလည်း ပြောပါတယ်။

“ အလွတ်သဘောဆွေးနွေးဖြစ်တဲ့နေရာမှာ RCSS ရဲ့ ဥက္ကဌကြီး ကိုယ်တိုင်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပေးတဲ့အခါကျတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က အတန်ငယ် ကင်းကွာနေတဲ့ အခြေအနေကနေပြီးတော့ ပိုမိုနီးစပ်လာတဲ့ အခြေအနေပေါ့ဗျာ။ အလုပ် အတူတကွပြန်လုပ်ဖို့အတွက် နည်းနည်းနီးစပ်လာတဲ့အခြေအနေကို ရောက်တယ်လို့ သတင်းကောင်း ပေးချင်ပါတယ်ဗျ။”

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံကတော့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရာမှာ အဓိကအားဖြင့် ပဋိပက္ခဖြေရှင်းရေးနဲ့ အတူပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ အဓိကကျတော့ ပဋိပက္ခ ဘယ်လို ဖြေရှင်းမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ အဲလောက်ပဲခင်ဗျ။ ”

လာမယ့်အပတ်အတွင်းမှာတော့ မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်ကောင်စီနဲ့ တတိယအကြိမ် ဆွေးနွေးဖွယ်ရှိနေပြီး ဒီတွေ့ဆုံပွဲအပြီးမှာတော့ NCA စာချုပ် လက်မှတ် ထိုးအဖွဲ့ ၇ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီနောက်ထပ် တွေ့ဆုံဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။

ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ဖြစ်ပါတယ်။

NCA လက်မှတ်ထိုးအဖွဲ့တွေထဲက စစ်ကောင်စီနဲ့ ဆွေးနွေးဆဲဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကတော့ ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မတက်ရောက်တဲ့အတွက် ဒီနေ့ အလွတ်သဘောဆွေးနွေးပွဲမှာလည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode]















XS
SM
MD
LG