သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 NCA (၇)နှစ် အခမ်းအနား အဖွဲစုံတက်ရောက်ဖွယ်မရှိ


Senior General Min Aung Hlaing receives PPST members (ယခင်မှတ်တမ်းဓါတ်ပုံ )
Senior General Min Aung Hlaing receives PPST members (ယခင်မှတ်တမ်းဓါတ်ပုံ )

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုတဲ့ ၇နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၆ဖွဲ့ တက်ရောက်ဖို့ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဇော်မိုးကျော် က ပြောပြမှာဖြစ်ပါတယ်။

NCA (၇)နှစ် အခမ်းအနား အဖွဲစုံတက်ရောက်ဖွယ်မရှိ

{{Zawgyi/Unicode}}

အောက်တိုဘာလ ၁၅ရက်နေ့ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုတဲ့ ၇နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၆ဖွဲ့ တက်ရောက်ဖို့ ရှိနေပါတယ်။ NCA လက်မှတ်ထိုးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ကတော့ NCA အခြေခံမူ ၃ချက်အရ ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဇော်မိုးကျော် က ပြောပြမှာဖြစ်ပါတယ်။

NCA စာချုပ်ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ စတင်လက်မှတ်ရေးထိုးခဲ့ပြီး မနက်ဖန်မှာဆို ၇နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

လောလောဆည်မှာတော့ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့ ၁၀ဖွဲ့ရှိပြီး မနက်ဖန်မှာ ကျင်းပမယ့် နှစ်ပတ်လည် အခမ်းအနားကို အဖွဲ့ ၇ဖွဲ့ တက်ရောက်ဖွယ်ရှိကြောင်း NCA လက်မှတ်ထိုးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုး က VOA ကို ပြောပါတယ်။

“ လောလောဆည်ကတော့ ၇ဖွဲ့ တက်ရောက်မယ်လို့ သိရတာပေါ့နော်။ NCA လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို By Name နဲ့ ဖိတ်သလို အဖွဲ့အစည်းမှာကျတော့ ဥက္ကဌတွေနဲ့ ကိုယ်စားလှယ် တဦးပေါ့နော်။ အဲလိုပုံစံနဲ့ ဖိတ်ပါတယ်။ တစ်ဖွဲ့ချင်းအလိုက် လောလောဆည်ကတော့ ၇ဖွဲ့တက်မယ်လို့ သတင်းကြားထားပါတယ်။”

NCA ၇နှစ်ပြည့်အခမ်းအနားကို PPST အနေနဲ့ ဖိတ်ကြားတာမရှိပေမဲ့ PPST ကတော့ NCA မူ ၃ချက်အရ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ လောလောဆည်ဆည် အနေနဲ့ကတော့ ကျမတို့ကတော့ ဒီ NCA ရဲ့ အနှစ်သာရ မူ ၃ချက်ပေါ့။ အဲဒီ အခြေခံမူ ၃ချက်ကို ကိုင်စွဲပြီးတော့မှ ကျမတို့ လက်ရှိ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်း၊ နိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းတဲ့ လမ်းကြောင်းတွေအပေါ်မှာပဲ PPST က ရပ်တည်လျက်ရှိပါတယ်။ အားလုံးပါနိုင်ရေး ဆိုတဲ့အခြေခံအပေါ်ကနေ ကျမတို့ ချဉ်းကပ်ပြီးတော့မှ တစ်ဆင့်ချင်းတော့ ဆောင်ရွက်သွားရမယ့် အနေအထားရှိပါတယ်။”

PPST ရဲ့ မူ ၃ရပ်မှာတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖု့ိ၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတာတွေ ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မနက်ဖန်ကျင်းပမယ့် အခမ်းအနားကို လက်နက်ကိုင် ၇ဖွဲ့ တက်ရောက်မှာ ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့သူတွေကိုလည်း ဖိတ်ကြားထားကြောင်း ပြောပါတယ်။

“ ကျနော်တို့ မနက်ဖန်မှာတော့ NCA တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုတဲ့ ၇နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီမှာတော့ EAO အဖွဲ့များကိုလည်း ဖိတ်ကြားထားပါတယ်။ အဓိက ကတော့ ကျနော်တို့ အခုလက်ရှိ ဆွေးနွေးနေတဲ့ EAO အဖွဲ့ ၁၀ဖွဲ့နဲ့ .ကိုလည်း အဓိက ထားပြီး ဖိတ်ကြားထားပါတယ်။ အခုချိန်ထိတော့ ၇ဖွဲ့က ကိုယ်စားလှယ်များ ရောက်ရှိနေပြီးဖြစ်ပါတယ်။ ဒါအပြင် ယခင် အစိုးရ အဆက်ဆက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်များကို အထူးဖိတ်ကြားသူများအဖြစ်လည်း ဖိတ်ကြားထားပါတယ်။ သူတို့ဆီကလည်း တက်ရောက်မယ်ဆိုတဲ့ အကြောင်း ပြန်ချက် ရပြီးဖြစ်ပါတယ်။”

အခမ်းအနားကိုတော့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က သူပြောကြားမယ့် အမှာစကားကို Video message ပေးပို့မှာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့ ၁၀ဖွဲ့ကတော့ NCA လက်မှတ်ထိုး ၇ဖွဲ့နဲ့ လက်မှတ် မထိုးသေးတဲ့ ၃ဖွဲ့တို့ ဖြစ်ပါတယ်။ NCA လက်မှတ် မထိုးသေးတဲ့ ဝ၊ မိုင်းလားနဲ့ SSPP ခေါ် ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကတော့ NCA ၇နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖွယ်မရှိပါဘူး။

ပြီးခဲ့တဲ့ ၆နှစ်ပြည့် အခမ်းအနားမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကတော့ ဒီနှစ်မှာ တက်ရောက်မှာ မဟုတ်ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က ပြောပါတယ်။

“ ကျနော်တို့ ဆီကတော့ တက်ရောက်ဖို့ မရှိပါဘူး။ ကျနော်တို့က စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီးသား ဖြစ်တယ်လေ။ စကစနဲ့ တွေ့ဆုံမယ့်ကိစ္စတွေ၊ စကစ ခေါ်တဲ့ အစည်းအဝေးတွေ၊ အခမ်းအနားတွေကို တက်ဖို့ အစီအစဉ်မရှိသေးဘူး။”

ပြီးခဲ့တဲ့နှစ် တက်ရောက်ခဲ့တာဟာ အဖွဲ့အစည်း ဆုံးဖြတ်ချက် မဟုတ်ကြောင်း သတင်းထုတ်ပြန်တာတွေလည်း ရှိခဲ့ပါတယ်။

မနက်ဖန် ကျင်းပမယ့်အခမ်းအနားကို မတက်ရောက်တဲ့ NCA လက်မှတ်ထိုး အခြားအဖွဲ့အစည်းတွေကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ချင်းအမျိုးသားတပ်ဦးCNF တို့ဖြစ်ပါတယ်။

NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ရခိုင် ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ၊မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့ ပါဝင် လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

....................................................................


{{Zawgyi/Unicode}}

















XS
SM
MD
LG