သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီ ၃ ရက်ကြာဆွေးနွေးပွဲပြီးဆုံး 


စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အစည်းအဝေး (ဒီဇင်ဘာ ၂၈၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး) (မှတ်တမ်းဓါတ်ပုံ)
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ဒီနေ့ ဒုတိယနေ့အစည်းအဝေး (ဒီဇင်ဘာ ၂၈၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး) (မှတ်တမ်းဓါတ်ပုံ)

နေပြည်တော်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးနေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ကြာသပတေးနေ့က မှတ်တမ်း ၅ချက်နဲ့ သဘောတူညီချက် ၄ချက် ရရှိခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုရဲမွန် က တင်ပြထားပါတယ်။

အပစ်ရပ် ၅ ဖွဲ့နဲ့ စစ်ကောင်စီ ၃ ရက်ကြာဆွေးနွေးပွဲပြီးဆုံး

{{Zawgyi/Unicode}}

နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ကြား ၃ ရက်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲမှာ သဘောတူညီချက် ၄ ခုရပြီး ကြာသပတေးနေ့မှာ ပြီးဆုံးပြီဖြစ်ပါတယ်။

ဒီသဘောတူညီချက်ထဲမှာ ၂၀၂၃မှာ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ရွေးကောက်ပွဲ စံချိန်စံညွှန်းနဲ့အညီ ကျင်းပရေးဆိုတာလည်း ပါဝင်နေတာပါ။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုရဲမွန် က တင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ဟာ နေပြည်တော်မှာ ၃ရက်ကြာဆွေးနွေးပြီးတဲ့နောက် သဘောတူညီချက်၄ချက် ရခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေထဲမှာ ပါတီစုံ နိုင်ငံရေးစနစ်ကို လက်ခံရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲကို ရွေးကောက်ပွဲ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရေးဆိုတဲ့ အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဒုဥက္ကဌ နဲ့ လက်နက်ကိုင် ၅ဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက VOA ကို အခုလို ပြောပါတယ်။

“ သဘောတူညီချက် အဖြစ်ကတော့ ၄ချက်ဖြစ်ပါတယ်။ မှတ်တမ်းကတော့ ကျမတို ၅ချက် ရရှိခဲ့ပါတယ်။ ကျမတို့က သဘောတူညီချက်ရဲ့ အသေးစိတ်ကို Statement မှာ ရေးထားတာ မဟုတ်ပါဘူး။ အဓိကကတော့ ယေဘူယျကိုပဲ ပြောလို့ ရပါတယ်။ နှစ်ဦးနှစ်ဘက် သဘောတူထားတာကို media ထုတ်ပြန်ချက်အဖြစ် ပြောဖို့ မရှိပါဘူး။ ”

တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ဖွဲ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွေးကောက်ပွဲ စံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ရေးဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး အခုလို ရှင်းလင်းပြောဆိုပါတယ်။

“ ရွေးကောက်ပွဲရဲ့ အနှစ်သာရတွေပေါ့လေ ။ အဲဒါကိုပါ ကျမတို့က ဆွေးနွေးပြီးတော့ ယေဘူယျ အားဖြင့် ရွေးကောက်ပွဲ တခုဆိုလို့ရှိရင် တရားဥပဒေ စိုးမိုးမှုရှိရမယ်။ ဒေသတည်ငြိမ်အေးချမ်းမှု ရှိရမယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ရှိရမယ်။ လွတ်လပ်ပြီးတော့မှ တရားမျှတတဲ့ ရွေးကောက်ပွဲစနစ်ဖြစ်ဖို့ လိုသလို တိုက်ရိုက်မဲနဲ့ ရွေးခြယ်ပေးတဲ့ စနစ်မျိုးဖြစ်ဖို့ လိုတယ်။ နောက်ပြီးရင် နေရာတိုင်းမှာ တပြိုင်နက်တည်း ကျင်းပရမယ်ဆိုတာကတော့ ဒီဥပဒေနဲ့ အညီပေါ့။ ရွေးကောက်ပွဲ ဥပဒေတွေ ဖြစ်တယ်ဆိုပြီးတော့မှ EAO ဘက်က ဆွေးနွေးတဲ့သဘောဖြစ်ပါတယ်။ဆွေးနွေးပြီးတော့မှ ယျေဘူယျအားဖြင့် ကျမတို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ”

လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေမှာ နေရာတိုင်းမှာ တပြိုင်တည်း ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေ ရှိမရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က အခုလို ပြောဆိုထားပါတယ်။

“ တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ကို တပြိုင်နက်တည်း ဖြစ်ဖို့ ဆိုတာက ဖြစ်နိုင်ပါတယ်။ ဒေသတခုမှ တချို့ မြို့နယ်တွေမှာက လုံခြုံရေးမရှိလို့ မလုပ်နိုင်ရင် ချန်လှပ်ထားခဲ့လို့ ရတယ်။ ချန်လှပ်ထားခဲ့တဲ့နယ်မြေတွေက မဲဆန္ဒနယ် တစ်ခုရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် နေရာကို မထိခိုက်ဘူး။ အခုဟာက PR စနစ်လုပ်မယ်ဆိုတော့ PR စနစ်ရဲ့ မဲဆန္ဒနယ်တစ်ခုက ခရိုင်တစ်ခုဖြစ်ဖို့ များတယ်။ ”

လက်ရှိအခြေအနေမှာ နေရာဒေသအနှံမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွေးကောက်ပွဲ ကျင်းပရေး ခက်ခဲမယ်လို့ သုံးသပ်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ရရှိတဲ့ သဘောတူညီချက် ၄ချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအချက် ၁၀ချက်ပါဝင်ကြောင်း ထုတ်ပြန်ထားပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

မှတ်တမ်း ၅ရပ်ထဲမှာတော့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး ကော်မတီ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ အမြန်ဆုံးတွေ့ဆုံရေးဆိုတာ ပါဝင်ပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ လက်မှတ် မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ရေးကို ကြိုးပမ်းဖို့ ဆိုတာလည်း ထုတ်ပြချက်မှာ ပါရှိ ပါတယ်။

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ရဲ့ မူဖြစ်တဲ့ မြန်မာပြည်ရဲ့အကျပ်အတည်းကို သက်ဆိုင်သူတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရေးအတွက်လည်း လက်ရှိ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

လက်ရှိ ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၅ဖွဲ့ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA – PC ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲနှစ်ကြိမ်မှာ ပါဝင်ခဲ့တဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ကတော့ လက်ရှိ ဆွေးနွေးပွဲကို တက်ရောက်လာတာ မရှိပါဘူး ။

NCA လက်မှတ်ထိုးအဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်တာမရှိဘဲ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}




















XS
SM
MD
LG