သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ တန်ပြန်လျှောက်လဲချက် မြန်မာစစ်ကောင်စီ အချိန်မီမတင်နိုင်


ရိုဟင်ဂျာအရေး ကြားနာစစ်ဆေးတဲ့ နယ်သာလန်နိုင်ငံက The Hague မြို့အခြေစိုက် ICJ ကုလသမဂ္ဂနိုင်ငံတကာတရားရုံး (ယခင်မှတ်တမ်းဓာတ်ပုံ)
ရိုဟင်ဂျာအရေး ကြားနာစစ်ဆေးတဲ့ နယ်သာလန်နိုင်ငံက The Hague မြို့အခြေစိုက် ICJ ကုလသမဂ္ဂနိုင်ငံတကာတရားရုံး (ယခင်မှတ်တမ်းဓာတ်ပုံ)


ဧပြီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

မြန်မာနဲ့ဂမ်ဘီယာကြားဖြစ်နေတဲ့ ICJ အမှုမှာ အပြန်အလှန်လျှောက်လဲချက်ပေးတာထက် မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်ကျူးလွန်ခဲ့မှု ရှိမရှိဆိုတဲ့ ကြားနာစစ်ဆေးတဲ့အဆင့်ကို ICJ တရားရုံးအနေနဲ့ တိုက်ရိုက်လုပ်ဆောင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်ကောင်စီဘက်က ဧပြီ ၂၄ ရက်နေ့မှာ တင်သွင်းဖို့ သတ်မှတ်ထားတဲ့ လျှောက်လဲချက်ကို အချိန်မီမတင်နိုင်ဘဲ ရက်ရွေ့ဖို့ တောင်းဆိုနေပါတယ်။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

နယ်သာလန်နိုင်ငံ The Hague မြို့အခြေစိုက် ICJ ကုလသမဂ္ဂနိုင်ငံတကာတရားရုံးမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဆိုတဲ့ ဂမ်ဘီယာရဲ့စွဲချက်ကို ICJ တရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်မရှိဘူးဆိုတဲ့ မြန်မာရဲ့ကန့်ကွက်လျှောက်ထားချက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ICJ က ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ် ဧပြီလ ၂၄ ရက် မှာနောက်ဆုံးထားပြီး မြန်မာစစ်တပ်ရဲ့ ဂျီနိုဆိုက် ကျူးလွန်မှုဆိုတဲ့ ဂမ်ဘီယာစွဲချက်တွေကို ပြန်ပြီးချေပဖို့ စစ်ကောင်စီက ပထမဆုံးအကြိမ် အစီရင်ခံစာတင်သွင်းရမှာဖြစ်ပေမယ့် အချိန်မီတင်သွင်းနိုင်ခြင်းမရှိဘဲ တနှစ်အထိရွှေ့ဆိုင်းဖို့ အသနားခံစာတင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ ICJ တရားရုံးက တလထိပဲအချိန်တိုးပေးခဲ့ကြောင်း ဧပြီလ (၆) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ICJ တရားရုံးအနေနဲ့ နှစ်ဘက်အစီရင်ခံစာတွေ အပြန်အလှန်တင်သွင်းနေတဲ့အဆင့်ကို ကျော်ပြီး အဓိကဆုံးဖြတ်ရမယ့် မြန်မာစစ်တပ်ရဲ့ ဂျီနိုဆိုက်ကျူးလွန်မှုရှိမရှိဆိုတဲ့ ကြားနာစစ်ဆေးမှုအဆင့်ကိုပဲ တိုက်ရိုက်သွားသင့်ကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ NUG အနေနဲ့ကတော့ ရှင်းတယ်။ case ကို Sustances ကိုပဲ တန်းသွားဖို့ဆိုတာကို ကျနော်တို့ကတော့ တောက်လျှောက် တိုက်တွန်းနေတာဖြစ်တဲ့အတွက်ကြောင့် အခုလိုမျိုးအချိန်ကို ရွှေ့တယ်၊ ရွှေ့တယ်ဆိုတဲ့ဥစ္စာ အားလုံးသိတဲ့အတိုင်း စစ်တပ်အနေနဲ့ အမြဲတမ်း သူတို့အလေ့အထရှိတဲ့အတိုင်း အချိန်ကို ဝယ်နေတာပေ့ါနော်၊ Buying time လုပ်နေတယ်လို့ ကျနော်တို့မြင်ပါတယ်။ ဒီဘာသာရပ်ကို မဆွေးနွေးခင်မှာ နောက်တွေကို ဆုတ်..ဆုတ်ခိုင်းတယ်ပေါ့နော်၊ report တင်တယ်ဆိုတဲ့ဥစ္စာကိုလည်း နောက်ဆုတ်ခိုင်းတာလည်း ဒါ procedure အရ သူတို့က တောင်းဆိုလို့ရတယ်လို့ ယူဆပြီးတော့ လုပ်တဲ့ဥစ္စာပေ့ါနော်။ အခုလိုမျိုး တောင်းဆိုလိုက်တဲ့အတွက်ကြောင့် အနည်းဆုံးတော့ ICJ တရားသူကြီးတွေနဲ့ တွေ့ရတယ်၊ ဆွေးနွေးရတယ်။ အချိန်အလကားကုန်သွားသွားတာပေ့ါနော်၊ အဲဒါတွေအတွက်ကို အချိန်မပေးဘဲနဲ့ တကယ့် အခုနက genocide ဖြစ်တယ်၊ မဖြစ်ဘူး...နောက်ပြီး သူတို့ကိုကာကွယ်ပေးဖို့ အရှေ့ကို ဘာလုပ်ရမယ်ဆိုတာ...အဲဒါတွေကို ကျနော်တို့က ဆွေးနွေးစေချင်တာ။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဂမ်ဘီယာရဲ့ ဂျီနိုဆိုက်စွဲချက်တွေကို တုံ့ပြန်ချေပဖို့ သူတို့ပြင်ဆင်နေတဲ့အစီရင်ခံစာမှာ အချက်အလက်တွေ အပြည့်အစုံတင်နိုင်ရေး အချိန်ထပ်ပြီးတိုးပေးဖို့ ICJ တရားရုံးကို လျှောက်ထားခဲ့တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။

"အဓိကတော့ မြန်မာဘက်ကနေပြီးတော့ counter memorial ပေ့ါဗျာ၊ counter memorial အပြည့်အစုံတင်နိုင်ဖို့ အချိန်ထပ်မံလိုအပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ဒါ ပြောခြင်းဖြစ်ပါတယ်၊ အဲဒီဟာကိုလည်း မေလထဲမှာ ဖြေရှင်းမယ်ဆိုတာ သိရပါတယ်ဗျ။ မပြည့်စုံလို့မဟုတ်ပါဘူး။ အဲဒီမှာအချက်အလက်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ထပ်မံပြီးတော့ကျ ဖြည့်စွက်စရာတွေရှိတယ်။ ပိုမိုခိုင်မာအောင် လုပ်စရာတွေရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့အချိန် နောက်ရွှေ့ဆိုင်းပေးဖို့ ပြောခြင်းဖြစ်တယ်။"

၂၀၂၁ ဖေဖေါ်ဝါရီလမှာ စစ်တပ်အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ မရှိဘူးလို့ ICJ တရားရုံးမှာ ချေပ လျှောက်ထားခဲ့တာပါ။ အခု NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ NLD အစိုးရရဲ့ ချေပချက်ကို ပြန်ပြီးရုပ်သိမ်းကြောင်း ICJ တရားရုံးကို ပြန်ပြီး တင်သွင်းထားပါတယ်။ ICJ တရားရုံးဘက်ကတော့ ဒီရုပ်သိမ်းချက်ကို လက်ခံရရှိကြောင်း တရားဝင်တုံ့ပြန်ထားပေမယ့် လက်ရှိ စစ်ဆေးနေတဲ့အမှုမှာ NUG ကို မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့အချက်ကိုတော့ လက်မခံခဲ့ပါဘူး။

NLD အစိုးရကိုပဲ ကိုယ်စားပြုကြောင်း ကုလသမဂ္ဂမှာ ကြေညာထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ICJ အနေနဲ့ ပြည်သူကအသိမှတ်ပြုတဲ့အစိုးရကိုပဲ လက်ခံပြီး ရိုဟင်ဂျာတွေကို အမြန်ဆုံးအကာအကွယ်ပေးနိုင်ရေး လုပ်ဆောင်သင့်ကြောင်း အခုလို ပြောပါတယ်။

"ပြည်သူတွေရဲ့ ကိုယ်စားပြုဆောင်ရွက်တဲ့ဥစ္စာမျိုးတွေမှာ တကယ့်ပြည်သူကို ကိုယ်စားပြုတဲ့လူတွေကိုပဲ လက်ခံဆောင်ရွက်ခြင်းအားဖြင့် ပိုပြီးတော့ ထိရောက်စေတယ်ဆိုတဲ့ဥစ္စာကိုတော့ ကျနော်ဖြည့်စွက်ပြီးတော့ ပြောလိုပါတယ်။ ဘာပဲပြောပြော အားလုံးလည်းသိတဲ့အတိုင်းပေါ့နော်။ ရိုဟင်ဂျာတွေအနေနဲ့လည်း ခံစားခဲ့ကြရတာက များနေပြီ။ အခုဆိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာရှိတဲ့ ကမ့်တွေထဲမှာ နေနေရတဲ့လူတွေလည်း စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့အတွက်ကြောင့် ဒီကိစ္စကို ကျနော်တို့ကတော့ မြန်မြန်ဖြေရှင်းချင်လို့၊ မြန်မြန်ပြီးဆုံးစေချင်လို့ အထူးသဖြင့် အခုလိုမျိုး ICJ ကိစ္စမှာ ကျနော်တို့ NUG ကနေပြီးတော့ တင်သွင်းတဲ့ဥစ္စာတွေကို အလေးအနက်ထား စဥ်းစားဆောင်ရွက်ခြင်းအားဖြင့်လည်း ဒီလိုမျိုး ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ပြဿနာကို ဖြေရှင်းတဲ့အခါမှာ တဘက်တလမ်းကနေ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ဥစ္စာတော့ ကျနော်တို့ ယုံကြည်တယ်။"

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဆိုတဲ့ ဂမ်ဘီယာရဲ့စွဲချက်ကို ICJ တရားရုံးက စစ်ဆေးကြားနာသွားမယ့်အချိန်ဟာ လေးနှစ်လောက်ကြာနိုင်ပြီး စစ်တပ်ရဲ့ရက်စက်တဲ့ကျူးလွန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ရိုဟင်ဂျာတွေ တရားရုံးရှေ့မှောက် ထွက်ဆိုလာနိုင်ခြေရှိတယ်လို့ နိုင်ငံတကာဥပဒေပညာရှင် Michael Becker ကသုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG