သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ စစ်ကောင်စီပြောဆိုချက်ကွဲလွဲမှုရှိတယ်လို့ ရိုဟင်ဂျာတွေတုံ့ပြန်


ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အမှု ကြားနာပွဲ။ (ဓာတ်ပုံ-ICJ)
ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အမှု ကြားနာပွဲ။ (ဓာတ်ပုံ-ICJ)

[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနေသလို ICJ နိုင်ငံတကာ တရားရုံးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကြားကာလစီမံဆုံးဖြတ်ထားတာတွေကို လိုက်နာဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီကိုယ်စားလှယ်က တရားရုံးကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့အခြေအနေမှာတော့ ထူးခြားတိုးတက်တယ်လို့ မမြင်ဘူးလို့ ရိုဟင်ဂျာတွေနဲ့ လူ့အခွင့်ရေးလေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့အမှုကို Netherlands နိုင်ငံ The Hague မြို့က ICJ နိုင်ငံတကာ တရားရုံးက တနင်္လာနေ့က ပြန်လည်ကြားနာမှု စတင်ခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့အမှုကို ICJ တရားရုံးမှာ ကြားနာသင့် မသင့်၊ မြန်မာဘက်က ဖေဖော်ဝါရီ ၂၁ ရက် တနင်္လာနေ့က လျှောက်ထားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကလုပ်ခဲ့တဲ့ ကနဦးကြားနာပွဲအပြီး တရားရုံးက သတ်မှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လိုက်နာဆောင်ရွက်ရမယ့် အစီအမံတွေအတိုင်း စစ်ကောင်စီအနေနဲ့ လိုက်နာဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က တရားရုံးကို လျှောက်ထား တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေနေဆဲဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးကိစ္စအပါအဝင် ICJ ချမှတ်ထားတဲ့ ကြားကာလ အစီအမံတွေကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်နေတယ်ဆိုတဲ့ အခြေအနေမျိုး ကိုယ်တိုင်ခံစား ကြုံတွေ့ရတာ မရှိသေးဘူးလို့ ခုလိုတုံ့ပြန်ပါတယ်။

“အဲဒါက မရှိဘူးအမ။ အကောင်အထည်မပေါ်သေးဘူး။ ကျနော်တို့မှာ ပညာမသင်ရ၊ တက္ကသိုလ်တို့ ဘာတို့လည်း အရင်လိုပဲ တက်ရောက်ခွင့်မရသေးဘူး။ ကျနော်တို့ရွာတွေမှာလည်း လွတ်လွတ်လပ်လပ်သွားလာခွင့် မရဘူး။ ကျနော်တို့ ဘယ်လိုအဆင်ပြေမလဲ။ ကန့်သတ်တယ်။ နိုင်ငံသားဖြစ်ခွင့်ကိုလည်း ကျနော်တို့ကို ပေးတာမရှိဘူး။ အဖေအမေမှာလည်းမှတ်ပုံတင်ရှိတယ်။ အဖိုးအဖွားမှာလည်း မှတ်ပုံတင်ရှိတယ်။ အဲဒါလည်း ကျနော်တို့ကို မှတ်ပုံတင်မပေးဘူး။ နောက်ပြီး ရခိုင်ပြည်နယ်ထဲလည်း လွတ်လွတ်လပ်လပ်ကျနော်တို့သွားလို့မရဘူး။ ICJ မှာပြောတဲ့စကားတွေက ကျနော်တို့နဲ့တခြားစီဖြစ်တယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံ လေဒါဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း ခုချိန်ထိ မြန်မာစစ်တပ် ဘက်က ပြန်လည်လက်ခံရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးပိုင်း လုပ်နေတာ မတွေ့ရပါဘူးလို့ ခုလိုပြောပါတယ်။

“အခက်အခဲကြုံနေရတယ်။ တော်တော်စဉ်းစားစရာလည်း ဖြစ်နေတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ပြန်လာဖို့ ကတော့ ပြန်လာဖို့မျှော်နေပါတယ်တဲ့။ ကြိုးစားနေတယ်တဲ့ ။ဒါပေမယ့် စစ်ကောင်စီဘက်က ပြောနေတာကို။ ဒါပေမယ့်သူတို့က ပြောနေတာပဲ ရှိတယ်။ ကျနော်တို့ကပြန်လာဖို့စဉ်းစားနေတာ ရှိတယ်။ ဒါပေမယ့် အခွင့်အရေးလူတိုင်းလိုနေကြတာမလား။ အခွင့်အရေးမရတာလူတိုင်း ဘယ်လိုလာနိုင်မလဲ။ သူတို့ပြောနေတယ်။ ဒါပေမယ့် လုပ်မပေးဘူး။ လုံခြုံရေးလည်း မပေးဘူး။ UN ကလုံခြုံရေး ပေးမယ်ပြောတာလည်း လက်မခံဘူး။ အမျိုးသမီးတွေ ကလေးတွေ စားရေး နေရေး ပညာရေး ကျန်းမာရေး လုံးဝအဆင်မပြေဘူးဖြစ်နေတယ်။”

အစ္စလာမ်ဘာသာဝင် လူနည်းစုတွေ လူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့ နေထိုင်နိုင်ရေးအပါအဝင် မြန်မာပြည်တွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ လူ့အခွင့်အရေးတန်းတူရဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တခုဖြစ်တဲ့ Active Women Development Initiative တက်ကြွနိုးကြားပျိုမေများအဖွဲ့ တည်ထောင်သူတဦးဖြစ်တဲ့ မဖြူပြာဝင်းလဲ့ရီကလည်း စစ်ကောင်စီကိုယ်စားလှယ်တွေကမနေ့က ICJ မှာတင်ပြချက်တွေဟာ အပြောသက်သက်ပဲ ဖြစ်နေတယ်လို့ တုံ့ပြန်လိုက် ပါတယ်။

“အဲဒါကတော့ပွင့်ပွင့်လင်းလင်းမြင်နေတွေ့နေရတာပါပဲ။ သူတို့ လုံးဝ ဒါတွေကိုမလုပ်ဘူး။ လူ့အခွင့်အရေးအရလည်း မလုပ်ဘူး။ ခုချိန်ထိကို အမျိုးသမီးတွေကော ကလေးတွေကော ဖမ်းနေတာပဲလေ။ ရခိုင်ကနေထွက်လာတာနဲ့ လမ်းမှာတောက်လျှောက်ဖမ်းတာလည်း အများကြီးပဲ။ ထောင်တွေလည်း ချနေတာပဲ။ လက်ရှိ လောလောလတ်လတ်ကို အဖမ်းခံရတာ တွေ့နေရတာပဲ။ လူ့အခွင့်အရေးရှေ့နေတွေ လိုက်ပေးတာပဲ။ ဒါပေမယ့်ထောင်ကျကြတာပဲ ။ ၂ နှစ်ထိကျတယ်လေ။ ဒါက လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့လည်း မကိုက်ညီဘူး။ သူတို့တွေခုချိန်ထိ လိမ်နေတုန်းပဲလို့ အမတို့ တော့သိတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ Genocide လူမျိုးတုံးသတ်ဖြတ်တဲ့အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာပါ။ ၂၀၁၉ ခုနှစ်မှာ စတင်ကြားနာခဲ့တဲ့ အမှုကို နောက်ထပ်ကြားနာမှုတွေ မဆက်ခင် ကြားကာလအတွင်း မြန်မာနိုင်ငံ လိုက်နာရမယ့် ကြားဖြတ်အစီအမံတွေကို ICJ က သတ်မှတ်ပေးခဲ့တာပါ။

အဲဒီအစီအမံတွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေ ထိန်းသိမ်းထားဖို့ ဒုက္ခသည်တွေကို နေရပ်ပြန်နိုက်ရေးဆောင်ရွက်ပေးဖို့၊ လွတ်လပ်စွာသွားလာနေထိုင်ခွင့်နဲ့လုံခြုံရေးအရအာမခံပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုံးကို စစ်တပ်က လက်မခံသလို စစ်ကောင်စီကိုယ်စားလှယ်ကလည်း တနင်္လာနေ့က တရားရုံးမှာ လေ ျှာက်ထားစဉ် ဒီအသုံးအနှုန်းကို ရှောင်ခဲ့ပါတယ်။

#MyanmarGenocide #MyanmarICJ #Rohingya #VOABurmese #ရိုဟင်ဂျာ #လူမျိုးတုံးသတ် #ကိုကိုလှိုင် #နယ်သာလန် #ရခိုင်မြောက်ပိုင်း #လူမျိုးရေးဘာသာရေး #ဗွီအိုအေ
=============











=============

XS
SM
MD
LG