မြိ့ုပြတွေမှာ နေထိုင်ကြရတဲ့ လူတွေနဲ့ တိရိစ္ဆာန်တွေမှာ သစ်ရိပ်ဝါးရိပ်နည်းတာကလည်း စိတ်ဖိစည်းမှုတွေ ဖြစ်စေတတ်ပါတယ်။ Australia နိုင်ငံ Perth မြိ့ုမှာဆိုရင် ရှိပြီးသား သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းခြင်းမပြုဘဲ အပင်တွေ ကြားမှာ လူနေအိမ်တွေ စ ဆောက်နေကြပါပြီ။ သစ်ပင်တွေဖယ်ရှား ရှင်းလင်းခြင်းမလုပ်ဘဲ တည်ဆောက်ထားတဲ့ ဒီ သစ်လုံးအိမ်တွေကို ဒဏ္ဍာရီပါ နိုရာမိသားစုလှေကြီးလိုမျိုး လူကြီးတွေနေဖို့ သစ်လုံးအိမ်လို့ တင်စားပြောဆိုကြပါတယ်။ AP သတင်းဆောင်းပါးကို အခြေခံပြီး ရဲမွန်က ဆက်ပြောပြပါမယ်။
အခုတွေ့နေရတဲ့ အိမ်ရာမြေ ဆောက်လုပ်ရေး ပုံစံတွေကို သမာရိုးကျ ဆောက်ပုံဆောက်နည်းမျိုးနဲ့ တည်ဆောက်ထားတာမျိုးမဟုတ်ပါဘူး။ Perth မြိ့ုထဲက ဒီ အိမ်ခြံမြေ အသစ်က အကျယ်အဝန်း ပတ်ပတ်လည် ၈၀၀ မီတာရှီပြီး အိမ်လေးလုံး အပါအဝင် ပစ္စည်းတွေ သိမ်းထားဖို့ တနေရာ ပါဝင်ပြီး အဓိက ပါဝင်တာကတော့ သစ်ပင်ကြီးတွေ အပင်ပေါင်း ၄၀ ပါဝင်တာပါ။ Forever Project က Chris Ferreira က အခုလို ဆက် ရှင်းပြပါတယ်။
Chris Ferreira (M)
“မြိ့ုပြ တောအုပ်က အလွန်ကို တန်ဖိုးရှိပြီး၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ နေသာအောင် ဆောင်ရွက်ပေးရာမှာလည်း အရေးပါပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေတည်ဆောက်ရာမှာ သစ်ပင်တွေ၊ တောအုပ်တွေက ဖယ်ရှားခံရပါတယ်။ ဘာလို့လဲဆိုတော့ သစ်ပင်တွေ တောတွေကို ဖယ်ရှားပြီးမှ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်လို့ရမယ်လို့ ယူဆထားကြလို့ပါ။”
အခု ဆောက်လုပ်နေကြတဲ့ မြိ့ုပြ ဆောက်လုပ်ရေး ပုံစံက တိုးပွားလာနေတဲ့ လူနေ အိမ်ရာမြေတွေအတွက် အပင်တွေ ခုတ်ထွင်စရာမလိုဘဲ ဆောက်လို့ရတဲ့ ဥပမာ ပုံစံတခုလို့ ယူဆလို့ရပါတယ်။ မဝေးလှတော့တဲ့ အနာဂတ်မှာ အခုလို ဆောက်လုပ်ရေး ပုံစံတွေက ပုံမှန် အဆိုတင်သွင်းလာမယ့် ဆောက်လုပ်ရေး ပုံစံမျိုးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အခုလာမယ့် စက်တင်ဘာလထဲ အသက်ဝင်မယ့် သြစတြေးလျနိုင်ငံအရှေ့ခြမ်း မြိ့ုပြ စီမံကိန်းအသစ်ရဲ့ ဥပဒေပြထန်းချက်ထဲမှာ လူနေအိမ်ဆောက်လုပ်ရေးတည်ဆောက်ရာမှာ သစ်ပင် အပင်ရေ အနည်းဆုံး ၁၅ ပင် မပါမနေရ ဥပဒေ ပါရှိပါတယ်။ ဒါ့အပြင်၊ မြက်ခင်းပြင်လို စိမ်းစိမ်းစိုစို ရှိတဲ့ နေရာပမာဏက အိမ်အဝန်းအဝိုင်းထဲမှာ ၁၅ ရာခိုင်နှုန်းပါရပါမယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ သစ်ရိပ်ဝါးရိပ်မျိုးကို ထိမ်းသိန်းထားမယ်ဆိုရင်တော့ ပါရှိရမယ့် ၁၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ လျေှ့ာပေါ့ပေးမယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံအရှေ့ခြမ်း မြိ့ုပြ စီမံကိန်း ဝန်ကြီး Rita Saffioti က အခုလို ရှင်းပြပါတယ်။
Rita Saffioti (W)
“အရင်တုန်းက မြို့ပြဆောက်လုပ်ရေး စီမံကိန်းတွေက လူနေ ပတ်ဝန်းကျင်တခုလုံးက ခေါင်မိုးအကာတွေရယ်နဲ့ လမ်းတွေချည်းပါပဲ။ အဲ့လိုမျိုးလူနေပတ်ဝန်းကျင်တွေချည်းပဲဆိုတော့ ကျမတို့အနေနဲ့ ဒီစီမံကိန်းအသစ်မှာ သစ်ပင်တွေအုပ်မိုးပြီး အရိပ်တွေနဲ့ ပို အေးတဲ့ ရပ်ကွက်မျိုးတွေ တည်ဆောက်ပြီး ငှက်တွေနဲ့ အကောင်တွေပါ နေလို့ရအောင် ဖန်တီးသွားမှာပါ။”
လူတွေ နေတဲ့ မြို့ပြအရပ်မှာ သစ်ပင်ရိပ်တွေရှိရင် အပူချိန် သိသိသာသာ လျော့နည်းစေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ နွေရာသီ အတောအတွင်းမှာ သစ်ပင်အများအပြားရှိတဲ့ မြိ့ုစွန်ရပ်ကွက်တွေမှာ အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီယပ်ဝန်းကျင်ရှိပြီး အပင်လုံးဝမရှိတဲ့ ရပ်ကွက်တွေမှာတော့ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီယပ်ဝန်းကျင်လောက် ရှိတတ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကတော့ အပင်တွေရဲ့ အကျိုးအမြတ်တွေနဲ့ ဥပဒေအသစ်တွေကြောင့် အပင်တွေထားရှိဖို့ကို ဒေသခံတွေလက်ခံကြမယ်လို့ မျှော်လင့်နေကြပါတယ်။ Stirling မြိ့ုတော်ဝန် Mark Irwin က အခုလို ပြောပါတယ်။
Mark Irwin (M)
“လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်မြေနေရာမှာ အပင်တွေ ဆက်ထားရမယ်၊ ရှိရမယ်ဆိုတာကို လက်ခံလာမယ့် အချိန်အထိရောက်ဖို့ကတော့ အတော့်ကို လိုပါသေးတယ်။”
အခုအခါမှာတော့ စိမ်းစိမ်းစိုစို နေရာတွေရဲ့တန်ဖိုးကို ဈေးကွက်ကနေ အဆုံးအဖြတ်ပေးသွားမှာပါ ခင်ဗျ။