သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကမ္ဘောဒီးယားမှာ ကျင်းပ


Delegations take part in the parade during the opening ceremony of the 32nd Southeast Asian Games at the Morodok Techo National Stadium in Phnom Penh, Cambodia, on May 5, 2023.
Delegations take part in the parade during the opening ceremony of the 32nd Southeast Asian Games at the Morodok Techo National Stadium in Phnom Penh, Cambodia, on May 5, 2023.

၂၀၂၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကမ္ဘောဒီးယားမှာ ကျင်းပ

ဆီးဂိမ်း လို့ခေါ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် သမိုင်းဝင် လက်ခံကျင်းပရာမှာ သောကြာနေ့က ဖွင့်ပွဲကျင်းပခဲ့ပြီး အတီး၊ အမှုတ်၊ အက၊ အခုန်တွေနဲ့ ဖျော်ဖြေတာ၊ အလံဝှေ့ယမ်း၊ မီးရှူးမီးပန်း ပစ်လွှတ်တာတွေ လုပ်ခဲ့ကြပါတယ်။ အဲဒီ အခမ်းအနားမှာ အာဆီယံနိုင်ငံ တချို့က ခေါင်းဆောင်တွေ မြန်မာအပါအဝင် နိုင်ငံအသီးသီးက ပါဝင်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအိုသမ္မတတို့နဲ့အတူ ဖွင့်ပွဲကျင်းပရာ အားကစားကွင်းထဲကို ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနေတာကို ကျေးဇူးတင်ရှိကြောင်း ပြောပြီး ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပါတယ်။

တဖက်မှာလည်း ကမ္ဘာ့အာဏာ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တွေထဲက တဦးဖြစ်တဲ့ ဟွန်ဆန်ဟာ ဇူလိုင်လမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် နိုင်ငံတွင်းမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေကို ထိခိုက်စေခဲ့ပြီး အတိုက်အခံတွေကို နှိပ်ကွပ်ဖို့အတွက် တရားရုံးတွေကို အသုံးပြုခဲ့တယ်လို့ ဝေဖန်သူတွေက ထောက်ပြပါတယ်။

ဆီးဂိမ်းကတဆင့် စိတ်အားထက်သက်မှု မျိုးချစ်စိတ်ဓာတ်ကို တည်ဆောက်ဖို့အတွက် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီက (CPP)ကလည်း ရည်ရွယ်ထားပြီး ရွေးကောက်ပွဲမှာ သူတို့ပါတီ သေချာပေါက်နီးပါး အနိုင်ရမယ်လို့ ယူဆနေပါတယ်။

အစိုးရက ကစားပွဲတွေအတွက် လက်မှတ်တွေကိုလည်း အခမဲ့ ပေးအပ်ခဲ့ပြီး၊ လက်မှတ်တွေက ပေးမလောက်အောင်ကို ဖြစ်နေပါတယ်။

ဆီးဂိမ်းကို ၁၉၅၉ ခုနှစ် ဘန်ကောက်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ ကမ္ဘောဒီးယား ပြည်သူတချို့ကတော့ ဆီးဂိမ်း လက်ခံကျင်းပခွင့်ရဖို့ (၆၄)နှစ်တောင် စောင့်ခဲ့ရလို့ အခုလို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတာကို ဝမ်းသာတယ်လို့ ပြောကြပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွေထဲက တချို့ကတော့ စတင် ယှဉ်ပြိုင်ကစားနေပြီဖြစ်ပြီး အိမ်ရှင် ကမ္ဘောဒီးယားက ရွှေတံဆိပ် (၅)ခုနဲ့ ဆုတံဆိပ် အများဆုံး ရရှိထားပါတယ်။

ပြိုင်ပွဲတွေကို မေလ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး၊ စနေနေ့မှာတော့ ကစားနည်းအစုံက ပြိုင်ပွဲတွေ စတင်တော့မှာ ဖြစ်ပါတယ်။ မသန်စွမ်း ဆီးဂိမ်း အားကစားပြိုင်ပွဲကိုတော့ ဇွန်လဆန်းမှာ ကျင်းပဖို့ ရှိပါတယ်။

XS
SM
MD
LG