သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုသတင်း မမှန်ကြောင်း စစ်ကောင်စီငြင်းဆို


ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ မကြာသေးခင် ရက်တွေမှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ စစ်ကောင်စီကတော့ အတည်မပြုပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ တွေ့ဆုံခဲ့တယ်၊ NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊ နာယက ဦးဝင်းထိန်နဲ့ တခြား ပါတီထိပ်တန်းခေါင်းဆောင် တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြမှာပါ။

နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ သွားရောက် တွေ့ဆုံခဲ့တယ်လို့ သတင်းတချို့မှာ မကြာသေးခင် ရက်ပိုင်းအတွင်း ဖော်ပြခဲ့ကြတာဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

"တချို့သတင်းဌာနတွေက ထုတ်လွှင့်နေတဲ့၊ တချို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းဟာ မမှန်ကန်ပါဘူး။ ကောလဟာလသတင်းများသာဖြစ်ပါတယ်။ တွေ့ဆုံခဲ့ခြင်းလည်း မရှိပါဘူး။"

အဲဒီလိုတွေ့ဆုံတယ်ဆိုတဲ့ သတင်းထွက်ပေါ်အပြီးမှာဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရပြီး ကျန်းမာရေးမကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊​ နာယက ဦးဝင်းထိန်နဲ့ တခြား ပါတီထိပ်တန်း ခေါင်းဆောင်တချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တာပါ။

NLD ပါတီခေါင်းဆောင်တချို့ကို လွှတ်ပေးမယ်ဆိုပြီး အပြင်မှာ သတင်းတွေထွက်နေတာနဲ့ ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ခုလောလောဆယ်တော့ ကျနော်တို့မသိသေးပါဘူး။ ကျနော်တို့ဘက်ကတော့ ထောင်တွင်းမှာဖြစ်ဖြစ်၊ ထောင်ပြင်မှာဖြစ်ဖြစ် လိုအပ်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ကျနော်တို့ ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒီဟာနဲ့ပတ်သတ်လို့ ကျနော်တို့အနေနဲ့ ကျနော် ပြောချင်တာကတော့ ကျန်းမာရေးပါ။ လိုအပ်တဲ့စောင့်ရှောက်မှုတွေ ကျနော်တို့ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်။”

ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်တို့ ၂ယောက်ဟာ အသက်အရွယ်ကြီးနေကြပြီ ဖြစ်သလို သူတို့ကျန်းမာရေးတွေကလည်း ထောင်တွင်းမှာနေထိုင်ဖို့ မသင့်တော်ဘူးလို့ သူတို့ရှေ့နေတွေက တင်ပြထားပါတယ်။ လက်ရှိမှာ အသက် ၈၀ကျော်ပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ကျန်းမာရေးအခြေအနေကြောင့် ညဘက်မှာ အောက်ဆီဂျင်တပ်ပြီး အိပ်စက်ရသူဖြစ်သလို ဆီးချိုနဲ့ နှလုံးရောဂါ အခံရှိသူတဦးလည်း ဖြစ်ပါတယ်။ အသက် ၇၀ကျော်ရှိနေတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ကင်ဆာရောဂါ ခံစားနေရသူတဦး ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အဂတိအမှု၊ သဘာဝဘေးအမှု၊ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးမှု စတဲ့ အမှုပေါင်းများစွာနဲ့ စွပ်စွဲကာ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားတာဖြစ်ပါတယ်။

အသက် ၈၀ ရှိပြီဖြစ်တဲ့ NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းထိန်ကိုလည်း နိုင်ငံတော်အကြည်အညိုပျက်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက် ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) နဲ့အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG