သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်ကြီးမြို့နယ်က အဆောက်ဦးတွေ ဖယ်ရှားမိန့် သက်ညှာပေးဖို့ ဒေသခံတွေတောင်းဆို


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ထား။ (photo: C J )
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက လယ်ယာမြေတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ထား။ (photo: C J )

ပုသိမ်ကြီးမြို့နယ်က အဆောက်ဦးတွေ ဖယ်ရှားမိန့် သက်ညှာပေးဖို့ ဒေသခံတွေတောင်းဆို

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက နန်းဦးလွင် ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာနဲ့ ဂွေ့ကြီးကုန်းကျေးရွာက လယ်ယာမြေတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ ညွှန်ကြားစာတွေ ထွက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ကျေးရွာ ၃ ရွာက နေအိမ် အဆောက်အဦးပေါင်း ၁ သောင်းနီးပါး အဖျက်ဆီးခံရမယ့်အပေါ် သက်ညှာပေးဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ မန္တလေးတိုင်းထဲက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုရဲမွန်က ပြောပြပါမယ်။


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက နန်းဦးလွင် ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာနဲ့ ဂွေ့ကြီးကုန်းကျေးရွာက လယ်ယာမြေတွေအပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်ထားတာကို လယ်ယာမြေဥပဒေ ပုဒ်မ - ၁၉ (ဃ)အရ ဇူလိုင် ၆ ရက် နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အသိပေးစာတွေ ပို့ထားတာ ဖြစ်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့ကတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအပြင် စစ်တပ်ရဲနဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေက ဖျက်သိမ်းရမယ့် အဆောက်အဦး နေအိမ်တွေကို မှုတ်ဆေးအနီရောင်တွေနဲ့ ဆေးမှုတ်ပြီး အမှတ်အသား ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျေးရွာ ၃ ရွာက ဖျက်သိမ်းရမယ့်နေအိမ် အဆောက်အဦးပေါင်း ၁ သောင်းနီးပါးရှိပြီး အခုလို ဖျက်သိမ်းခံရမယ့်အပေါ် သက်ညှာပေးဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

“ကျွန်တော်ကတော့ သက်သက်ညှာညှာနဲ့ ပြန်စဉ်းစား စေချင်တာပေါ့နော်။ ပုသိမ်ကြီးတမြို့နယ်လုံးမှာရှိတဲ့ တိုးချဲ့ရွာမြေတွေကို သတ်သတ်မှတ်မှတ် စည်းကမ်းတကျလေး နယ်မြေသတ်မှတ်ပြီးတော့မှပေါ့နော်။ ကျွန်တော်တို့ လက်ရှိလည်း တကယ့်ကို မှန်မှန်ကန်ကန် နေထိုင်စရာ မရှိလို့ နေနေတဲ့သူတွေပေါ့။ စဉ်းစား သုံးသပ်ပေးစေချင်တာပေါ့။ နယ်နိမိတ် သတ်မှတ်ပြီးတော့ပေါ့နော်။ အင်အားသုံးပြီးတော့ ဘယ်ရွာကိုပဲဖြစ်ဖြစ် နန်းဦးလွင်ပဲဖြစ်ဖြစ် ကန်ကောက်ပဲဖြစ်ဖြစ် ပုသိမ်ကြီးရဲ့ ဘယ်ရွာကိုမှ အင်အားသုံးပြီး မဖျက်စေချင်ဘူး။ သက်သက်ညှာညှာ စဉ်းစားစေချင်တဲ့ အကန့်ကိုပဲ စဉ်းစားစေချင်ပါတယ်။ အဲ့လိုမျိုး မျှော်လင့်မထားဘူး။ ဖြစ်မယ်လို့လည်း မထင်ထားဘူး။ အရင်ကလည်း မထင်ဘူး အခုလည်းမထင်ဘူး။”

ဒေသခံတဦးက ပြောသွားတာပါ။ အခုလက်ရှိမှာတော့ ကျေးရွာ ၃ ရွာက ဖယ်ရှားရမယ့်် အဆောက်အဦးတွေကို ဆေးအနီမှုတ် သတ်မှတ်လိုက်တာဖြစ်ပြီး အဆောက်အဦးဖယ်ရှားဖို့ အကြောင်းကြားစာတွေကိုတော့ ပုသိမ်ကြီး တမြို့နယ်လုံး နီးပါးကို ဖြန့်ဝေထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဇွန် ၂၇ ရက် - အစိုးရထုတ် မန္တလေးနေ့စဉ်သတင်းစာမှာ ကျေးရွာ နာမည်တွေ သီးသန့်ဖော်ပြထားတာမရှိဘဲ ပုသိမ်ကြီးမြို့နယ်ဟာ လူအများ စိတ်ဝင်စားမှုများပြီး ဝယ်ယူရန် စိတ်ဝင်စားကြတဲ့ မြို့နယ်ဖြစ်တဲ့အတွက် လယ်ယာမြေပုံစံ ၇ ရရှိထားတဲ့ လယ်မြေတွေမှာ အခြားနည်းနဲ့ သုံးစွဲတာ၊ အခြားနည်းသုံးစွဲခွင့် ရရှိထားပေမယ့် သတ်မှတ်ထားတဲ့ နည်းလမ်းထက် ကျော်လွန် ဆောင်ရွက်တာတွေအပြင် နေအိမ်အဆောက်အဦး ဈေးဆိုင်တွေ ဆောက်လုပ်ထားတာကို စီစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဥပဒေနဲ့မညီညွတ်ဘဲ လုပ်ကိုင်ဆောင်ရွက်နေသူတွေကို လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ အရ အမိန့်သတ်မှတ်ခြင်း ၊ ပုဒ်မ -၂၀(က)အရ တရားစွဲဆိုခြင်းအပြင် လယ်ယာမြေ ရုပ်သိမ်းခြင်းနဲ့ အခြားနည်း အသုံးပြုခွင့် ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်သွားမယ်လို့ အစိုးရသတင်းစာမှာ ကြေငြာခဲ့တာပါ။

ဒီဒေသတဝိုက်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးကတည်းက အရောင်းအဝယ်တွေ ပြုလုပ်နေတာဖြစ်ပြီး ကြိုတင် မတားဆီးခဲ့တဲ့အတွက် ဝယ်ယူတဲ့သူတွေ အခုလို နစ်နာနေတာဖြစ်တယ်လို့ မြို့ခံတဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဦးသိန်းစိန်ခေတ်၊ NLD အစိုးရခေတ်ကနေ အဲ့မှာ လုပ်ငန်းရှင်တွေ ကားပြခန်းတွေကော အဆောက်အဦးတွေကော မြေကွက်တွေ မြေတွေဖို့ပြီး ဆောက်လာကြတာာတွေ သတိထားမိတယ်ပေါ့။ သူတို့ ဆောက်လို့ရတော့လည်း အဲ့မှာ လယ်ယာမြေသမားတွေက တဖြေးဖြေးနဲ့ မြေကွက်တွေရိုက်ပြီး ကြေငြာပြီး ရောင်းလာကြတာတွေ တဖြေးဖြေးနဲ့ ပေါများ လာတာပေါ့။ ဒီလို အရောင်းအဝယ်တွေ မဖြစ်လာအောင် အရေးယူတာတွေ ဒါမျိုးတွေ လုပ်ရမှာ။ ရောင်းလို့ဝယ်လို့ဖြစ်ပြီးမှ ပြည်သူက မရှိမဲ့ရှိမဲ့နဲ့ ဝယ်ပြီးတော့မှ ဒါမျိုးတေွ လုပ်လာကြတော့ မကောင်းဘူးပေါ့ဗျာ။ ဒါမျိုးတွေအစောကြီးကတည်းက မြန်မာပြည်မှာ မြေပြဿနာ ခဏခဏ ဖြစ်နေတာလေ။ ဒါမျိုးတွေ မဖြစ်ခင်ကတည်းက ထိထိရောက်ရောက် အရေးယူရမှာ အဲ့ဒါမျိုး အရေးမယူဘဲ အခုမှထပြီး အရေးယူတာက ပြန်ပြောရင် အဲ့ အာဏာပိုင်တွေထဲမှာ မြေပွဲစားတွေနဲ့ လုပ်စားနေတာ တော်တော်များရှိတယ်။ ကျွန်တော်တို့ သတိပြုမိတာ။”

အစိုးရသတင်းစာရဲ့ ဖော်ပြချက်အရဆိုရင် ပုဒ်မ ၁၉ အရ ဖယ်ရှားတဲ့အမိန့်ကို လိုက်နာခြင်း မရှိပါက ပုဒ်မ ၂၀(က) အရ တရားစွဲဆိုခြင်း ခံရမယ်လို့ ဖော်ပြထားတဲ့အတွက် မဖယ်ရှားတဲ့ အဆောက်အဦး ပိုင်ရှင်တွေအနေနဲ့ တရားစွဲခံရမယ့်အခြေအနေမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ဖျက်သိမ်းဖို့ အကြောင်းကြားစာ ပို့ခံရတဲ့နေရာတွေမှာ သာမန် လက်လုပ်လက်စားတွေနဲ့ လူလတ်တန်းစားတွေ အများစုနေထိုင်ကြတာဖြစ်ပြီး မြို့ထဲမှာ မြေဈေး အဆမတန် မြင့်တက်လာတဲ့အတွက် လက်လှမ်းမှီတဲ့ မြေကွက်တွေကို ဝယ်ယူပြီး အဆောက်အဦး ဆောက်လုပ်နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

အခုချိန်မှာတော့ ဖျက်သိမ်းဖို့ အကြောင်းကြားခံရသူအချို့ဟာ သက်ဆိုင်ရာ ဌာနတွေဆီကို အသနားခံစာ တင်ထားတာတွေလည်း ရှိနေပါတယ်။ ဒေသခံတွေကတော့ တိုးတက်လာတဲ့ လူဦးရေအရ လယ်ယာမြေဧရိယာတွေကို ပြန်လည်စီစစ် သုံးသပ်ပြီး စည်ပင်သာယာ နယ်နိမိတ် သတ်မှတ်တာမျိုးအပြင် အခြားဆုံးရှုံးမှု အနည်းဆုံး ဖြစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပေးဖို့ လိုလားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG