သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်မှုတွေကြောင့် ရခိုင်မုန်တိုင်းအကူအညီများခက်ခဲ


A local resident looks at broken boats in Sittwe, in Myanmar's Rakhine state, on May 15, 2023, after cyclone Mocha made a landfall.
A local resident looks at broken boats in Sittwe, in Myanmar's Rakhine state, on May 15, 2023, after cyclone Mocha made a landfall.

မိုခါမုန်တိုင်းအပြီး လူသားချင်းစာနာမှု အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသူတွေအနေနဲ့ အာဏာပိုင်တွေရဲ့ အကန့်အသတ်အောက်မှာ အကူအညီပေးရေးတွေ ခက်ခဲနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် လူသားချင်းစာနာမှု အကူအညီပေးနေသူတွေ မကြာခဏတိုက်ခိုက်ခံရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီးက ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့ဖူးပါတယ်။ ရခိုင်‌ဒေသ လူသားချင်းစာနာကူညီမှု အခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်ပြောပြမှာပါ။


မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲရတဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက ကန့်သတ်ထားဆဲ ဖြစ်တာကြောင့် ဒုက္ခသည်တွေအတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်တွင်းပြည်ပ ကူညီပေးရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်တားမြစ်ချက်တွေကြောင့် လုပ်ငန်းတွေ ရပ်တန့်ထားရတာ ရှိသလို၊ တချို့ကလည်း ခက်ခက်ခဲခဲရအောင် ကူညီပေးနေတာတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

“ ရခိုင်မှာ ဘယ်လို ဖြစ်နေလဲဆိုတော့ ကျနော်တို့ ကူညီကယ်ဆယ်ရေးသွားပေးတဲ့ အခါကျတော့ အဓိကဆန်၊ ဆီ၊ ဆား ရိက္ခာတွေ အမိုးအကာတွေ။ အဲတာတွေတင်ပြီး ကားနဲ့သွားလို့ရှိရင် စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေမှာ သွားလာခွင့် မပြုဘူး။ အဲ့လို သွားလာခွင့်မရတော့ တချို့ NGO၊ INGO တွေဆိုရင် လုံးဝ မသွားရတဲ့ အနေအထားရှိတယ်။ ပြီးတော့ ကျနော်တို့သိတဲ့ ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေးတွေ သွားပေးတာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ခိုးရှောင်ခိုးဝှက် သွားနေရတယ် သူတို့ဂိတ်တွေကို ဖြတ်မရတော့လေ။”

ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ရတဲ့နည်းနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေကြပေမယ့် တချိန်တည်းမှာလည်း ဖမ်းဆီးခံရမှာ၊ အသက်အန္တရာယ် ပြုခံရမှာကို စိုးရိမ်နေရတယ်လို့ ကူညီပေးနေတဲ့ ဒေသခံက ပြောပါတယ်။

“ စိုးရိမ်စိတ်တွေတော့ အများကြီးရှိတာပေါ့ဗျာ။ သွားလို့ မရတော့ဘူး အဲလိုဆိုရင် ဘာဖြစ်လဲဆိုတော့ ကိုယ်ဟာကိုယ်လည်း ရှေ့ဆက် မတိုးရဲတော့ဘူးပေါ့ဗျာ။ သူတို့က အတင်း တားဆီးထားတာဆိုတော့ ကျနော်တို့ ရှေ့ဆက်မသွားရဲဘူး ရှေ့ဆက်သွားရင်လဲ အဖမ်းခံရမှာတို့ အသက်အန္တရာယ် ဖြစ်မှာတို့ စိုးရိမ်မှုရှိတယ်ဗျာ။”

လက်ရှိကာလဟာ မိုးတွင်းကာလ ဖြစ်တာကြောင့် မုန်းတိုင်းဒဏ်သင့် ဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့ အမိုးအကာ၊ သန့်ရှင်းတဲ့ သောက်သုံးရေ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ရခိုင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသူ နောက်တဦးက ပြောပါတယ်။

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေက လက်ရှိအခြေအနေမှာ မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့၊ စစ်ကောင်စီကလည်း နိုင်ငံတကာရဲ့ ကူညီပံ့ပို့မှု၊ တခြား NGO အဖွဲ့အစည်းတွေရဲ့ ပံ့ပို့မှု ပြီးတော့ ဒေသမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပို့မှုတွေကို လွတ်လပ်စွာ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ သူတို့ရဲ့ ပိတ်ဆို့မှုတွေကြောင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်သွားတဲ့ ရခိုင်ပြည်သူတွေ စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးဟာ တကယ့်ကို ဆိုးဆိုးရွားရွား ကြုံနေရတာရှိတယ်။ ဆိုတော့ စားဝတ်နေရေး မဖူလုံတဲ့ကိစ္စတွေ ရှိမယ်။ တဘက်မှာ သူတို့ရဲ့ နေထိုင်တဲ့ အဆောက်အအုံတွေ အမိုးအကာတွေ မပြည့်စုံ မလောက်မငှ တော်တော်ခက်ခဲနေတဲ့ အပိုင်းတွေ ရှိတယ်ပေါ့နော်။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ ဆိုးရွားလာပြီး သန်းပေါင်းများစွာသော ပြည်သူတွေဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆင်းရဲဒုက္ခတွေကို ခံစားနေသလို၊ မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ အကူအညီပေးရေးကိုလည်း စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် စိုးရိမ်ပူပန် ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Rita French ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG