သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လက်နက်ရောင်းဖို့ အတည်ပြုတဲ့ တိုင်ဝမ်ကို တရုတ်စစ်အင်အားပြခြိမ်းခြောက်


US Taiwan Arms Sales
US Taiwan Arms Sales

အမေရိကန်က တိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး လက်နက်ရောင်းချဖို့ အတည်ပြုခဲ့တဲ့ နောက်ရက်တွေမှာပဲ တရုတ်က တိုင်ဝမ်ကျွန်းကို ဦးတည်ပြီး ဒါဇင်နဲ့ချီတဲ့ စစ်လေယာဉ်တွေ စစ်သင်္ဘောတွေ စေလွှတ်ခဲ့တယ်လို့ တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

သောကြာမနက် ၆ နာရီကနေ စနေနေ့ မနက် ၆ နာရီ - ၂၄ နာရီအတွင်းမှာပဲ တရုတ်စစ်တပ်က စစ်လေယာဉ် ၃၂ စင်း နဲ့ ရေတပ်စစ်င်္ဘော ၉ စင်း တိုင်ဝမ်ဘက် ဦးတည်လာကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်တာပါ။

ဒီအထဲက လေယာဉ်အစင်း ၂၀ ဟာ တိုင်ဝမ်ရေလက်ကြားထဲက ၂ ဖက် ခြားထားတဲ့ မျဉ်းကြောင်း ဒါမှမဟုတ် တိုင်ဝမ်ရဲ့ ဝေဟင်ကာကွယ်ရေးဇုံ ထဲကို ကျူးကျော်လာကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် တိုင်ဝမ်က စစ်လေယာဉ်နဲ့ စစ်သင်္ဘောတွေ၊ မစ်ဇိုင်းဒုံးစံနစ်တွေနဲ့ တုန့်ပြန်ဖို့ လုပ်ရတယ်လို့လည်း တိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

F-16 ဂျက်တိုက်လေယာဉ်တွေ အတွက် ခရမ်းလွန်ရောက်ခြည်သုံးရှာဖွေရေးနဲ့ ခြေရာကောက်စံနစ်တွေအပြင် တခြားဆက်စပ် ပစ္စည်းတွေ အတွက် ဒေါ်လာသန်း ၅၀၀ ဖိုး ထိုင်ဝမ်ကို ရောင်းချပေးဖို့ အမေရိကန်က ဗုဒ္ဓဟူးနေ့က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို လက်နက်ရောင်းချမှုကို တရုတ်က ကန့်ကွက်နေတာ ဖြစ်ပြီး ဒါဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဆိုးဆိုးဝါးဝါး ကြားဝင်နှောက်ယှက်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ သူတို့ရဲ့ တရုတ်တနိုင်ငံထဲ မူဝါဒ နဲ့ အမေရိကန်- တရုတ် ပူးတွဲ ကြေညာချက်တွေကို ချိုးဖေါက်တဲ့ ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း တရုတ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG