မော်ရိုကို နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က အင်အာပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အသက်ရှင် ကျန်နေသူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။ ဗြိတိန်၊ စပိန်၊ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က ရှာဖွေရေးအဖွဲ့တွေကလည်း Atlas တောင်တန်းဒေသ ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ အပျက်အစီးပုံတွေကြား အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ အစိုးရဘက်က ပြောပါတယ်။ ပြင်းအား ၆.၈ ရှိပြီး လူပေါင်း ၂ထောင်ကျော်သေဆုံးပြီး ၂၄၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ငလျင်ရဲ့ ဗဟိုချက်ဟာ Marrakech (မာရာကက်ရှ်) မြို့ အနောက်တောင်ဘက် မိုင် ၄၀ ကျော် အကွာမှာ လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနက ပြောပါတယ်။
မော်ရိုကိုမှာ နှစ်တရာကျော်အတွင်း အပြင်းဆုံးငလျင်ကြီး

၁
မော်ရိုကိုမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မရကစ်ရှ်မြို့နားက အစ်ဂျောင်ကတ်ရွာအနီးလမ်းပေါ်မှာ ငလျင်ကြောင့် ပြားသွားတဲ့ ကားတစီးကို တွေ့ရပါတယ်။ ဖြစ်တော့ဖြစ်ခဲ အားပြင်းငလျင်ကြီးက မိုရိုကိုရဲ့ တောင်ပေါ်ဒေသ ရွာလေးတွေကို မွကြေသွားအောင် ဖျက်ဆီးပစ်ခဲ့တာပါ။ သေဆုံးသူ ၃၀၀၀ ဆိုပေမဲ့ အပြိုအပျက်ပုံတွေအောက်မှာ အသက်မဲ့ခန္ဓာတွေ အများအပြားရှိနေနိုင်ပါသေးတယ်။

၂
မရကစ်ရှ်မြို့နားက အမ်းစ်မိစ်မြို့လေးမှာ ငလျင်ကြောင့် နေစရာအိမ်မရှိတော့တဲ့ အမျိုးသမီးတွေ လမ်းမှာ ကော်ဇောတွေခင်းပြီး ယာယီတဲထိုးနေကြတာပါ။

၃
မိုဟာမက် အောင်ချန် (အသက် ၆၆ နှစ်) ဟာ အဒါဆယ်မြို့နားက ပြိုပျက်ကျနေတဲ့ သူ့အိမ်ထဲကနေ သူ့ညီမ၊ သူ့ယောက်ဖနဲ့ ကလေးတွေကို ဆွဲထုတ်ကယ်တင် နိုင်ခဲ့ပါတယ်။

၄
မော်ရိုကိုနိုင်ငံကို စက်တင်ဘာလ ၈ ရက်နေ့မှာ ငလျင်သင့်ခဲ့ပြီးနောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာတော့ အက်ဇာဒန်တောင်ကြားက ပျက်စီးသွားတဲ့ အိမ်တွေကို တွေ့ရပါတယ်။