သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းသူတွေ မြေထဲပင်လယ်မှာသေဆုံးမှု ၃  ဆတိုး (ယူနီဆက်ဖ်) 


မှတ်တမ်း ဓာတ်ပုံ - မြေထဲပင်လယ်ထဲမှာ ရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့ သင်္ဘော မြင်ကွင်း။
မှတ်တမ်း ဓာတ်ပုံ - မြေထဲပင်လယ်ထဲမှာ ရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့ သင်္ဘော မြင်ကွင်း။

အခုလပိုင်းတွေထဲ မြေထဲပင်လယ်အလယ်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေ အသုံးပြုတဲ့ လမ်းကြောင်းတလျှောက် သေဆုံးသူ လူအရေအတွက်ဟာ အရင်နှစ်က အလားတူ ကာလအပိုင်းအခြားနဲ့ နှိုင်းယှဥ်ရင် သုံးဆတိုးလာကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် (UNICEF) က သောကြာနေ့မှာ ပြောပါတယ်။

ဇွန်လကနေ ဩဂုတ်လအထိ အာဖရိကမြောက်ပိုင်းနဲ့ ဥရောပအလယ်ပိုင်းကြား မြေထဲပင်လယ်လမ်းကြောင်းမှာ လူ ၉၉၀ ထက်မနည်း အသက်ဆုံးရှုံးရတာ ဒါမဟုတ် ပျောက်ဆုံးတာ ဖြစ်ခဲ့ပြီး ဒါဟာ မနှစ်က အဲဒီကာလအတွင်း သေဆုံးသူ ၃၃၄ ဦးနဲ့ နှိုင်းယှဥ်ရင် တိုးလာတာ တွေ့ရတယ်လို့ ယူနီဖက်ဖ်ရဲ့ ဥရောပနဲ့ အာရှအလယ်ပိုင်းဆိုင်ရာ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများ ညှိနှိုင်းရေးမှူး ရက်ဂျီနား ဒီ ဒိုမီနီချီစ် (Regina De Dominicis) က ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သေဆုံးသူ၊ ဒါမှမဟုတ် ပျောက်ဆုံးသူတွေထဲမှာ ကလေးသူငယ် ဘယ်လောက်များများ ပါလဲ ဆိုတာကိုတော့ ယူနီဆက်ဖ် က အတိအကျ မပြောပါဘူး။ ဒါပေမယ့် အရွယ်မရောက်သေးသူ ၁၁,၆၀၀ ဟာ ဇန်နဝါရီကနေ စက်တင်ဘာလလယ်အတွင်းမှာ မြေထဲပင်လယ် အလယ်ပိုင်းကို ဖြတ်ပြီး အီတလီနိုင်ငံကို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်က အလားတူကာလထက် ၆၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။

“မြေထဲပင်လယ်ဟာ ကလေးတွေနဲ့ သူတို့ရဲ့အနာဂတ်အတွက် သင်္ချိုင်းဖြစ်လာနေပြီ” လို့ De Dominicis က သတင်းထောက်တွေကို ပြောပါတယ်။

ဒေသတွင်းရှိ အစိုးရမူဝါဒတွေက ပင်လယ်ပြင်မှာ ထိထိရောက်ရောက် ရှာဖွေကယ်ဆယ်ရေး လုပ်နိုင်ဖို့ကို ဟန့်တားနေတယ်လို့လည်း သူက ဆိုပါတယ်။ ခိုလှုံခွင့်တောင်းခံတဲ့ ကလေးတွေနဲ့ မိသားစုတွေကို ပံ့ပိုးကူညီဖို့နဲ့ နိုင်ငံတကာအကူအညီတွေ တိုးမြှင့်ပေးဖို့ ဥရောပတဝန်း အရေးယူ တုံ့ပြန်ကြဖို့လည်း De Dominicis တောင်းဆိုခဲ့ပါတယ်။

ကြာသပတေးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နယူးယောက်ဌာနခွဲက တင်ပြရာမှာလည်း ဒီနှစ်ထဲမှာ စက်တင်ဘာ ၂၄ ရက်အထိ မြေထဲပင်လယ်ကိုဖြတ်ကူးဖို့ ကြိုးပမ်းတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေထဲက ၂,၅၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့ကြောင်း ပြောခဲ့ပါတယ်။ မနှစ်က အဲဒီ ကာလအတွင်းမှာ သေဆုံးသူက ၁,၆၈၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။

အီတလီတောင်ပိုင်းက လန်ပီဒူဆာ (Lampedusa) ကျွန်းက ဥရောပမှာ ခိုလှုံခွင့်တောင်းသူတွေ ပထမဆုံး ဝင်ရောက် တောင်းဆိုတဲ့ ဆိပ်ကမ်းဖြစ်လာကြောင်း ယူနီဆက်ဖ် က ပြောပါတယ်။ အဲဒီမှာ ဒီလထဲ ခိုလှုံသူတွေ ဆိုက်ရောက်မှု တိုးလာနေပြီး တရက်တည်း အများဆုံး လူ ၄,၈၀၀ အထိ ရောက်ခဲ့တယ်လို့ ယူနီဆက်ဖက် က ပြောပြီး အီတလီ တာဝန်ရှိသူတွေကတော့ တရက်တည်း ၇,၀၀၀ နီးပါး ရောက်တာရှိတယ်လို့ ပြောပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန် (Ursula Von der Leyen) ကလည်း လူကုန်ကူးသူတွေကို နှိမ်နင်းဖို့နဲ့ ခိုလှုံခွင့် လျှောက်ထားဖို့ အရည်အချင်း မပြည့်မီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေး တိုးမြှင့်လုပ်ဆောင်မယ်လို့ ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG