သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် ဆူပူမှုအပေါ် ဒေသခံ မြန်မာတို့အမြင်


TOPSHOT - Protesters clash with CRS riot police in Marseille, southern France on June 30, 2023, over the shooting of a teenage driver by French police in a Paris suburb on June 27.
TOPSHOT - Protesters clash with CRS riot police in Marseille, southern France on June 30, 2023, over the shooting of a teenage driver by French police in a Paris suburb on June 27.

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက် လူငယ်လေးတဦးကို ရဲက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဥ်အပြီး စတင်ခဲ့တဲ့ ဆူပူလှုပ်ရှားမှုတွေအတွင်း နောက်ဆက်တွဲ လူသေဆုံးမှုတွေ ဖြစ်ခဲ့သလို ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ပျက်စီးဆုံးရှုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ပြင်သစ် တနိုင်ငံလုံးအနှံ့ ကျယ်ပြန့်ခဲ့တဲ့ ဒီ ဖြစ်ရပ်တွေအပေါ် ပြင်သစ်ရောက် မြန်မာတချို့ရဲ့ အမြင်တွေကို ကိုငြိမ်းချမ်းအေးက စုစည်းပြောပြပါမယ်။


ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ ဗီဒီယိုထဲမှာ အသက် ၁၇ နှစ်အရွယ် ‘Nahel Merzouk’ ဆိုတဲ့ လူငယ်လေးကို ရဲက သေနတ်နဲ့ ပစ်လိုက်တာကို မြင်ခဲ့ရတာက ပြင်သစ်နိုင်ငံသား လူငယ်တွေထဲက အထူးသဖြင့် ရွှေ့ပြောင်းအခြေချသူတွေရဲ့ မျိုးဆက်သစ်အတွက် ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်သွားခဲ့တာပါ။

ပြင်သစ်နိုင်ငံရဲ့ တရားဝင်မူက ‘color-blind’ လို့ခေါ်ကြတဲ့ ‘အသားအရောင်မဲ့’ ဝါဒ ဖြစ်သလို သန်းခေါင်စာရင်း ကောက်တဲ့ ကိစ္စမျိုးမှာကအစ လူမျိုးရေးရာ အချက်အလက်တွေ မေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ မြောက်အာဖရိကနဲ့ အာရပ်အနွယ် အထူးသဖြင့် ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ရွှေ့ပြောင်းသူတွေရဲ့ မျိုးဆက်သစ် လူငယ်တွေကြားမှာတော့ သူတို့ဟာ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားတာကို ပိုခံရတယ်လို့ ခံစားနေရကြောင်း အခု အဓိကရုဏ်းတွေက မီးမောင်းထိုးပြနေပါတယ်။

ပါရီမှာ နိုင်ငံတကာရေးရာ ဘွဲ့ကြိုသင်တန်းတက်နေတဲ့ မြန်မာကျောင်းသူ တဦးကတော့ သူ့ရဲ့ အတန်းဖော် ရွယ်တူတွေကြားမှာ အဲဒီလို တွေ့ကြုံရသူတွေရှိတယ်လို့ ပြောပါတယ်။

“အနောက် အာဖရိကတို့၊ အရှေ့အလယ်ပိုင်းတို့က လာတဲ့သူတွေပေါ့၊ သူတို့ဆိုရင် တကယ် ပညာတတ် အသိုင်းအဝန်းက လာသူတွေ။ ဒါပေမဲ့ သူတို့ ကားမောင်းသွားတယ်၊ ခဏ ခဏ ကားတားပြီး အစစ်ခံရတယ်။ ကားဘယ်ကရလာတာလဲ၊ မင်း ဝင်ငွေက ဘယ်လောက်ရှိလဲ၊ ဒီလို တကိုယ်‌ရေ ပုဂ္ဂလိက အချက်အလက်တွေကအစ ရဲတွေက မေးတယ်။ ဒါက တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်ဘူး။ ခဏခဏ ကိုယ့်ရဲ့ အခွန်ဆောင်ပြီးနေတဲ့ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက် ခံရတာမျိုးတွေက နိစ္စဓူဝဖြစ်နေတဲ့ ကိစ္စတွေပေါ့။ ဒီလိုဟာမျိုးတွေကိုကျ
ပြောမယ့်သူ မရှိဘူး ဖြစ်နေတာပေါ့။”

ဒါ့အပြင် လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေရဲ့ Algorithm တင်ပြပုံ၊ အမြင်မတူသူတွေကြား အစွန်းနှစ်ဖက် ကွဲပြားနေမှု၊ သတင်းမီဒီယာ တချို့ရဲ့ ကနဦး တင်ပြပုံတွေမှာလည်း အငြင်းပွားဖွယ်ရာတွေ ရှိခဲ့တယ်လို့ အဲဒီ မြန်မာ ကျောင်းသူက ထောက်ပြပါတယ်။

“ကလေး အသတ်ခံရတုန်းက ရေးတဲ့သတင်းတွေကို ကြည့်မယ်ဆိုရင် လူမျိုးရေးအကြောင်း မပါဘဲနဲ့ ရဲတွေရဲ့ control ကို မလိုက်နာတဲ့ အတွက်ကြောင့် ရဲက တာဝန်အရ လုပ်လိုက်တာဆိုတဲ့ ဟာမျိုး‌ပေါ့၊ အဲဒီလို သဘော သက်ရောက်တယ်။ ဒါပေမယ့် လူတွေက အုံကြွမှု ဖြစ်တဲ့အခါမှာကျတော့ သတင်းတပုဒ်မှာ လူမျိုးရေး ခွဲခြားသူတွေက ရဲကို အနိုင်ကျင့်တိုက်ခိုက်ခံရတာမျိုး ရှိတယ်ဆိုတဲ့ စကားလုံးတွေကို စသုံးတာမျိုးတွေရှိတယ်။ ဆိုတော့ ပထမတုန်းကကျတော့ ရဲက လုပ်တဲ့အခါကျ တာဝန်အရလုပ်တယ်။ ဒီဘက်မှာကျတော့ သူတို့ရဲ့ စကားလုံး ရွေးချယ်မှုတွေ ပြောင်းသွားတယ်။ အဲလိုဟာတွေ အကုန်လုံးကလည်း အခု ဖြစ်ပျက်နေတာအပေါ် အကျိုးသက်ရောက်မှု ရှိမယ်လို့ မြင်ပါတယ်။”

ပြင်သစ် သမ္မတ မက်ခရွန်းကတော့ ဒီ အရေးအခင်းမှာ လူငယ်တွေကို လွှမ်းမိုးတဲ့ လူမှုကွန်ရက် ဆိုရှယ်မီဒီယာနဲ့ ဗီဒီယိုဂိမ်းတွေအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုတာတွေ လုပ်ခဲ့သလို ပိတ်ပင်ဖို့ ပြောဆိုတာတွေ ရှိခဲ့လို့ အာဏာရှင်ဆန်တယ်လို့ ပြန်ဝေဖန်ကြတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် လူမျိုးရေး မညီမျှမှုနဲ့ ခွဲခြား ဆက်ဆံတာက ရဲတပ်ဖွဲ့ဝင် အကုန်လုံးလားဆိုတာနဲ့ အစိုးရစနစ် အဖွဲ့အစည်းတိုင်းမှာ အမြစ်တွယ်နေပြီလားဆိုတဲ့ မေးခွန်းတွေကတော့ ပို အမေးများလာပေမယ့် အငြင်းပွားဖွယ်ရာ ဖြစ်ပါတယ်။ ပြင်သစ်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေတဲ့ ပါရီမြို့က အထက်တန်းကျောင်းဆရာမ ဒေါ်စောသူဇာကတော့ သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“ကျောင်းဆရာမ တယောက်အနေနဲ့ ကိုယ့်အတန်းထဲက ကလေးတွေကို ကြည့်မယ်ဆိုရင် အတန်းထဲမှာ အဖြူ၊ အမည်း၊ အဝါ အကုန်ရောနေတာ၊ အရောင်ကိုကြည့်ပြီး ပေါင်းသင်နေကြတာ မဟုတ်ဘဲ တကယ်ကိုမှ ကိုယ်နဲ့ တသွေးတည်း တသားတည်း ပုံစံမျိုး သူတို့မှာ Color(အရောင်) မရှိဘူး။ ‘Color blind’အသား အရောင်မဲ့’ ပါ။ အရမ်းချစ်ကြတယ်။ ဘာ အရောင်ဘဲ၊ ဘာ ဘာသာလဲ၊ ဘာ လူမျိုးလဲ မရှိကြဘူး။ ဒါပေမယ့် ရှိတဲ့လူလည်း ရှိမှာပေါ့၊ လူတွေ အပေါ်မှာ မူတည်မှာပေါ့။ နေရာတိုင်း လူမျိုးရေး ခွဲခြားတာတို့၊ ဘာသာရေး ခွဲခြားတာတို့က နေရာတိုင်းမှာ ရှိတတ်တယ်လေ။ တယောက်ချင်းနဲ့ ဆိုင်တယ်၊ နိုင်ငံအလိုက် ယေဘုယျခြုံပြီး ပြောလို့မရပါဘူး။”

တဖက်မှာလည်း ကိုဗစ် ကပ်ရောဂါရဲ့ လှိုင်းဂယက် ပညာရေး နှောင့်နှေးခဲ့မှုတွေ၊ လူမှုစီးပွား အဆင်မပြေမှုတွေနဲ့ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်နေတဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတွေ စတဲ့ အထွေအထွေ မကျေနပ်ချက် နောက်ခံတွေ ကြားမှာ ‘Nahel’ ရဲ့ ရင်ဘတ်ကို ဖောက်ဝင်သွားတဲ့ ကျည်ဆန်ဟာ တချိန်ချိန်မှာ ငါတို့လည်း ကြုံလာနိုင်တယ်ဆိုတဲ့ စိတ်နဲ့ ဒေါသထွက်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေကို တဖက်စွန်းကို တွန်းပို့လိုက်ပါတယ်။

ပြင်သစ်က အလယ်တန်းကျောင်း တကျောင်းက သင်ထောက်ကူ ဆရာမ ဒေါ်ခင်ဇင်မင်းကတော့ လူအဖွဲ့အစည်း အတွင်းက ပြဿနာတွေအပေါ် အရင်းတည်ပြီး လူငယ်တွေရဲ့ မကျေနပ်ချက်တွေ ကြီးထွားနေချိန်မှာ နောက်က ဖျက်လိုဖျက်စီး လုပ်သူတွေရဲ့ လုပ်ရပ်ကြောင့် ဆိုးဆိုးရွားရွား ဖျက်စီးမှုတွေ ဖြစ်လာတာလို့ သူ့ အမြင်ကို ပြောပါတယ်။

“အလုပ်လက်မဲ့တွေ ပိုများလာတယ်၊ အခွန်တွေ ပိုပေးရတယ်။ စားသောက်စရိတ်တွေ တက်တယ်၊ အစိုးရက လခတိုးပေမယ့် ထောက်ပံ့ကြေးတွေ လိုက်တိုးတာမျိုး အလျင်အမြန် မလုပ်တဲ့အခါ သူတို့မှာ အုံနေတဲ့ ဒေါသ ရှိနေတယ်။ ဒီဒေါသကို ပေါက်ကွဲချင်တဲ့အခါမှာ ဒီ အဖြစ်အပျက်ကို အခြေခံလိုက်တယ်။”


ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ဒီ ဆူပူမှုတွေအတွင်းမှာ အဆောက်အအုံ ၁,၀၀၀ ကျော် ဖျက်စီးခံရပြီး မော်တော်ယာဥ် ၅,၀၀၀ ကျော် မီးရှို့ ခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က လူ ၃,၀၀၀ ကျော် ဖမ်းဆီးခဲ့ရာမှာ တဝက်ကျော်က အရင်က ပြစ်မှုမှတ်တမ်း မရှိသူတွေဖြစ်သလို အများစုက လူငယ်လေးတွေဖြစ်ပြီး အဖမ်းခံရသူတွေရဲ့ ပျမ်းမျှ အသက်က ၁၇ နှစ် ပါ။

ဒီလို လူငယ်တွေကြား နက်နက်ရှိုင်းရှိုင်း ဖြစ်ခဲ့တဲ့ပြဿနာဖြစ်လို့ အခုဆိုရင် ပြင်သစ်လူ့အဖွဲ့အစည်းမှာ အစိုးရနဲ့ ပညာရေး စနစ်တွေရဲ့ အားနည်းချက် အကျိုးဆက်ဆိုပြီး စတင် ထောက်ပြပြောဆို ဆွေးနွေး အရေးယူ လာကြတာတွေ ရှိတယ်လို့ ပြောပါတယ်။

ပြင်သစ်မှာ အသက် (၁၆) နှစ်အရွယ်အထိ ကလေးတယောက်ဟာ အတန်းပညာဖြစ်ဖြစ်၊ အသက်မွေးဝမ်းကျောင်း ပညာဖြစ်ဖြစ် ပညာရေး တခုခုရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပေမယ့် တချို့ အားနည်းတဲ့ လူမှုအသိုင်းအဝန်းက လူငယ်တွေ ဘာကြောင့် ပညာရေးနဲ့ ကင်းလွတ်နေရလဲ ဆိုတာမျိုးနဲ့ လူငယ်တွေရဲ့ ဒေါသ ပေါက်ကွဲမှု အခြေခံ လူမှု၊ စီးပွား၊ ပညာရေး ပြဿနာတွေကို စတင် မေးခွန်းထုတ် အဖြေရှာလာကြတယ်လို့ ဆရာမ ဒေါ်ခင်ဇင်မင်းက ပြောပါတယ်။

တဖက်မှာလည်း ဥရောပ တဝန်း လက်ယာစွန်း အမျိုးသားရေးဝါဒ ခေတ်စားလာချိန်မှာ အခု ပြင်သစ်အဖြစ်အပျက်က ရွှေ့ပြောင်းအခြေချသူတွေအပေါ် ပို အဆိုးမြင်လာမလား ဆိုတဲ့ မေးခွန်းတွေရှိပေမယ့် ပြင်သစ်က မြန်မာနွယ်ဖွား ဆရာမ ဒေါ်စောသူဇာကတော့ သူ့ အတွေ့အကြုံအရ ပြင်သစ်လူ့အဖွဲ့အစည်းထဲ လူမှုအလွှာတိုင်းမှာ တရားစီရင်ရေး စနစ်နဲ့ ရဲတပ်ဖွဲ့မှာပါ ဥရောပအနွယ်တွေအပြင် ရွှေ့ပြောင်းအခြေချသူ မြောက်အာဖရိက၊ အာရပ်၊ အာရှ လူမျိုးပေါင်းစုံဟာ သဟဇာတ ရှိနေပြီးဖြစ်လို့ အစွန်းရောက်တာမျိုး ဖြစ်လာဖို့ မစိုးရိမ်ဘူးလို့ ပြောပါတယ်။

ဒီ ဆူပူမှုတွေ စတင်ခဲ့တဲ့ ‘Nahel’ ပစ်သတ်ခံရတာကအစ လူငယ်တွေ ဆူပူအုံကြွကြတာအထိ ဥပဒေအရ ဖြေရှင်းရမှာဖြစ်တယ်လို့ ဗွီအိုအေက မေးမြန်းခဲ့တဲ့ ပြင်သစ်ရောက် မြန်မာတွေက တညီတညွတ်တည်း ဖြေကြပါတယ်။ မြန်မာပြည်က ဒီမိုကရေစီမဲ့ စစ်အာဏာရှင်စနစ်မှာ ဖြစ်ပျက်နေတဲ့ တရားမဲ့ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေနဲ့ သဘောသဘာဝချင်း ကွဲပြားတယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမယ့် ပြင်သစ်နိုင်ငံတဝန်းက စာသင်ကျောင်း တံခါးတွေမှာ ထွင်းထုထားလေ့ရှိတဲ့ ‘လွတ်လပ်ခြင်း၊ တန်းတူညီမျှမှုနဲ့ ညီရင်းအစ်ကို’ ဆိုတဲ့ ပြင်သစ် ဒီမိုကရေစီစနစ်ရဲ့ အခြေခံစံနှုန်း၊ စိတ်ဓာတ်နဲ့ အတွေးအခေါ်က ခေတ်ရဲ့ လူမှု စီးပွား ပြဿနာတွေကြားမှာ ပြင်သစ်လူ့အဖွဲ့အစည်းအတွင်း လက်တွေ့ တပြေးညီ သက်ရောက်နေလားဆိုတဲ့ မေးခွန်းကတော့ အခု ဆူပူအုံကြွမှုတွေထဲမှာ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။

အခု အချိန်မှာတော့ ဆူပူမှုတွေ လျော့နည်းသွားပြီ ဖြစ်ပေမယ့် ဉာဏ်အလင်းပွင့်ခေတ်ရဲ့ အမွေအနှစ်၊ တနည်းဆိုရရင် ၁၈ ရာစုနှောင်းပိုင်း ပြင်သစ်တော်လှန်ရေးကြီးက အရင်းတည်ခဲ့တဲ့ ဒီမိုကရေစီ တန်ဖိုးတွေအတိုင်း လူ့အဖွဲ့အစည်းအတွင်းက မညီမျှမှုတွေကို ဖြေရှင်းပြီး အားလုံး ပြန်လည်ပေါင်းစည်းနိုင်ဖို့ကတော့ အချိန်ယူရဖို့ ရှိတယ်လို့ နိုင်ငံတကာ လေ့လာသူတွေကတော့ သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG