သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် Feinstein အတွက် နိုင်ငံရေးအရ ဂုဏ်ပြု အောက်မေ့ပွဲ 


အထက်လွှတ်တော်အမတ် Dianne Feinstein ဂုဏ်ပြု အောက်မေ့ပွဲ
အထက်လွှတ်တော်အမတ် Dianne Feinstein ဂုဏ်ပြု အောက်မေ့ပွဲ

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့တပတ်က ကွယ်လွန်သွားတဲ့ အထက်လွှတ်တော်အမတ် Dianne Feinstein အတွက် နိုင်ငံရေးအရ ဂုဏ်ပြု အောက်မေ့ပွဲကို San Francisco မြို့ မြို့တော်ခန်းမမှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ သူ့ရဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းလို့ သမ္မတ Joe Biden ကပြောကြားပြီး လွှတ်တော်အမတ် Feinstein ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကြီးမားစွာ စွမ်းဆောင်ခဲ့မှုတွေကို Video ကတဆင့် ချီးကျူးပြောကြားခဲ့ပါတယ်။ လွတ်လပ်မှု၊ နိုင်ငံသားလွတ်လပ်ခွင့်၊ လုံခြုံရေးနဲ့ ဖွဲ့စည်းပုံဥပဒေလို နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေကို အလေးထား ကာကွယ်သူဖြစ်တယ်လို့ သမ္မတဘိုင်ဒန်က ချီးကျူးခဲ့ပါတယ်။

San Francisco မြို့တော်ခန်းမအပြင်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက်တဲ့ ဒုသမ္မတ Kamala Harris ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်အမျိုးသမီးတွေ ရှေ့တန်းရောက်အောင် ဦိးဆောင်ပေးခဲ့သူတယောက်အဖြစ် သူ့ကို နိုင်ငံက ဦးညွတ် ဂုဏ်ပြုနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ San Francisco မြို့တော်ဝန်အဖြစ် ၂ ကြိမ်အရွေးခံခဲ့ရဖူးတဲ့ အထက်လွှတ်တော်အမတ် Dianne Feinstein ရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေကို ဂုဏ်ပြုပွဲမှာ လက်ရှိ San Francisco မြို့တော်ဝန်၊ အထက်လွှတ်တော်လူများစုခေါင်းဆောင် Chuck Schumer တို့ကလည်း ဂုဏ်ပြု အောက်မေ့စကားတွေ ပြောကြားခဲ့ကြပါတယ်။

San Francisco မြို့တော်ခန်းမမှာ မြို့တော်ဝန်ဟောင်း Feinstein ကို ၂ ရက်ကြာ ဂုဏ်ပြုပွဲလုပ်ခဲ့တာဖြစ်ပါတယ်။ သောကြာနေ့က အခမ်းအနားမှာ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom အပါအဝင် အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရေးလောကမှာ ဩဇာကြီးမားတဲ့ အထက်လွှတ်တော်အမတ် Dianne Feinstein ဟာ မြန်မာ့ဒီမိုကရေစီရေးကိုလည်း အားပေးထောက်ခံသူတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG