သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေဘေး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေရဆဲ


ပဲခူးမှာမိုးများပြီးရေကြီး (အောက်တိုဘာ ၈၊ ၂၀၂၃)
ပဲခူးမှာမိုးများပြီးရေကြီး (အောက်တိုဘာ ၈၊ ၂၀၂၃)

အဆိုးရွားဆုံးရေကြီးမှုကြုံနေရတဲ့ ပဲခူးမြို့ရဲ့ နေရာအချို့မှာ ရေပြန်ကျသွားပေမယ့် ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေရတုန်းလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဘေးဒုက္ခသည်တွေဟာလည်း နေရပ်မပြန်နိုင်သေးဘဲ ကယ်ဆယ်ရေး စခန်းတွေမှာ ဆက်လက်ခိုလှုံနေရပါတယ်။ ပဲခူးမြို့ ရေကြီးမှု နောက်ဆက်တွဲ အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုကြုံနေရတဲ့ ပဲခူးမြို့မှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းကစလို့ မြို့ပေါ်အဓိက လမ်းမကြီးတွေမှာ ရေပြန်ကျသွားတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ရေအနည်းငယ် ပြန်ကျသွားပေမဲ့ အချို့ရပ်ကွက်တွေက နေရာ အတော်များများမှာ ရေနစ်မြုပ်နေဆဲ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးကိုတော့ ဆက်လုပ်နေရဆဲပဲလို့ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ပဲခူးတိုင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရေက ၃ ပေ လောက်တော့ ကျသွားပြီ။ ဒီအခြေအနေမှာတော့ ပဲခူးချောင်းရဲ့ အရှေ့ဘက်ခြမ်းမှာတော့ နည်းနည်းပါးပါးပဲ ကျန်တော့တယ်ပေါ့။ ချောင်းအနောက်ဖက်ခြမ်းမှာတော့ နည်းနည်းများသေးတာပေါ့။ ဘယ်ရပ်ကွက်ဖြစ်မလဲဆိုတော့ ဇိုင်းဂနိုင်းမြောက်ပိုင်း ဇိုင်းဂနိုင်းတောင်ပိုင်း ကျွန်းသာယာ ကလျာဏီ အဲ့အရှေ့ပိုင်းတွေက ရေရှိသေးတယ်။ ရေနည်းနည်းများသေးတယ်။ ပိတ်မိနေတယ် ဆိုတာကတော့ ဒါက စကားအဖြစ်ပြောနေတာပါ။ ပဲခူးတိုင်းမှာရှိတဲ့ သန္ဓေအရံတပ်ဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ကျွန်တော်တို့ တမြို့လုံး ဖြန့်ကျက်ပြီး အကုန်ဆွဲထုတ်နေတာပဲ။ ကျွန်တော်တို့မီးသတ်တပ်ဖွဲ့ဝင် အင်အားတင်ပဲ ၃၀၀ လောက်နဲ့ လုပ်နေတာ။ ပိတ်မိတယ် အော်နေပေမယ့် သူတို့တွေက အထပ်မြင့်အိမ်တွေလေ။ ရေတက်လာမှ ကြောက်ပြီးတော့ ထွက်ချင်တယ် ထွက်ချင်တယ် အော်နေတာ။”

အခုချိန်မှာ ပဲခူးမြို့ပေါ်မှာ ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ၄၁ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၁၉၀၀၀ ကျော် ခိုလှုံနေရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒါဟာ ရေဘေးကယ်ဆယ်ရေး စခန်းတွေကို လာရောက်တဲ့ စာရင်းသာဖြစ်ပြီး အထပ်မြင့် အဆောက်အဦးတွေမှာ နေထိုင်သူတွေကတော့ ကယ်ဆယ်ရေး စခန်းတွေကို မသွားရောက်ဘဲ နေအိမ် အပေါ်ထပ်မှာပြောင်းရွှေ့နေထိုင်ကြတာကြောင့် ရေဘေးသင့်သူက ၂ သောင်းထက်မနည်း ရှိတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ရေကျသွားတာ တွေ့နေရပေမယ့် အချို့နေရာတွေမှာတော့ ရေစီးသန်ပြီး ရေမကျသေးတဲ့အတွက် ရေဘေးကယ်ဆယ်ရေး စခန်းတွေကို လာရောက်ခိုလှုံ နေကြတာ ဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေး စခန်းတွေမှာရောက်နေသူတွေကတော့ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေရှိတဲ့အတွက် အဆင်ပြေနေပေမယ့် စခန်းတွေကို မလာပဲ နေသူတွေကတော့ စားဝတ်နေရေး ခက်ခဲနေတုန်းလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“မပြန်ကြသေးဘူး။ လာနေကြတုန်းပါပဲ။ ကားလမ်းပေါ်မှာ နည်းနည်းလောက်ကျတဲ့ အရိပ်အယောင်လောက်ပဲရှိတာ။ နည်းနည်း အနိမ့်ပိုင်းတွေ အိမ်တွေမှာဆိုရင် ရေကရှိသေးတယ်။ တချို့နေရာတွေမှာ ရေကျသွားပေမဲ့ ရေစီးတအားသန်နေလားမသိဘူး ကယ်ခိုင်းနေတဲ့သူတွေရှိနေတုန်းပဲ။ ကျတယ်ဆိုပေမဲ့ အိမ်တွေအောက်မှာက ရင်စို့လောက်ထိရှိနေတုန်းပဲ။ ခြံတွေထဲမှာ။ ရေရှည်ကြတော့ စားဝတ်နေရေး အဆင်မပြေတော့ဘူး။ စားဝတ်နေရေးက အဓိက ဖြစ်နေတာပေါ့။ ကယ်လို့ရသလောက်လူတွေက ကယ်ဆယ်ရေးတွေ ရောက်ကုန်ပြီလေ။ ရောက်ကုန်ပြီဆိုတော့ အနယ်နယ် အရပ်ရပ်ကလည်း လာလှုပေးနေပါတယ်။ ပဲခူးနယ်ခံတွေလည်းလှူကြ အခြားနယ်တွေ ရန်ကုန် မန္တလေး ဘက်တွေကလည်း လာလှူပေးနေကြတယ်။ စားဝတ်နေရေးကတော့ မကျပ်တည်းတော့ဘူးပေါ့နော်။ ဒါပေမယ့် အိမ်တွေမှာ နေတဲ့သူတွေက ဘာမှ မစားရဘူးဖြစ်နေလို့။”

မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတဲ့အတွက် ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရေနစ်မြုပ်သွားတာဖြစ်ပြီး အဆိုးရွားဆုံးရေကြီးမှုနဲ့ ကြုံနေရတာလည်းဖြစ်ပါတယ်။ အစပိုင်းမှာ ကယ်ဆယ်ရေး စခန်း ၂၀ ကျော်ဖွင့်လှစ်ထားပြီး နောက်ပိုင်းမှာ ရေဘေးရှောင်ဦးရေ များလာတဲ့အတွက် ကယ်ဆယ်ရေး စခန်း ၄၁ ခုအထိ တိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း လူကယ်ပြန်စာရင်းတွေအရ သိရပါတယ်။

အလားတူပဲ ရန်ကုန်တိုင်း လှည်းကူးမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး ငမိုးရိပ်ချောင်း ရေမြင့်တက်လာတဲ့အတွက် နေအိမ်တွေထဲ ရေတွေဝင်ရောက်နေပြီး ရေဘေးသင့်ပြည်သူ ၁၂၀၀ ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG