သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရေကြီးမှု မြို့ ၈၀ % ရေမြုပ် အနည်းဆုံး ၁ ဦးသေဆုံး


ပဲခူးမြို့ရေကြီးနေတာကို ဝေဟင်က ဒရုန်းဖြင့်ရိုက်ကူးထားပုံ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ပဲခူးမြို့ရေကြီးနေတာကို ဝေဟင်က ဒရုန်းဖြင့်ရိုက်ကူးထားပုံ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတဲ့အတွက် ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရေနစ်မြုပ်နေသလို ဒေသခံ ၅ ထောင်ထက်မနည်းလည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ဒါ့အပြင် ရေနစ်သေဆုံးမှု လည်းရှိသလို ကယ်ဆယ်ရေးအတွက် လှေမလုံလောက်တာတွေလည်း ကြုံနေရတာပါ။ ပဲခူးမြို့ရေနစ်မြုပ်မှု နောက်ဆုံး အခြေအနေကို ကိုဝင်းခန့်မောင်က ပြောပြပါမယ်။

အောက်တိုဘာ ၇ ရက် ညပိုင်းကစလို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ပဲခူးမြစ်ရေ တက်လာတဲ့အတွက် ပဲခူးမြို့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြုံလာရသလို တမြို့လုံး အတိုင်းအတာနဲ့ ရေဘေးကြုံတွေနေရတာပါ။ အရင်က အနိမ့်ပိုင်း ရပ်ကွက်တွေသာ ရေဝင်ရောက်ပေမယ့် အခုအခါမှာတော့ မြို့ရဲ့ အဓိက လမ်းမကြီးတွေအထိ ရေတွေ ဝင်ရောက်လာတဲ့အတွက် မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရေနစ်မြုပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရေဘေးကယ်ဆယ်ရေး စခန်းတွေကို မြို့ရဲ့ နေရာ တော်တော်များများမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး လူ ၅ ထောင်လောက် လာရောက် ခိုလှုံနေရသလို အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးက အခုလို ပြောပါတယ်။

“(ကယ်ဆယ်ရေးစခန်းမှာ) ၅၀၀၀ ကျော်လောက်ရှိနိုင်တယ်။ ဘာလို့လည်းဆိုတော့ အမှတ် (၄) အထက ကျောင်းရှိတယ်။ အဲ့ အထက ကျောင်းမှာ အခု ရေဘေးဒုက္ခသည် အားလုံးပေါင်း ၅၀၀ လောက်ရှိတယ်။ တကျောင်းထဲမှာတောင် တနေရာတည်းမှာတောင် ၅ ရာလောက်ရှိတယ်ဆိုတော့ ဒီလို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းပေါင်းက ၅ ကျောင်း ၆ ကျောင်းလောက်ရှိတယ်လေ။ ပျှမ်းမျှက ၄၀၀၀နဲ့ ၅၀၀၀ ကြားက ကျောင်းတွေ ခိုလှုံရာ နေရာတွေမှာ ရောက်နေကြပြီ အကုန်လုံးတော်တော်များများကတော့။ ပဲခူးတမြို့လုံး ၈၀ ရာခိုင်နှုန်းက ရေမြုပ်သွားတာ ဖြစ်တဲ့အတွက် နောက်ဆုံး ဈေးဝယ်ဖို့ကအစ အခက်အခဲရှိသွားပြီ။ ဈေးသည်တွေကအစ ဒုက္ခရောက်နေတဲ့အတွက် ပိုက်ဆံရှိရင်တောင် ဝယ်စားလို့မရတဲ့ အခြေအနေဖြစ်တယ်။ စားရေးသောက်ရေးက အခက်အခဲကဖြစ်နေတယ် သူတို့အတွက်။”

ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရသူတွေအပြင်၊ ၂ ထပ်အိမ် နဲ့ နေထိုင်သူတွေကလည်း ရေဘေး ကယ်ဆယ်ရေး စခန်းတွေကို မသွားပဲ သူတို့နေအိမ် အပေါ်ထပ်တွေမှာ နေထိုင်ကြပေမယ့် ဒုက္ခကြုံနေရတာကြောင့် အခုဆို ပဲခူးမှာ ရေဘေးသင့်ပြည်သူက သောင်းကျော်ရှိနိုင်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ပြည်တွင်းသတင်းဌာနတွေမှာတော့ ရေဘေးရှောင်ဦးရေ ၅၆၀၀ ကျော်ရှိပြီး ကယ်ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ပဲခူးမြို့အတွင်းက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)
ပဲခူးမြို့အတွင်းက ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေတဲ့ ရေဘေးဒုက္ခသည်များ (အောက်တိုဘာ ၁၀၊ ၂၀၂၃)

နှစ်ပေါင်း ၆၀ ကျော်အတွင်း မကြုံစဖူး အဆိုးရွားဆုံး ရေကြီးတာဖြစ်တဲ့အတွက် ကယ်ဆယ်ရေး၊ သွားရေး လာရေးအတွက် လှေမလုံလောက်တာတွေ ကြုံတွေ့နေရပါတယ်။ ဒ့ါအပြင် အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ ဆိုရှယ်လစ် ၁၄ လမ်းမှာ ရေနစ်နေတဲ့ ရုပ်အလောင်း ၁ လောင်း တွေ့ရှိရတယ်လို့ ဝန်ရံမှူး လူမှုကူညီကယ်ဆယ်ရေး အသင်းဥက္ကဌ ကိုထွန်းမြတ်ညွန့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့မှာ အခက်အခဲကတော့ လှေပေါ့ဗျာ။ လှေကစက်တပ်ထားတာကို လက်ကလည်း လှော်ဖို့ အဆင်မပြေတော့ လှေနိုင်နိုင်နင်းနင်းရှိရင် အားလုံးပိုပြီး အဆင်ပြေသွားလိမ့်မယ်ခင်ဗျ။ ထမင်းထုပ်ဝေဖို့ကြတော့လည်း လှေကမလောက် လူတွေအသွားအလာကို ကူညီဖို့ကြတော့လည်း လှေကမလောက် ဆိုတော့ နှောင့်နှေးတယ်ပဲပြောရမှာပေါ့။ လူသေဆုံးမှုက မနက်က ဘော်ဒီတလောင်းတွေ့လို့ သယ်ပြီးပို့လိုက်တယ်။ ရေနစ်လို့သေတယ်ပဲပြောရမယ်ထင်တယ်။ ကျွန်တော်တို့တွေ့တဲ့အချိန်မှာ သူမပုတ်သေးဘူးဆိုတဲ့အခါကျတော့ သူဘယ်လိုပုံစံနဲ့ရေနစ်သွားလဲ ဘယ်လိုလာတင်နေလဲဆိုတာ ကျွန်တော်တို့လည်း မခန့်မှန်းတတ်ဘူး။”

မိုးရွာသွန်းပြီး မြစ်ရေတက်လာတဲ့အတွက် ကားလမ်းနဲ့ ရထားလမ်း ရေကျော်သွားပြီး လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားကာ တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။ ပဲခူးမြို့တွင်းကနေ ဖြတ်သန်းသွားတဲ့ လမ်းပိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ မပြတ်တောက်စေဖို့ အမြန်လမ်းကို ခေတ္တအသုံးခွင့်ပြုထားပါတယ်။

လက်ရှိအချိန်မှာ မီးသတ်တပ်ဖွဲ့အပြင် ပရဟိတ အသင်းတွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး ရေလက်မ အနည်းငယ် ကျသွားတာရှိပေမယ့် ပဲခူးမြစ်ရေဟာစိုးရိမ်ရေအမှတ်အထက်မှာ ရှိနေသေးတယ်လို့ အနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG