သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ မြဝတီ-ကော့ကရိတ်လမ်းမှာ ကုန်စည်စီးဆင်းမှု အခက်ကြုံ


မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ မြဝတီ-ကော့ကရိတ်လမ်း ဘေလီတံတားသစ်ကျဉ်းမြောင်းလို့ ကားတွေပိတ် ကုန်စည်စီးဆင်းမှု အခက်ကြုံ (သြဂုတ် ၃၀၊ ၂၀၂၃)
မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ မြဝတီ-ကော့ကရိတ်လမ်း ဘေလီတံတားသစ်ကျဉ်းမြောင်းလို့ ကားတွေပိတ် ကုန်စည်စီးဆင်းမှု အခက်ကြုံ (သြဂုတ် ၃၀၊ ၂၀၂၃)

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးမှာပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် တည်ဆောက်ထားတဲ့ ဘေလီတံတားက တံတားအကျယ်ကျဉ်းမြောင်းတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၃၀ ရက်မှာ ကားရာနှင့်ချီပြီး ပိတ်ဆို့မှုဖြစ်ပေါ်နေပါတယ်။ လမ်းပိတ်ဆို့မှုတွေကြောင့် ဒီရက်ပိုင်းအတွင်းမှာ ကုန်ကားကြီးတွေ ရက်နဲ့ချီစောင့်ရတာတွေလည်းရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီ ကော့ကရိတ်အာရှလမ်းပိုင်း တောနော်ရေတံခွန်အနီးမှာ ပြီးခဲ့တဲ့ဩဂုတ်လ ၇ ရက်နေ့က ရေကြီး မြေပြိုရာက ကတ္တရာလမ်းပိုင်းတချို့ ပြိုကျ ပျက်စီးသွားပါတယ်။ ဒီနောက် ဘေလီတံတားထိုးပြီး ကားတွေ သွားလာလို့ ရအောင် ပြင်ဆင်ခဲ့ပေမဲ့ ဘေလီတံတားက တံတားအကျယ် ကျဉ်းမြောင်းတဲ့အတွက် ကားတွေရာနဲ့ချီပိတ်ဆို့နေပြီး သွားလာမှုကြန့်ကြာနေသလို ကုန်စည်စီးဆင်းတာတွေလည်း အခက်အခဲဖြစ်နေကြောင်း ကုန်သည်တဦးကပြောပြပါတယ်။

"တလှည့်စီလွှတ်ပေးနေတယ် ဟိုဘက်တခါလွှတ် ဒီဘက်တခါလွှတ်ဆိုတော့ ကားတွေကများတော့ပိတ်မိတယ် ကားလမ်းကြောင်းရှင်းတာလည်းအတော်ကြာတယ်၊ ကျနော်တို့ဆို မြ၀တီကနေ ၇နာရီခွဲထွက်လာတာ နေ့လည် ၂ နာရီကျော်မှာ တောင်ပေါ်လမ်းကလွှတ်ပေးတယ်၊ အတော်ပိတ်နေတယ် ကားတွေကအများကြီးပဲ ခရီးသွားရတာ နှောင့်နှေးတာပေါ့ မိုးရွာရင်လည်းရွာလို့ နေပူရင်လည်းနေပူထဲမှာပေါ့ မိုးရွာရင်လည်းကားပေါ်ကဆင်းမရဘူး ဒုက္ခတော့အတော်ရောက်တာပေါ့ ခရီးသည်တွေကတော့"

လမ်းမှာပိတ်မိနေတာကြောင့် လူနာတွေကိုပို့ဆောင်နေတာတွေ အခက်အခဲဖြစ်ကြောင်း မြ၀တီမြို့က ပရဟိအဖွဲ့ဝင်တဦးကလည်း ပြောပြပါတယ်။

"ကားကြီးတွေ သွားလို့ရတယ် ဒါပေမယ့် ဖြေးဖြေးပဲသွားလို့ရတယ် ၊ဖြေးဖြေးသွားတော့ ကားကြီးကော ကားလေးကော ပြုံပြီးတိုးတော့ ရပ်ကုန်တာပေါ့၊ ရာနဲ့ချီ ပိတ်ဆို့နေတယ် ၊ကားကြီးတွေဆို ကြာတာပေ့ါ ကားလေးတွေဆိုရင်တော့သိပါမကြာဘူး အခုက ၂ ရက်လောက် ရက်နဲ့ချီပြီးကြာသွားတာပေါ့ အာရှလမ်း ကော့ကရိတ်နဲ့ မြ၀တီလမ်းပဲ ပိတ်နေတာ ကျနော်တို့ နေ့လည် ၁ နာရီကတည်းက တက်လာတာ အခု ၄ နာရီခွဲပြီ အလယ်ကျော်ကျော်ပဲရောက်သေးတယ်။​ ကျနော်တို့ လူနာတွေဆို အခက်အခဲဖြစ်တာပေါ့ အဆင်မပြေဘူးပေါ့ လူနာနဲ့ဆိုရင် အရင်ကဆိုရင် ဒီလမ်းပိတ်ရင် ကျနော်တို့က လမ်းဟောင်းကသွားတယ် အခုလမ်းဟောင်းကလည်း ပိတ်ထားတယ် ပေးမသွားဘူးလေ"

အဲဒီအာရှလမ်းတလျှောက်မှာကော လမ်းဟောင်းမှာပါ ခရီးသည်တင်ကားတွေ ကုန်ကားတွေကို အခကြေးငွေ ကောက်ခံနေတဲ့ဂိတ်ပေါင်း ၃၀ လောက်ရှိပြီး လိုချင်တဲ့ငွေကြေးကိုတောင်းခံနေတာကြောင့် ကားခတွေလည်း စျေးတက်ကာ ခရီးသည်တွေအနေနဲ့ ကားခတွေကို အရင်ကထက် ပိုပေးပြီးသွာလာနေရတယ်လို့ ခရီးသွားတွေကလည်းပြောပါတယ်။

အခုလို လမ်းအခြေအနေကြောင့် ကြန့်ကြာတာအပြင် ကုန်ကားတွေ ခရီးသည်တင်ကားတွေကို စစ်တပ်ရဲ့ နယ်ခြားစောင့်တပ် PDF တပ်တွေက ငွေကောက်ခံတာတွေရှိနေတာကြောင့် ဂိတ်ကြေးပေးပြီးမှ ကားတွေသွားလာခွင့်ရတယ်လို့ပြောကြပါတယ်။ တချို့ဂိတ်တွေဆိုရင် ဂိတ်ကြေး ၅၀၀၀ကျပ်မပေးရင် ကားတွေကို လမ်းဘေးထိုးရပ်ခိုင်းတာတွေလည်းလုပ်ခဲ့တယ်လို့ဆိုပါတယ်။

PDF တပ်တွေစောင့်တဲ့ ဂိတ်တွေကတော့ စေတနာရှိသလောက်ပေးသွားပါလို့ ပြောကြတယ်လို့လည်း ခရီးသွားတွေကပြောပါတယ်။ ဂိတ်တခုနဲ့တခုကလည်းဓါတ်မီးတိုင် တတိုင်ခြားစီလောက်ပဲရှိပြိး ငွေကြေးတောင်းခံနေတာကြောင့် ကားသမားတွေကလည်း ဂိတ်ကြေး ပေးရတာကို ညည်းတွားနေကြပါတယ်။ ဒီလမ်းတွေမှာလည်း မကြာခဏ တိုက်ပွဲတွေရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ရက်နေတုန်းကလည်း ခရီးသွားကားတစီးပစ်ခတ်ခံရတာကြောင့် ခရီးသည် ၄ ဦးဒဏ်ရာရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG