သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-ကော့ကရိတ်ကြားက အာရှလမ်းသစ် ပြန်ဖွင့်


မြဝတီ-ကော့ကရိတ်ကြားက အာရှလမ်းသစ် အချိန်ပိုင်းပြန်ဖွင့် (သြဂုတ် ၂၅၊ ၂၀၂၃)

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် တောနော်ရေတံခွန်အနီး မြေပြိုကျလို့ ပိတ်ထားရတဲ့လမ်းကို သံတံတား (ဘေလီတံတား) ခင်းပြီး ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်ပါပြီ။ ကုန်ကားငယ်နဲ့ ခရီးသည်တင်ကားတွေ ပြန်လည် သွားလာခွင့် ပြုပေမဲ့ အချိန်ပိုင်း ကန့်သတ်ချက်နဲ့သာ လမ်းဖွင့်ပေးထားပြီး ကုန်ကားကြီးတွေလည်း သွားလာလို့ မရသေးတာကြောင့် အခက်အခဲတွေကတော့ ရှိနေသေးတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မှာ ဒီလအစောပိုင်းက မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီး မြေပြိုတာတွေကြောင့် မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ ကတ္တရာလမ်းပိုင်းတချို့ ပြိုကျ ပျက်စီးသွားခဲ့တာပါ။ မြေပြိုကျတဲ့နေရာမှာ လမ်းမတခုလုံး ပျက်ထွက်သွားတဲ့အတွက် ခရီးသည်တင် ကားတွေရော၊ ကုန်ကားတွေပါ အသွားအလာတွေ ရပ်တန့်ထားရတာ သြဂုတ်လ ၇ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

အခု ဒီလမ်းကို သံတံတား ပြန်လည် ပြင်ဆင်ခင်းပြီး ကားတွေ သွားလာလို့ရအောင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ဆောင်ရွက်ခဲ့ပြီး ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကားကြီးတွေ သွားလာလို့တော့ အဆင်မပြေသေးတဲ့အကြောင်း ကုန်သည်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"ဟုတ်တယ်။ ဖွင့်တာတော့ ဖွင့်တယ်။ ကားကြီးတွေက သွားလာလို့ မရဘူး။ လမ်းက မြေပျော့တော့ ကားကြီးတွေက သွားလာလို့ မရဘူးလေ။ အဓိကတော့ ကားကြီးတွေ သွားလာဖို့ လမ်းကို လုပ်တာလေ။"

ဒီလမ်းကို ဘေလီတံတား ထိုးဖို့ သြဂုတ်လ ၁၀ ရက်နေ့က စတင် လုပ်ဆောင်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့မှာ ကားတွေ သွားလာဖို့ ပြန်လည် ဖွင့်လှစ်လိုက်တာပါ။ လမ်းပြန်ဖွင့်လိုက်ပြီဆိုပေမဲ့ အချိန်နဲ့သာ ပေးသွားတာဖြစ်လို့ အရေးပေါ် လူနာတွေ ပို့ဆောင်ရတဲ့အခါ အခက်အခဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံ ပရဟိတအဖွဲ့က တာဝန်ရှိသူတဦးက ပြောပြပါတယ်။

"လုပ်ငန်းခွင် ရပ်နားတဲ့ ခဏတဖြုတ် အချိန်မှာ ပေးသွားတယ်။ မနက်စောစော တကြောရယ်၊ နေ့လည် တကြောရယ်။ ညနေ တကြောရယ်။ ပေးသွားတာပေါ့နော်။ အခု ကျနော်တို့ လူနာတင်ကားတွေက အဲဒီလိုပဲ သွားနေရတယ်။ အချိန်ကိုက်ပြီး သွားလာနေရတယ်။ လူနာမပါရင်တော့ ကိစ္စမရှိဘူး။ လူနာပါတော့ ကျနော်တို့က သူတို့စောင့်ခိုင်းတဲ့ အချိန်ကိုစောင့်ပြီးမှ သွားလို့ရပါတယ်။ လူနာပါတော့ လူနာက ကိုယ်ခန္ဓာက အပူတက် သွားတာရှိတယ်။ ရေပတ်တိုက် ပေးရတာရှိတယ်။ စောင့်နေရတဲ့ အချိန်မှာ အခက်အခဲတွေ ရှိနေတာပေါ့နော်။"

ကုန်တင်ကားကြီးတွေကတော့ သွားလာခွင့်မရသေးဘဲ စောင့်နေရဆဲပဲလို့လည်း ပြောပါတယ်။ ဒါ့အပြင် လမ်းပြင်ထားတဲ့ နေရာကလည်း မြေကြီးတွေ အသားမကျသေးတဲ့ အတွက် ကားတွေ သွားလာလိုက်၊ လမ်းကို ပြန် ပြင်လိုက် လုပ်နေရတယ်လို့လည်း ကိုယ်တိုင် တွေ့ခဲ့ရသူ တဦးက ပြောပြပါတယ်။

"ကားကြီးတွေကတော့ လုံးလုံး ပေးမသွားသေးဘူး။ ကားကြီးတွေ တောင်ပေါ်မှာ စောင့်နေတာတွေကို တွေ့နေရတယ်။ ကားကြီးသွားရင်တော့ မြေတွေက နှိမ့်နိုင်တယ်။ အဲဒီတော့ ယန္တရားတွေနဲ့ ပြင်ရတာတွေလည်း ရှိတယ်။ အဲဒီတော့ ပြန်ပြင်ရတာတွေလည်း ရှိတယ်။ မြေကြီးတွေက အသားမကျသေးဘူးလေ။"

ဒီ အာရှလမ်းမကြီးဟာ ထိုင်း - မြန်မာ ကုန်စည် သယ်ယူ ပို့ဆောင်မှုတွေမှာ အရေးပါတဲ့ အဓိက လမ်းကြောင်းတခု ဖြစ်ပြီး ကုန်တင်ယာဉ်တွေ နေ့စဉ် သွားလာနေကြသလို၊ ထိုင်းဘက်ကို အလည်အပတ်လာတဲ့ အိမ်စီးကားတွေလည်း နေ့စဉ်ဆိုသလို ရှိနေတာပါ။ ဒီလမ်း ပြိုကျ ပျက်စီးသွားတဲ့အတွက် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာပြီး ကုန်ပစ္စည်းတွေ အဆမတန် ထိုးတက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မြဝတီ-ကော့ကရိတ်ကြားက အာရှလမ်းသစ် ပြန်ဖွင့်
please wait

No media source currently available

0:00 0:02:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG